၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် တားမြစ်ဆေး သုံးစွဲမှု စစ်ဆေးရန်နှင့် ကျန်းမာရေး စောင့်ရှောက်ရန် ကျန်းမာရေးဝန်ထမ်း ၁၀၀၀၀ နီးပါးခန့်ကို အသုံးပြုသွားမည် ဖြစ်ကြောင်း ကျန်းမာရေး စောင့်ရှောက်ရေးမှူး ဒေါက်တာမြလေးစိန်၏ ပြောကြားချက်အရ သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာန ကျန်းမာရေး စောင့်ရှောက်မှုများကို နှစ်ပိုင်း ခွဲထားကြောင်း၊ လာရောက်ယှဉ်ပြိုင်မည့် အားကစား သမားများ လေယာဉ်ကွင်းသို့ စတင်ရောက်ရှိသည့် အချိန်မှစ၍ ၂၄ နာရီ စဉ်ဆက်မပြတ် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“ကျန်းမာရေး စောင့်ရှောက်မှုက ပြိုင်ပွဲဝင်တွေကိုပဲ ပေးမှာ မဟုတ်ပါဘူး။ လာကြည့်တဲ့သူတွေ၊ ပွဲကြည့်ပရိသတ်တွေ အတွက်ကိုပါ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးမှာပါ။ ပွဲကြည့်စင်တွေ နားမှာ အရေးပေါ် ကယ်ဆယ်ရေး အတွက် စောင့်ရှောက်တဲ့ အဖွဲ့တဖွဲ့ကို ထားရှိပါမယ်။ အရေးပေါ် ဆောင်ရွက်နိုင်ဖို့ အတွက်လည်း ကျန်းမာရေး ဝန်ထမ်းတွေကို လေ့ကျင့် သင်ကြားပေးထား ပါတယ်။ လေ့ကျင့် သင်ကြားရေး ပိုင်းကို ဂျပန်နိုင်ငံနဲ့ ကိုရီးယားနိုင်ငံ တို့ကလည်း ကူညီပေးနေ ပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာန အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျန်းမာရေး စောက်ရှောက်ရေးမှူး ဒေါက်တာ မြလေးစိန်က ပြောသည်။
ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့များ အနေဖြင့် မမျှော်လင့်သော အခြေအနေ အတွက် ဆေး အကူညီဖွဲ့၊ ကူးစက်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် စောင့်ကြည့်ရေး စစ်ဆေးအဖွဲ့၊ ပတ်ဝန်းကျင် သန့်ရှင်းရေး ဆောင်ရွက်ရေး အဖွဲ့၊ အစားအစာနှင့် ရေ သန့်ရှင်းရေး စစ်ဆေးမှုအဖွဲ့၊ လိုအပ်ပါက ကျား/ မ လိင်ခွဲခြား စစ်ဆေးမှု ဆေးအဖွဲ့၊ ရေပြင်အသက်ကယ် အဖွဲ့၊ အရေးပေါ် လေကြောင်း လူနာသယ်ယူရေး အဖွဲ့၊ ခရီးလမ်း တလျှောက် ဆေးကူညီရေး အဖွဲ့၊ တားမြစ်ဆေး စစ်ဆေးရေး အဖွဲ့၊ ပြည်ပမှ အရေးပေါ် ဆေးဝါး စောင့်ရှောက်ရေး ဆေးအဖွဲ့၊ နောက်တန်းမှ ကူညီပေးရေး အဖွဲ့စသည့် အဖွဲ့ ၁၂ ဖွဲ့ကျော်ကို ဖွဲ့စည်း ဆောင်ရွက်သွားရန် စီစဉ်ထားပြီးဖြစ်ကြောင်း သိရသည်။
“အဖွဲ့တွေမှာ သေချာ လေ့ကျင့်ပေးထားတဲ့ ဆရာဝန် ၂ ဦးကနေ ၃ ဦးပါမယ်။ နောက် အဖွဲ့ဝင်တွေ ကလည်း အတွေ့အကြုံ ရှိတဲ့ လူတွေပါ။ သူနာပြုတွေ၊ ကြက်ခြေနီတွေ၊ သေချာလေ့ကျင့်ပေး ထားတဲ့ သူတွေပါတဲ့ အဖွဲ့တွေ ဖွဲ့ထားပါတယ်။ လုံလောက်တဲ့ ဆေးဝါး၊ စက်ကိရိယာ တွေလည်း အပြည့်အဝ ပေးထားမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာမြလေးစိန်က ဆက်ပြောသည်။
တားမြစ်ဆေး သုံးစွဲမှု စစ်ဆေးခြင်းများနှင့် ပတ်သက်၍လည်း ၂၀၁၃ ဇန်နဝါရီလတွင် ထုတ်ပြန်ထားသည့် တားမြစ်ဆေး အမျိုးအမည် အားလုံးကို စစ်ဆေးသွားမည် ဖြစ်ကြောင်း၊ ထိုစစ်ဆေးမှုအတွက် Japan Anti-Doping Agency (JADA) က အကူအညီ ပေးမည်ဖြစ်ကြောင်း သိရသည်။
“တားမြစ်ဆေး စစ်တာက တနှစ်နဲ့ တနှစ် မတူဘူး။ ဒီနှစ်မှာ တားမြစ်ဆေး တားဆီးရေး ဗဟိုအဖွဲ့ (WADA) က ဇန်နဝါရီလမှာ ထုတ်ပြန်ထားတာ အခု ၁၀၀ နီးပါးရှိမယ်၊ အဲဒါ အားလုံးကို စစ်မယ်” ဟု ဒေါက်တာ မြလေးစိန်က ပြောသည်။
အားကစားသမားများ တားမြစ်ဆေးသုံးစွဲမှု ရှိ/ မရှိနှင့် ပတ်သက်၍ အားကစားသမား များ၏ ဆီးကို လည်းကောင်း၊ သွေးကို လည်းကောင်း စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
“အရေးယူတဲ့ အပိုင်းကတော့ အုပ်ချုပ်ရေး ပိုင်းဘက်နဲ့ ပိုဆိုင်ပါတယ်။ တားမြစ်ဆေး တခုခု သုံးစွဲတာ စစ်ဆေးတွေ့ရင် ဆုတံဆိပ် သိမ်းတာ၊ ပြိုင်ပွဲကနေ ချက်ချင်းထုတ်တာ၊ ကစားခွင့် ပိတ်တာ၊ နောက် ရာသက်ပန်ထုတ်တာတွေ လုပ်တယ်။ နောက် နိုင်ငံတော်ကနေ ချမှတ်ထားတဲ့ တားမြစ်ဆေး ဆိုင်ရာ တည်ဆဲ ဥပဒေတွေ အတိုင်းလည်း အရေးယူသွားမှာပါ” ဟု အထက်ပါ ဆရာဝန်က ရှင်းပြသည်။
ကစားသမား များ၊ ပွဲကြည့်လာသူများ အတွက် အရေးပေါ် ကုသမှုများ လိုအပ်လာပါက ဖြစ်ပွားရာ နေရာသို့ အချိန်မီ ရောက်ရှိ ကုသပေးနိုင်ရန် အဆင့်မြင့် လူနာတင်ယာဉ်များ၊ ရဟတ်ယာဉ်များ၊ လေယာဉ်များ စီစဉ်ထားမည် ဖြစ်ပြီး အဆင့်မီ ကျန်းမာရေး စောင့်ရှောက်မှု ကိရိယာများ တပ်ဆင်ထားမည် ဖြစ်ကြောင်း၊ လိုအပ်ပါက နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ပုသိမ် ပြည်သူ့ ဆေးရုံများတွင် တက်ရောက် ကုသနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
တားမြစ်ဆေး စစ်ဆေးမှု အရ ဆေးဝါးသောက်သုံးခြင်း၊ ထိုးသွင်းခြင်း စသည့် အပိုင်း ၂ ပိုင်းကို အဓိကထား စစ်ဆေးမည် ဖြစ်ပြီး စစ်ဆေးမှု အပေါ်တွင် ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် နိုင်ငံတကာ ပညာရှင်များပါ ပါဝင်မည် ဖြစ်ကြောင်းသိရသည်။
“စစ်ဆေးမှု အပိုင်းကို ထိထိရောက်ရောက် လုပ်သွားမှာပါ။ နိုင်ငံတကာ စစ်ဆေးရေး ပညာရှင်တွေ လည်း ပါဝင်စစ်ဆေးမယ်။ နောက် ဂျပန် အကူညီနဲ့ သူတို့ဆီက စစ်ဆေးမှု ဓာတ်ခွဲခန်းတွေအထိ ပါဖို့၊ စစ်ဖို့ လုပ်နေပါတယ်” ဟု ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
Sea Games ပြိုင်ပွဲအတွက် ဆေးရုံကား ၈၀ ခန့်နှင့် အရံကား အစီး ၂၀ ကျော်သုံးစွဲ သွားရန် စီစဉ်ထားကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အနေဖြင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုသိမ် ပြည်သူ့ဆေးရုံ ၄ ရုံ အပြင် ပြိုင်ပွဲအတွင်းနှင့် အားကစား ယှဉ်ပြိုင်ရာ နေရာများတွင်ပါ ရွေ့လျား ဆေးခန်းများ တည်ဆောက်ကာ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
လာမည့် ဒီဇင်ဘာ ၁၁ မှ စတင်ကျင်းပမည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲသည် မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် တတိယ အကြိမ်မြောက် လက်ခံ ကျင်းပသည့် အားကစားပွဲ ဖြစ်သည်။