လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက ဖင်လန်နိုင်ငံ ဟဲလ်စင်ကီးမြို့တွင် ပြေးခုန်ပစ် ပြိုင်ပွဲတပွဲကို ဟဲလ်စင်ကီး အိုလံပစ် အားကစား ပြိုင်ဝင်းကြီးထဲတွင် ကျင်းပခဲ့သည်။ ဖင်လန်နိုင်ငံသည် ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသည့်နောက် ၁၉၅၂ ခုနှစ်တွင် ၁၅ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် အားကစားပွဲတော် ကျင်းပခဲ့သည့် မြို့ဖြစ်သည်။ ယင်းအိုလံပစ် အားကစား ပြိုင်ဝင်းကြီးကို ကံအားလျော်စွာ ၁၉၆၂ ခုနှစ်တွင် ရောက်ခဲ့ဖူးသည်။
အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပသည့် အားကစား ပြိုင်ဝင်းဟု ဆိုသော်လည်း ထည်ထည်ဝါဝါ ခမ်းခမ်းနားနား မရှိလှပါ။ ပြောရလျှင် မြန်မာနိုင်ငံတွင် ရှိသည့် အားကစား ပြိုင်ဝင်းထက် အနည်းငယ်သာ သာဟန်ရှိသည်။ ယင်း အားကစားပြိုင်ဝင်းကို ယခု ၂၀၁၃ ခုနှစ်တွင် ရုပ်မြင်သံကြားမှ တဆင့် ကြည့်ရသောအခါ အထူး အံ့သြသွားမိသည်။ ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်ထားသောကြောင့် မဟုတ်ပါ။ ၁၉၆၂ ခုနှစ်တွင် ရှိခဲ့သည့် အတိုင်း၊ အထူးသဖြင့် ပွဲကြည့်စင်များမှာ မပြောင်းလဲပါ။ ၁၉၅၂ ခုနှစ် ကမ္ဘာ့အိုလံပစ် အားစားပွဲတော် ကျင်းပစဉ်က အတိုင်းပင် ဖြစ်သည်။
၁၉၅၂ ခုနှစ် ဖင်လန် အိုလံပစ် မှတ်တမ်းစာအုပ် စာရေးသူထံတွင် ရှိသည်။ ၁၉၅၂ ခုနှစ်နှင့် ၁၉၆၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အထိ ဟဲလ်စင်ကီး အိုလံပစ် ကျင်းပရာ အားကစားပြိုင်ဝင်းကို ရှေးမူမပျက် ဆက်လက်ထိန်းသိမ်းကြသည်ကို တွေ့ရခြင်းပင် ဖြစ်သည်။ ယင်း ၁၉၆၂ ခုနှစ်ထဲမှာပင် တရုတ်ပြည် ပီကင်းမြို့တွင် ထိုစဉ်က အကောင်းဆုံးဖြစ်သည့် အလုပ်သမား အားကစားပြိုင်ဝင်း၊ မော်စကိုရှိ လီနင်အားကစား ပြိုင်ဝင်းများကိုလည်း ကြည့်ရှုခဲ့ဖူးသည်။ ၁၉၇၀ ပြည့်နှစ်တွင် ထိုင်းအမျိုးသား အားကစား ပြိုင်ဝင်း၊ ၂၀၀၀ ပြည့်နှစ်တွင် ဇင်းမယ်မြို့တည် နန်းတည် နှစ် ၇၀၀ ပြည့်နှစ် အထိမ်းအမှတ် အားကစားပြိုင်ဝင်း၊ ဘန်ကောက်မြို့တွင် အသစ်ဆောက်လုပ်သည့် “ရာဇမင်္ဂလာ” အားကစားပြိုင်ဝင်း၊ ၂၀၁၁ ခုနှစ်တွင် အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့ရှိ နောင်တော်ကြီး အားကစားဝင်း၊ လီပါးစ်ပူးလ် အားကစား ပြိုင်ဝင်းများကို ရောက်ရှိခဲ့ဖူးသည်။
အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာမြို့တော်ရှိ နောင်တော်ကြီး အားကစားပြိုင်ဝင်းမှာ မြန်မာနိုင်ငံနှင့် ပတ်သက်ခဲ့သည့် ရာဇဝင် ရှိသည်။ ၁၉၅၀ ပြည့်နှစ်ကျော်ခန့်က ဖြစ်သည်။ ဆိုဗီယက် ပြည်ထောင်စုက မြန်မာနိုင်ငံကို လက်ဆောင် လေးခု ပေးခဲ့သည်။ တောင်ကြီး စဝ်စံထွန်းဆေးရုံ၊ ရန်ကုန်စက်မှု တက္ကသိုလ် (RIT)၊ အင်းလျားကန် ဟိုတယ်နှင့် အားကစားပြိုင်ဝင်းကြီး တခုဖြစ်သည်။ တက္ကသိုလ်နှင့် ဟိုတယ်တို့ အကောင်အထည် ပေါ်လာသည်။ အားကစားပြိုင်ဝင်းက အကောင်အထည် ပေါ်မလာပါ။ အကြောင်းရင်းကတော့ အားကစားရွာ (Sports Complex) အဖြစ် တည်ဆောက်ရန် မြေနေရာလွတ် ရှာမရခဲ့ပါ။
မြို့မကျောင်းရှေ့ မြင်းပြိုင်ကွင်းဟောင်း နေရာတွင် အားကစားပြိုင်ဝင်း တခု တည်ဆောက်ရန် ဖြစ်ပါသည်။ မြို့မကျောင်း (ယခု ဒဂုံ အထက ၂) ရှေ့ မြင်းပြိုင်ကွင်းဟောင်းမှာ မြန်မာနိုင်ငံတွင် ဘောလုံး ပြိုင်ပွဲ စတင်ကျင်းပသည့် ဘောလုံး သမိုင်း အစဉ်အလာ ရှိသည့် နေရာဖြစ်သည်။ သို့သော် ဆောက်လုပ်ခွင့် မရခဲ့ပါ။
Sports Complex ဆောက်လုပ်ရန်အတွက် မင်္ဂလာတောင်ညွန့် ရပ်ကွက်အတွင်းရှိ သိမ်ဖြူကွင်း အပါအဝင် ဒီဘီလိုင်း (နိုင်ငံခြားသား အဝတ်လျှော်သူများ နေထိုင်ရာ) ကို အားကစားရွာကြီး တည်ဆောက်ဖြစ်ပါက အာရှတိုက်တွင် သာမက ကမ္ဘာ့အကြီးဆုံး Sports Complex များထဲတွင် တခု အပါအဝင် ဖြစ်လာမည် ဖြစ်သည်။ အဓိက တည်ဆောက်မည့် အဆောက်အဦး မှာ ပွဲကြည့် ပရိသတ် ၈ သောင်း ဆန့်မည့် အားကစားပြိုင်ဝင်းကြီး တခု ဖြစ်သည်။ မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ကြည့်မည် ဆိုလျှင် ပရိသတ် ၁ သိန်းခန့် ကြည့်နိုင်မည် ဖြစ်သည်။
ထိုခေတ် ထိုအခါက ကမ္ဘာပေါ်တွင် ပရိသတ် သိန်းကျော် ကြည့်နိုင်မည့် အားကစားကွင်း ဆိုဗီယက်နိုင်ငံမှာ လီနင် အားကစားကွင်းနှင့် ဘရာဇီးနိုင်ငံမှ အားကစားကွင်းတို့ ဖြစ်သည်။
ယင်း အားကစားပြိုင်ဝင်းကြီးသာ မက အားကစားပြိုင်ဝင်း ပွဲကြည့်စင် အောက်တွင် နေပူမရှောင်၊ မိုးရွာမရှောင် တနှစ်ပတ်လုံး လေ့ကျင့်နိုင်မည့် လေ့ကျင့်ရေးရုံ၊ လေ့ကျင့်မည့် နေရာများလည်း ပါဝင်မည် ဖြစ်သည်။ တဖန် လူ ၁ သောင်း ဆံ့မည့် စက်ဘီးပြိုင်ကွင်း “Velodrom” တကွင်း၊ ရေကူးကန်ပြိုင်ပွဲဝင် မီတာ ၅၀ ရှိကန်၊ ရေကူးသင်စကလေးများအတွက် ရေကန် စသဖြင့် ပါဝင်မည် ဖြစ်သည်။
သို့သော် တိုက်နယ် ဖဆပလ ခေါင်းဆောင်များက ကန့်ကွက်ပါသည်။ သူတို့သည် လက်ျာအုပ်စု ဖြစ်သည်။ ကွန်မြူနစ်ဝါဒကို ဆန့်ကျင်ကြသူများ ဖြစ်သည်။ ထိုစဉ်က ကမ္ဘာနီ၏ ခေါင်းဆောင် ဆိုဗီယက် ပြည်ထောင်စုက ပေးသည့် လက်ဆောင်ကို မယူလိုဟု ဆိုကာ ကန့်ကွက်ခြင်း ဖြစ်သည်။ မြန်မာတိုင်းရင်းသား မဟုတ်သည့် အဝတ်လျှော်သူများ အတွက်ဟု ဆိုကာ ငြင်းဆန် ကန့်ကွက်ကြခြင်း ဖြစ်သည်။ နောက်ဆုံးရလဒ်ကတော့ မြန်မာနိုင်ငံမှ ရရှိရမည့် အားကစား ပြိုင်ဝင်းကြီးကို အင်ဒိုနီးရှား နိုင်ငံက လက်ခံရယူခဲ့ကြခြင်း ဖြစ်သည်။
အောင်ဆန်း အားကစား ပြိုင်ဝင်းမှာ ကျွန်ခေတ်မှ ရခဲ့သည့် အမွေပင် ဖြစ်သည်။ ထိုစဉ်က BAA ကွင်းဟု ခေါ်တွင်ကြသည်။ ဘီအေအေ ကွင်းကို လွတ်လပ်ရေး ရရှိပြီး ၁၉၅၃ ခုနှစ်ကျမှ အောင်ဆန်းအားကစား ပြိုင်ဝင်းဟု တရားဝင် အမည်မှည့်ခေါ်ခဲ့ သည်။ ၁၉၅၃ ခုနှစ် တိုင်းနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲ အဖြစ် တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ် အသင်းတို့ မကစားမီ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင်က ဘီအေအေကွင်းမှ အောင်ဆန်း အားကစားပြိုင်ဝင်းဟု ပြောင်းလဲ မှည့်ခေါ်လိုက်သည် ဟု ကြေညာခဲ့သည်။ ၁၉၅၃ ခုနှစ် အောက်တိုဘာ ၁၇ ရက် စနေနေ့ညနေ ၄ နာရီနှင့် ၁၁ မိနစ်တွင် အောင်ဆန်းအားကစား ပြိုင်ဝင်း မွေးဖွား သန့်စင်လာခဲ့ရခြင်း ဖြစ်သည်။ လာမည့် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် အောင်ဆန်းကွင်း အနှစ် ၆၀ ပြည့်ပေတော့မည်။
မန္တလေးမှ ဗထူးအားကစား ပြိုင်ဝင်းမှာလည်း အင်္ဂလိပ် လက်ထက်မှပင် စတင်ခဲ့သည်။ “UBBA” အမည်ဖြင့် ဖြစ်သည်။ လွတ်လပ်ရေး ကာလအတွင်းမှာပင် ယူဘီဘီအေ ဘောလုံးကွင်းကို ဗိုလ်မှူးဗထူးအား ဂုဏ်ပြုသောအားဖြင့် ဗထူးကွင်းဟု အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ မန္တလေးတွင် နိုင်ငံတကာ အဆင့်မီ အားကစားပြိုင်ဝင်းကို ၂၀၁၃ ဆီးဂိမ်းကျမှ စတင်တည်ဆောက် နိုင်သည်။ ယခင်က ဗထူးကွင်းဖြင့်သာ ဘောလုံးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြသည်။
ရန်ကုန်မြို့တော်တွင် အောင်ဆန်း အားကစား ပြိုင်ဝင်း တခုတည်းဖြင့် ၁၉၆၁ နှင့် ၁၉၆၉ ခုနှစ် ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ၂ ပွဲ ကျင်းပခဲ့သည်။ ကျွန်းဆွယ် ပွဲများကြောင့် အောင်ဆန်း အားကစားပြိုင်ဝင်းကို ပြုပြင်ပြောင်းလဲ ဆောက်လုပ်မှုများ ရှိခဲ့သည်။
ယခု သုဝဏ္ဏကွင်းဟု လူသိများနေသော အားကစားပြိုင်ဝင်းမှာ ၁၉၈၀ ပြည့်လွန် နှစ်များ အတွင်း ဂျပန်အစိုးရက ဆောက်လုပ် လှူဒါန်းခြင်း ဖြစ်သည်။ မူလအမည်မှာ “လူငယ်များ လေ့ကျင့်ရေး ဗဟိုဌာန” (Youth Training Centre) ဟူ၍ ဖြစ်သည်။ လူငယ်များ အားကစား လေ့ကျင့်ရန် တည်ဆောက်ပေးထားသော အားကစားပြိုင်ဝင်းဖြစ်သည်။ ကာလ ရွေ့လျား လာသောအခါ လေ့ကျင့်ရေးကွင်းမှ နိုင်ငံတကာ ဘောလုံးပွဲများ အထိ လက်ခံကျင်းပ လက်ခံကျင်းပသည့် အားကစား ပြိုင်ဝင်း အထိသို့ ပြောင်လဲ လာတော့သည်။
၂၀၁၃ ခုနှစ် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၊ ဘောလုံးပွဲများ လက်ခံ ကျင်းပရေး၊ ပြေးခုန်ပစ် ပြိုင်ပွဲများ ကျင်းပရေးနှင့် ဖွင့်ပွဲ ပိတ်ပွဲကျင်းပမည့် ဝဏ္ဏသိဒ္ဓိ အားကစား ပြိုင်ဝင်းနှင့် ဇေယျာသီရိ အားကစား ပြိုင်ဝင်းတို့သည်လည်း မိတ်ဆွေ နိုင်ငံများက အကူအညီပေးသည့် အားကစား ပြိုင်ဝင်းများ ဖြစ်သည်။
၁၉၅၀ – ၅၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှ စကာ လက်ရှိ ပြည်ထောင်စု အားကစားဝန်ကြီး ဌာန အထိ နိုင်ငံတော်က ဆောက်လုပ်ပေးသည့် အားကစား ပြိုင်ဝင်းဟူ၍ မရှိသေးပါ။
အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီမှာ ထိုစဉ်က ကျန်းမာရေး ဝန်ကြီးဌာန လက်အောက်မှ အဖွဲ့အစည်းတခု ဖြစ်သည်။ ကျန်းမာရေး အတွက် ခွင့်ပြုသည့် ဘတ်ဂျက်မှာလည်း ဆေးရုံ၊ ဆေးခန်း၊ ဆေးပစ္စည်းနှင့် ကျန်းမာရေး ဝန်ထမ်းများ အတွက်ပင် မလောက်မင ရှိခဲ့ရာ၊ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီအတွက် ငွေလုံး ငွေရင်း ရင်းနှီးလုပ်ကိုင်ခွင့် မရခဲ့ပါ။ ထိုစဉ်က ငွေဈေးနှုန်းအရ မြန်မာ ကျပ်ငွေ သိန်းပေါင်း ရာထောင်ကုန်မည့် အားကစား ပြိုင်ဝင်း တည်ဆောက်ဖို့ မဆိုထားဘိ၊ ကျပ်သိန်း ၃၀ သာ ကုန်ကျမည့် အားကစားရုံ ၁ ရုံ ဆောက်လုပ်ခွင့်ပင် ခွင့်ပြုချက် မရခဲ့ပါ။ ယခု အမျိုးသား အားကစားရုံ ၁ မှာ တရုတ်နိုင်ငံက လှူဒါန်းခြင်း ဖြစ်သည်။ လှိုင်တက္ကသိုလ်ဝင်း အတွင်းရှိ အမျိုးသား အားကစားရုံ ၂ မှာ အမေရိကန်ပြည်ထောင်စု အစိုးရက လှူဒါန်းခြင်း ဖြစ်သည်။