အားကစား

ဝါးလုံးခေါင်းထဲ လသာရုံနဲ့ မဖြစ်တော့ပြီ

This article has been converted from Zawgyi One to Unicode

မလေးရှားနိုင်ငံတွင် ၄ နိုင်ငံ ဖိတ်ခေါ်ဖလား၊ မာဒေးကား ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိသည်။ မာဒေးကား ဖိတ်ခေါ် ပြိုင်ပွဲ တွင် အသက် ၂၃ နှစ်နှင့်အောက် အသင်း ၃ သင်းနှင့် ကလပ် ညွန့်ပေါင်း အသင်း ၁ သင်းတို့ ပါဝင်ယှဉ်ပြိုင်လျက် ရှိရာ မြန်မာ ယူ ၂၃ လက်ရွေးစင်အသင်းလည်း ပါဝင်ယှဉ်ပြိုင်လျက် ရှိသည်။ ထိုင်းကလပ် ညွန့်ပေါင်းအသင်းနှင့် စတင်ကစားရ သည်။ တဂိုးစီ သရေကျသည်။ ဒုတိယပွဲ အိမ်ရှင် မလေးရှားအသင်းနှင့် ကစားရသည်။ တဂိုး စတင်သွင်းပြီးမှ ဒုတိယပိုင်း ၄၅ မိနစ်တွင် ၂ ဂိုးပြန်သွင်းခံပြီး ၁း၂ ဂိုးဖြင့် ရှုံးသည်။ တတိယပွဲတွင် စင်္ကာပူကို မြန်မာက ၂ ဂိုးပြတ်ဖြင့် နိုင်သည်။

မာဒေးကား ဖိတ်ခေါ်ပြိုင်ပွဲကို ဆီးဂိမ်း အကြိုပြင်ဆင်သည့် အနေဖြင့် ခြေစမ်းကစားခြင်းသာ ဖြစ်သည်ဟု မြန်မာလက်ရွေးစင် ဘောလုံးအသင်း နည်းပြဆရာ တောင်ကိုရီးယားနိုင်ငံသာ မစ္စတာ ပတ်ဆောင်ဟွာကတော့ ပွဲမပြိုင်ခင်က ကြိုတင်၍ မီဒီယာသမားများကို ပြောခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အားကစားလောက၌ ခေတ်စားနေသည့် ဖြစ်စဉ်တခု ရှိနေသည်။ ယင်းမှာ ပြည်ပနိုင်ငံများသို့ ထွက်၍ အိမ်ရှင်အသင်းများဖြင့် ပူးတွဲလေ့ကျင့်သည့် ဖြစ်စဉ်ပင် ဖြစ်သည်။ ယခင် မြန်မာ အားကစား အထူးသဖြင့် ဘောလုံးကစားနည်း အာရှတွင် ရွှေရောင်ခေတ် တခေတ် ရှိခဲ့စဉ်ကမူ မည့်သည့်အားကစားနည်းမှ ပြည်ပထွက်၍ လေ့ကျင့်သည်ဟု မရှိခဲ့ပါ။ ချစ်ကြည်ရေး မိတ်ဆက် ခရီးစဉ်များသာ သွားခဲ့ဖူးကြပါသည်။ ထိုစဉ်ကလည်း တရုတ် ဂျပန် ကိုရီးယား စသည့် နိုင်ငံတို့မှာ မြန်မာအားကစားနှင့် တန်းတူ ရည်တူသာ ရှိခဲ့ကြသည်။ မြန်မာနိုင်ငံထက် သာလွန် ကောင်းမွန်ခြင်း မရှိခဲ့ကြပါ။

ယခင်ကမူ ဘောလုံး အားကစားနည်းသာမက လက်ဝှေ့၊ အလေးမ၊ ရေကူး၊ ပြေးခုန်ပစ် စသည့် အားကစားနည်း တို့တွင် အာရှတိုက်တွင် မြန်မာတို့က အောင်မြင်မှုများ ရှိခဲ့သည်။ ကမ္ဘာ့အားကစား အင်အားကြီး နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဆိုဗီယက်ပြည်ထောင်စု၊ အရှေ့နှင့် အနောက် ဂျာမနီ၊ အင်္ဂလန်၊ ယူဂိုဆလာဗ်၊ ချက်ကိုစလိုဗက်ကီးယား၊ ဟန်ဂေရီ၊ အီတလီ စသည့်နိုင်ငံများက မြန်မာပြည် ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ဝင်းတွင် ချစ်ကြည်ရေး သရုပ်ပြ လာရောက်ခဲ့ဖူးကြသည်။ အာရှတိုက်မှ အားကစား အင်အားကြီး နိုင်ငံများ ဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ အိန္ဒိယ၊ အစ္စရေး နိုင်ငံများမှ အထူးသဖြင့် ဘောလုံးအသင်းများကလည်း မြန်မာနိုင်ငံသို့ လာရောက် ယှဉ်ပြိုင်ခဲ့ဖူးကြသည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲများ၊ ကမ္ဘာ့အိုလံပစ် ဘောလုံး ခြေစစ်ပွဲများ၊ အာရှဖလား ခြေစစ်ပွဲများလည်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့ဖူးသည်။ တရုတ်နှင့် အင်ဒိုနီးရှား၊ ထိုင်းနှင့် မြောက်ကိုရီးယားတို့ ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ဝင်းတွင် ကစားသွားကြသည်ကို မှတ်မိသူများ ရှိနေဆဲ ဖြစ်ပါသည်။ ယင်းနိုင်ငံများသည် တရားဝင် သံတမန် အဆက်အသွယ်များ မရှိသဖြင့် ကြားနေနိုင်ငံအဖြစ် မြန်မာနိုင်ငံကို “FIFA”က ရွေးချယ် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၏ အားကစား ဂုဏ်သိက္ခာသည် မည်မျှ မြင့်မားခဲ့သည်ကို ယင်းဖြစ်ရပ်များကို လေ့လာခြင်း အားဖြင့် သိသာနိုင်ပါသည်။ ယခုတော့ အားလုံး သိကြသည့် အတိုင်း အာရှတိုက်တွင်းမှ အိမ်နီးချင်း နိုင်ငံများကိုပင် သွားရောက်ပြီး ပူးတွဲလေ့ကျင့်နေကြရသည်။

ယင်းလမ်းစဉ်ကို ဘောလုံးကလည်း မသွေဖီပါ။ မာဒေးကားပွဲမှ အပြန် ရန်ကုန်တွင် ခဏတဖြုတ်နားကာ အောက်တိုဘာ ၁၅ မှ ၃၁ ရက်အထိ တောင်ကိုရီးယား နိုင်ငံသို့ သွားရောက် လေ့ကျင့်မည်ဟု ဆိုသည်။ ယင်း ၁၆ ရက်တာ ကာလအတွင်း တောင်ကိုရီးယား ကလပ်အသင်းများနှင့် ခြေစမ်းပွဲ ၄ ပွဲ ကစားမည်ဟု ဆိုသည်။ တောင်ကိုရီးယား ခရီးစဉ်ပြီးတော့ နိုဝင်ဘာ ၁ မှ ၁၀ ရက်အထိ ဂျပန်နိုင်ငံသို့ ဆက်သွားပြီး အိုဆာကာ (OSAKA) မြို့တွင် စခန်းချ လေ့ကျင့်ရင်း ခြေစမ်းပွဲများ ကစားမည်ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က စီစဉ်ထားသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။ အဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အရ ရက်ပေါင်း ၂၀ ကျော်အတွင်း ခြေစမ်းပွဲ ၇ ပွဲ ကစားမည့် သဘောပင် ဖြစ်သည်။

တောင်ကိုရီးယားနှင့် ဂျပန်တွင် မြန်မာလက်ရွေးစင် အသင်းသည် လေ့ကျင့်ရက်ထက် ခြေစမ်းပွဲ ကစားမည့်ရက်များက ပိုများနေသည်။ အကယ်၍ လေ့ကျင့်ခြေစမ်းပွဲများ ကစားနေစဉ် အတွင်း မြန်မာယူ ၂၃ လက်ရွေးစင်ဘောလုံးအသင်းမှ ကစားသမား ထိခိုက်နာကျင် ဒဏ်ရာများ ရရှိခဲ့သော် တကယ်ယှဉ်ပြိုင်ရမည့် နေပြည်တော် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ အတွက် မည်သို့ စခန်းသွားကြပါမည်နည်း။ ဘောလုံးကစားနည်းမှာ ပြင်းပြင်းထန်ထန် ထိခိုက်နိုင်သည်။ ခြေစမ်းပွဲများဟု ဆိုကာ လျှော့ကစား၊ ရှောင်ကစား နေကြလျှင်လည်း ခြေစမ်းပွဲ အဓိပ္ပာယ် မရှိနိုင်ပါ။

တောင်ကိုရီးယားနှင့် ဂျပန်ပြည်တွင် ထွေထွေထူးထူး ဘာများ လေ့ကျင့်ကြမည်နည်း။ မာဒေးကားတွင် ထိုင်းနှင့် မလေးရှား အသင်းတို့နှင့် ကစားပြီးသည့်နောက် မြန်မာ ယူ-၂၃ အသင်း၏ ဟာကွက်၊ လစ်ကွက်၊ အားနည်းချက်များကို နည်းပြဆရာများက မတွေ့၊ မမြင်နိုင်ကြပါသလော။

ဆောင်းပါးရှင်ကတော့ ထိုင်းနှင့် မလေးရှား အသင်းတို့နှင့် မြန်မာယူ-၂၃ အသင်းတို့ ကစားပြီးနောက် မြန်မာယူ-၂၃ အသင်း၏ အားနည်းချက်ကို တွေ့ရပါသည်။ အခြားမဟုတ်ပါ။ နည်းပြဆရာ အားနည်းချက် ဖြစ်ပါသည်။ မြန်မာယူ-၂၃ အသင်း၏ နည်းပြအဖွဲ့သည် ပွဲမဝင်ခင် ကြိုတင်လေ့ကျင့်ချိန်တွင် ကောင်း ကောင်း ကောင်းပါလိမ့်မည်။ သို့သော် ပြိုင်ပွဲ ဝင်နေချိန်တွင်မူ လုံး၀ မကောင်းပါ။ ထိုင်း၊ မလေးရှားတို့နှင့် ကစားသည့် ပွဲကို ဆောင်းပါးရေးသူသည် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းကိုသာ ကြည့်ရခြင်း ဖြစ်ပါသည်။ ရုပ်/သံ ပြကွက်ကတော့ ထိုင်းအသင်းနှင့် မလေးအသင်း နည်းပြများသည် တချက်ကလေး မထိုင်ဘဲ၊ မနားဘဲ ကွင်းဘေးမှ ဖြစ်စေ၊ အရန်ဘောလုံးသမားများ ထိုင်သည့်နေရာမှ ဖြစ်စေ သူ့ဘောလုံးသမားမျာကို အော်ဟစ်ညွှန်ကြားနေသည်ကို ရိုက်ပြပါသည်။

မြန်မာ နည်းပြအဖွဲ့ကတော့ တေမိမင်းနှင့် အပြိုင် သတ်မှတ်ထားသည့် နေရာတွင် ထိုင်နေကြပါသည်။ တောင်ကိုရီးယား နည်းပြဆရာ ပတ်ဆောင်ဟွာက ဘာမှ ထ မပြောသည်ကို အဆိုး မဆိုသာပါ။ သူက မြန်မာ စကား မဆိုထားဘိ၊ အင်္ဂလိပ်စကားပင် မပြောတတ်ပါ။ မြန်မာ ဘောလုံးသမားတွေ ကျတော့လည်း ကိုရီးယားစကား မတတ်ကြပါ။ ဒီပြဿနာကို မည်ကဲ့သို့ ဖြေရှင်းမည်နည်း။ ယခုကတည်းက ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အတွက် ကြိုတင်စဉ်းစား အဖြေရှာထား သင့်ပါသည်။

မြန်မာယူ-၂၃ လက်ရွေးစင်အသင်း၏ အထွေထွေ အားနည်းချက်များထဲတွင် Set Plays များ ဖြစ်နေသည့် လက်ပစ်ဘော (Throw-in)၊ ထောင့်ကန်ဘော၊ တိုက်ရိုက်ပြစ်ဒဏ်ဘော (Direct Free Kicks)၊ တဆင့်ကန် ပြစ်ဒဏ်ဘော (Indirect-free kicks)၊ ပင်နယ်လ်တီ (Penalty) ကန်ခြင်းများ မကျွမ်းကျင်ကြခြင်းပင် ဖြစ်သည်။ Set Plays များ အရေးကြီးရခြင်း အကြောင်းရင်း ၄ ချက်ရှိသည်။ Set Plays ကစားရာတွင် –

  1. ဘောသေ ကစားရခြင်း (Dead Ball)
  2. ဖိအားပေးမှု နည်းခြင်း (Lack of Pressure)
  3. တိုက်စစ်သမား အပိုရရှိခြင်း (Extra Attacking Players)
  4. ထပ်တလဲလဲ လေ့ကျင့်နိုင်ခြင်း (Rehearsal)

Set Plays တွင် တိုက်စစ်သာမက ခံစစ်ကစားနည်းလည်း ရှိသည်။ မြန်မာယူ-၂၃ အသင်း မာဒေးကားပြိုင်ပွဲတွင် ထိုင်းအသင်းမှ သွင်းသည့် ဂိုးနှင့် မလေးရှား အသင်းသွင်းသည့် ဂိုး ၂ ဂိုး စလုံးမှာ Set Play မှ တဆင့် ရရှိသွားခြင်း ဖြစ်သည်။ မလေးရှားနှင့် ထိုင်းအသင်းတို့မှ ကစားကွက်ဖြင့် မြန်မာဘက်သို့ ဂိုးသွင်းနိုင်ခြင်း မရှိပါ။ ထိုင်းနှင့် မလေးရှားတို့နှင့် ကစားပြီးသွားခဲ့သည့် ၂ ပွဲစလုံးတွင် မြန်မာယူ-၂၃ လက်ရွေးစင် တိုက်စစ်မှူး ၂ ဦး ဂိုးမသွင်းနိုင်ကြသေးပါ။

မာဒေးကား ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ ယူ -၂၃ လက်ရွေးစင် အသင်းသည် ရှုံးခဲ့သည် ဖြစ်စေ၊ နိုင်ခဲ့သည် ဖြစ်စေ၊ မြန်မာအသင်းအတွက် သင်ခန်းစာများ ရယူနိုင်ခဲ့ကြမည်ဟု ယုံကြည်ရသည်။ မာဒေးကား ပြိုင်ပွဲမှ အတွေ့အကြုံများကို ရယူကာ ရက်ပိုင်းမျှသာ လိုတော့သည့် နေပြည်တော် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် မြန်မာယူ-၂၃ အသင်း အောင်မြင်မှု ရရှိအောင် ကြိုးပမ်းကြလိမ့်မည်ဟု မျှော်လင့်ရသည်။

၁၉၅၉ ခုနှစ်တွင် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ စတင်ကျင်းပရန် ပြင်ဆင်စဉ်က ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ကျင်းပခြင်းဖြင့် ပြိုင်ပွဲဝင် နိုင်ငံအားလုံး အားကစား တိုးတက်မြင့်မား၍ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲ များတွင် အဆင့်မီမီ ဝင်ရောက်ယှဉ်ပြိုင်၍ အောင်မြင်မှုများ ရရှိရေး ဟူသည့် ရည်မှန်းချက်၊ ဦးတည်ချက် ထားရှိခဲ့သည်။ ယင်း ရည်မှန်းချက်အတိုင်း မြန်မာနိုင်ငံက ကျင့်သုံးပြီး၊ ရေကူး၊ ပြေးခုန်ပစ်၊ အလေးမ၊ လက်ဝှေ့၊ ရွက်လှေ၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ဘောလုံး စသည့် အကစားနည်းများသည် အာရှအဆင့် ကမ္ဘာ့အဆင့်သို့ ရောက်ရှိခဲ့သည်။

ယင်း ရည်မှန်းချက် ဦးတည်ချက်မှာ ၁၉၇၇ ခုနှစ် SEAP Games မှ SEA Games သို့ စတင်ပြောင်းရာမှ စကာ တဖြည်းဖြည်း မှေးမှန် ပျောက်ကွယ်သွားခဲ့သည်။ ပြိုင်ပွဲဝင် နိုင်ငံတိုင်းက ဆီးဂိမ်းတည်းဟူသော ဝါးလုံးခေါင်းထဲတွင် လသာ လိုကြသည်။ အာဆီယံနိုင်ငံအချင်းချင်း ပြိုင်ပြီး ရွှေတံဆိပ် များများရရေးကိုသာ ဦးတည်လာကြသည်။ ရွှေတံဆိပ် များများရရေး အတွက် အားကစား မဟုတ်သော ပြိုင်ပွဲများကို ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပခဲ့ကြသည်။ အနောက်တိုင်း အက၊ အနောက်တိုင်း ဖဲကစားနည်း (Bridge) တို့ကိုပင် ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပခဲ့သည်။ တချို့နိုင်ငံများဆိုလျှင် ကိုယ့်နိုင်ငံတွင် လုံး၀ မရှိသော အားကစားနည်းများကိုပင် ထည့်သွင်းကျင်းပလာကြသည်။

ဆီးဂိမ်းတွင် ရွှေတံဆိပ် ၁၀၀၊ ၂၀၀ မက ထောင်နှင့်ချီ၊ တင်းနှင့်ချီ ရစေဦးတော့။ ယင်း ရွှေတံဆိပ်ရသည့် အားကစားနည်းများသည် အာရှ အားကစားပွဲတွင် လည်းကောင်း၊ ကမ္ဘာ့အိုလံပစ် အားကစား ပြိုင်ပွဲတွင် လည်းကောင်း ထည့်သွင်း ကျင်းပခြင်း မရှိလျှင် ဆီးဂိမ်းရွှေရောင် သည် ဝါးလုံးခေါင်းထဲတွင် မလင်းတလင်း ရှိပါလိမ့်မည်။

ဆီးဂိမ်း ပြိုင်ပွဲဝင်မည့် နိုင်ငံ အားလုံးက အာရှအဆင့်၊ ကမ္ဘာ့အဆင့် ဝင်ဆန့်နိုင်ရေးကို စဉ်းစားကြဖို့ အချိန်လွန်နေပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။     ။

Loading