[irrawaddy_gallery]
နိုင်ငံတနိုင်ငံ၏ အားကစား အဆင့်အတန်း တိုးတက်ခြင်း ရှိ/မရှိ သုံးသပ် အကဲဖြတ်ကြရာ၌ အားကစား ပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခြင်း ရှိ/မရှိ တမျိုးတည်းကိုသာ ကြည့်ရှု အကဲဖြတ် သုံးသပ်လေ့ မရှိကြပါ။ ဆုတံဆိပ်များ ဆွတ်ခူး နိုင်သည့် အားကစား သမားကောင်းများ မွေးထုတ်ပေးရာ ပြည်တွင်း အားကစား ပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပရာ အားကစားရုံ၊ အားကစားပြိုင်ဝင်း၊ စက်ပစ်ကွင်း၊ မြှားပစ်ကွင်း၊ ရေကူးကန်စသည့် အားကစား အထောက်အကူ ပစ္စည်းများ ပြည့်စုံကြွယ်ဝမှု၊ ခေတ်မီ ဆန်းသစ်မှုများနှင့် အတူ အားကစား အထောက်အကူပြု စ္စည်းများကိုပါ ထည့်သွင်း အကဲဖြတ်လေ့ ရှိကြပါသည်။
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော်အတွက် နေပြည်တော်တွင် အသစ် တည်ဆောက်ထားသည့် အားကစားရုံ၊ အားကစားပြိုင်ဝင်းများမှာ တွေ့ရှိသူတိုင်းက အဆင့်အတန်း မြင့်သော၊ နိုင်ငံတကာ အဆင့်ရှိသော အားကစားရုံ၊ အားကစားပြိုင်ဝင်းများ ဖြစ်သည်ဟု အမှန်တကယ် စိတ်ရင်းအတိုင်း ချီးကျူးနေကြပါသည်။
အမှန်တကယ်တော့ မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်ထဲကျမှသာ နိုင်ငံတကာ အဆင့်မီ အားကစားရုံ၊ အားကစားပြိုင်ဝင်း၊ ရေကူးကန် စသည်တို့နှင့် ပြီးပြည့်စုံခြင်း ဖြစ်ပါသည်။ ယခင်ကမူ အောင်ဆန်း အားကစား ပြိုင်ဝင်း တခုသာလျင် နိုင်ငံတကာအဆင့်ဟု ခေါ်နိုင်သည့် အားကစား ပြိုင်ဝင်းကြီး တခုတည်းသာ မြန်မာနိုင်ငံတွင် ရှိနေသည်ကို အံ့သြဖွယ်ရာ တွေ့မြင်ကြရမည် ဖြစ်ပါသည်။ ယခု အောင်ဆန်း အားကစား ပြိုင်ဝင်းဟု ခေါ်တွငနေသည့် ဘီအေအေ ကွင်း၏ သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ ဖြစ်ပါသည်။ ၁၉၀၀ ပြည့်နှစ် မတိုင်မီက စတင်တည်ဆောက်ခဲ့သည့် အားကစားပြိုင်ဝင်း ုဖြစ်သည်။ ကမ္ဘာပေါ်တွင် ရှားမည်ဖြစ်သည့် ဘောလုံးကွင်း အမွှာဖြစ်သည်။ ဘောလုံးကွင်း နှစ်ကွင်းတွဲလျက် ရှိနေခြင်းကို ဆိုလိုရင်း ဖြစ်သည်။ ၁၉၆၁ ခုနှစ် ကျွန်းဆွယ် အားကစားပြိုင်ပွဲ မကျင်းပမီ အထိ ဘီအေအေကွင်းထဲ၌ ဘောလုံးကွင်း နှစ်ကွင်းယှဉ်တွဲ ရှိနေခဲ့သည်။ မီတာ ၄၀၀ ပြေးလမ်းကြောင်း ပါရှိသည့်ကွင်းကို ထိုစဉ်က အနီးကွင်း (NEAR) ဟုခေါ်သည်။ ဘောလုံးကွင်းငယ်ချည်း သက်သက်သာ ပါသောကွင်းကို သံဆူးကြိုး သုံး၊ လေးချောင်း သွယ်တန်းပြီး ခွဲခြားထားသည်။ BAA ခေတ်က ပထမတန်း “First Division” ကို အကြီးတန်း “Senior”၊ အငယ်တန်း “Junior” ဟူ၍ အတန်းနှစ်တန်းခွဲပြီး ကျင်းပသည်။ အကြီးတန်းအသင်းက အနီးကွင်းတွင် ကစားကြရသည်။ အငယ်တန်းအသင်းတို့က အဝေးကွင်းတွင် ကစားကြရသည်။
မြန်မာနိုင်ငံတွင် ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ကျင်းပရန် ရှိလာသော အခါကျမှ အောင်ဆန်း အားကစား ပြိုင်ဝင်းကို အသစ်ဆောက်တော့မှ အဝေးကွင်း ပျောက်သွားတော့သည်။ အဝေးကွင်း နေရာတွင် မီးရှုးတိုင်ကြီးနှင့် အတူ လျှပ်စစ်အချက်ပြ ဇယားဘုတ်ကြီး တပ်ဆင်ထားသည့် အရှေ့ဘက်ပွဲကြည့်စင် တည်ဆောက်ခဲ့သည်။
ကျွန်းဆွယ် အားကစားပြိုင်ပွဲ အကြောင်းပြု၍ ဘီအေအေ ကွင်းကောင်းကို ဖြို၍ အောင်ဆန်း အားကစား ပြိုင်ဝင်းအသစ် တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၆၁ ခုနှစ် အထိ မြန်မာနိုင်ငံ တွင် အားကစားရုံ “Indoor Stadium” ဟူ၍ သီးသန့် မရှိသေးပါ။ အောင်ဆန်း ပြိုင်ဝင်းအတွင်း အရှေ့တောင်ထောင့်ရှိ မိုးလုံလေလုံ အားကစား ရုံငယ်လေးမှာလည်း ဒုတိယကျွန်းဆွယ် ပွဲကျမှသာ လက်ဝှေ့ပြိုင်ပွဲရုံ အဖြစ် တည်ဆောက်ထားခြင်း ဖြစ်သည်။ အချိန်မီ မပြီးစီးသဖြင့် ကျွန်းဆွယ် လက်ဝှေ့ပွဲများကို နေမြင်၊ လမြင်၊ မိုးမလုံ၊ နေမလုံ ကျင်းပခဲ့ရသည်။
ယင်း အားကစားရုံငယ်လေး မရှိမီက မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး လာကစားသည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ဘက်စကက်ဘော အသင်း သံရုံထဲတွင် ကစားသွားရသည်။ ယခု အောင်ဆန်း အားကစား ပြိုင်ဝင်း အရှေ့မြောက်ထောင့်တွင် သွပ်မိုးသွပ်ကာ အဆောက်အဦတခုကို သတိထားမိသူတိုင်း တွေ့ကြရမည် ဖြစ်သည်။ ယင်းသွပ်မိုး သွပ်ကာရုံကြီးထဲတွင် ကံရာဇာငယ်ထုံး နှလုံးမူကာ ဝါးလုံးများဖြင့် ပွဲကြည့်စင်လုပ်ကာ ဘက်စကက်ဘောပွဲ ကျင်းပခဲ့ဖူးသည်။
၁၉၆၁ ခုနှစ် မတိုင်မီက မြန်မာနိုင်ငံတွင် နိုင်ငံတကာ အဆင့်ရှိ မီတာ ၅၀ ပါ ရေကူးကန် မရှိခဲ့ပါ။ ဦးဝိစာရလမ်းရှိ အမျိုးသား ရေကူးကန်မှာ ၆၁ ကျွန်းဆွယ်ပြိုင်ပွဲကို အကြောင်းပြု၍ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။
ယခုလည်း နေပြည်တော်တွင် ရှိသော နိုင်ငံတကာ အဆင့်မီ ရေကူးကန်မှ လွဲ၍ အခြား မည်သည့် ဒေသတွင်မှ မီတာ ၅၀ ရှည် ရေကူးကန် ရှိမည် မထင်ပါ။ ယခင်ကမူ ရန်ကုန်တက္ကသိုလ် ရေကူးကန် အပါအဝင် ရေကူးကလပ်များ၏ ရေကူးကန်များ ရှိခဲ့သော်လည်း ၃၃ ဒသမ ၅ မီတာ အရှည်ရှိ ရေကူးကန် ငယ်လေးများသာ ဖြစ်ကြသည်။ မန္တလေး ထွန်းလှဟိုတယ်မှ ရေကူးကန်မှာလည်း အငယ်စားသာဖြစ်သည်။
ဖဆပလ အစိုးရ လက်ထက်တွင် အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီက ထိုခေတ် ငွေတန်ဖိုး ကျပ်သိန်း ၃၀ ကျော်၍ မျှော့အိတ်ကွင်း အားကစားရုံ တည်ဆောက်ရေး စီမံကိန်းကို အစိုးရထံ တင်ပြ၍ ခွင့်ပြုချက် တောင်းခဲ့ဖူးသည်။
ယင်း သိန်း ၃၀ ကုန်ကျမည့် အားကစားရုံသစ် ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး ကြုံတွေ့သမျှကို ထိုစဉ်က အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ “National Fitness Council” အတွင်းရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ မစ္စတာ ပတ်စကင်း ပြုစုသည့် “နှစ် ၆၀ မြန်မာနိုင်ငံ အားကစားသမိုင်း စာအုပ်” ထဲတွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။ အစီအစဉ်များ ပြုလုပ်ထားပြီး အကောင်အထည် မပေါ်နိုင်သော အဆောက်အဦများ ထဲတွင် ဆိုဗီယက်တို့၏ အားကစား ပြိုင်ဝင်းများသာ မကပါချေ၊ ထိုအစီအစဉ်ထက် နှစ်အနည်းငယ် စောသည့် ကာလကလည်း အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီအနေဖြင့် သိန်း ၃၀ ကုန်ကျမည့် ကစားရုံကြီးတခုမှာ အလားတူပင် အကောင်အထည် မပေါ်ဘဲ ပျောက်ကွယ်သွားရရှာသည်။
ကောင်စီ၏ အစီအစဉ်ပါ အိမ်တွင်း အားကစားရုံ တည်ဆောက်ရေး အစီအစဉ်မှာ အစပိုင်းတွင် အတော်ပင် သွက်သွက်လက်လက်နှင့် အဆင်ပြေခဲ့သည်။ အရှေ့အနောက် နိုင်ငံများအထိ အဆောက်အဦပုံစံများ တင်ပြကြရန် တောင်းခံခဲ့သည်။ အဆောက်အဦ ပုံစံ တင်ပြသူ ခုနှစ်ဦး ပေါ်ပေါက်လာသည်။ သူတို့ထဲတွင် နိုင်ငံခြားသား ဗိသုကာ ၅ ဦး ပါဝင်ခဲ့လေသည်။ ကောင်စီအနေဖြင့် နာမည်ကျော် ဗိသုကာ ပညာရှင် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည့် ဦးတင်ဦးနှင့် ဦးသာထွန်း နှစ်ဦးအား ပုံစံရွေးချယ်ရာ၌ စေတနာ့ဝန်ထမ်း အကြံပေး ပုဂ္ဂိုလ်များအဖြစ် စီစဉ်ထားခဲ့သည်။ အကြံပေး ပုဂ္ဂိုလ်ကြီးများက တင်သွင်းယှဉ်ပြိုင်သော ပုံစံများကို စိစစ်ပြီးနောက် အစီရင်ခံစာကို တင်သွင်းလိုက်သည်။ ထိုစဉ်က မြန်မာနိုင်ငံသို့ ရောက်ရှိ နေသော အမေရိကန် အဆောက်အဦ ပညာရှင်တဦးကိုလည်း ကောင်စီက မေတ္တာရပ်ခံခဲ့သည်။ ပညာရှင်များ၏ သဘောအရ တင်သွင်းသူများ၏ ပုံစံထဲမှ နိုင်ငံခြားသား ပညာရှင်နှစ်ဦး တင်ပြသော ပုံစံနှစ်ခုကို အနည်းငယ် ပြုပြင်စေပြီး လက်ခံသင့်သည်ဟု ယူဆခဲ့ကြသည်။
သို့ရာတွင် ကောင်စီလူကြီးများ အနေဖြင့် ထိုတင်ပြချက်တွင် ထင်မြင်ချက်များ ကွဲပြားလျက် ရှိခဲ့သည်။ အချို့သော ကောင်စီလူကြီးများက မြန်မာပညာရှင်တဦး၊ နှစ်ဦးတို့၏ ပုံစံများကိုသာ လက်ခံလိုကြသည်။ ဤသို့နှင့် အိမ်ကွင်း ကစားရုံ တည်ဆောက်ရေး လုပ်ငန်းမှာ အကောင်အထည် ပေါ်မလာတော့ဘဲ ပျောက်ခြင်းမလှ ပျောက်ကွယ်သွား ရတော့သည်။ ဤကား မြန်မာနိုင်ငံတွင် ကိုယ်ပိုင်အားကစားရုံ မရှိရသည့် အကြောင်းရင်းပင် ဖြစ်သည်။
လက်ရှိ ရှိနေသော အမျိုးသား အားကစားရုံသစ်မှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ဆောက်လုပ် လှူဒါန်းသည့် အားကစားရုံ ဖြစ်သည်။ အမျိုးသား အားကစားရုံ ၂ ရုံမှာ အမေရိကန်ပြည်ထောင်စုက ဆောက်လုပ် လှူဒါန်းခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ယခင်က ရန်ကုန် နေပြည်တော်မှာပင် အားကစားရုံ၊ အားကစားပြိုင်ဝင်းများ မပြည့်မစုံ မလုံလောက်ဘဲ ရှိနေရာ နိုင်ငံနှင့်အဝှမ်းဆိုလျင် ပြောဖွယ်ရာ မရှိတော့ပါ။
အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ လက်ထက်က မြန်မာ တပြည်လုံးတွင် အားကစား ပြိုင်ဝင်းများ ပြည့်စုံ လုံလောက်ရေး စီမံကိန်းတရပ် ချမှတ်ဆောင်ရွက် ခဲ့ဖူးသည်။ ယင်းစီမံကိန်းမှာ ခရိုင်မြို့ကြီးများတွင် မီတာ ၄၀၀ ပြေး လမ်းကြောင်းပါ ဘောလုံးကွင်း တည်ဆောက်ရေး အတွက် ခရိုင်ဝန် ရုံးစိုက်ရာ ခရိုင်မြို့ကြီးများကို မတည်ငွေ ကျပ် ၅၀၀၀၀ ထုတ်ပေးခြင်း ဖြစ်သည်။
ယင်း စီမံကိန်းမှာ အထိုက်အလျောက် အောင်မြင်ခဲ့သည်။ ခရိုင်မြို့ကြီး အချို့တွင် ယနေ့တိုင် အားကစားကွင်းကြီးများ ရှင်သန်လျက် ရှိသည်။ အချို့မှာမူ ပျောက်ကွယ်ကုန်ကြသည်။ နိုင်ငံတော်က အားကစားကို အလေးထား အားပေးနေသည့် ကာလတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ ရုံးစိုက်သည့် မြို့ကြီးများတွင် အားကစား ပြိုင်ဝင်းတခု၊ အားကစားရုံ တရုံလောက်တော့ ရှိသင့်ပါသည်။ ဝဏ္ဏသိဒ္ဓိ ပြိုင်ဝင်းလို ဇေယျာသီရိ အားကစား ခန်းမလို အဆင့်အတန်းမျိုးကို မဆိုလိုပါ။ ကိုယ့်ဒေသ ကိုယ့်အရပ်နှင့် လိုက်လျောညီထွေ ရှိသင့်ရှိထိုက်သော အားကစားရုံ၊ အားကစားကွင်းများကို ဆိုလိုရင်း ဖြစ်ပါသည်။
အားကစားရုံ၊ အားကစားကွင်းများ မရှိဘဲနှင့် အားကစားပြိုင်ပွဲများ မရှိနိုင်ပါ။ အားကစားပွဲ မရှိဘဲနှင့် အားကစားသမား မရှိနိုင်ပါ။ အားကစားသမား မရှိဘဲနှင့် လက်ရွေးစင် ကစားသမားများ ပေါ်ထွက်မလာနိုင်ပါ။ လက်ရွေးစင် ကစားသမားကောင်းများ မရှိပါဘဲနှင့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာမည် မဟုတ်ပါ။ ထို့အတူ နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် အောင်ပန်း ဆွတ်ခူးရန် ကြန့်ကြာ နေပါလိမ့်မည်။ ခက်ခဲနေပါလိမ့်မည်။ ဖြစ်နိုင်ပါက တတ်နိုင်လျင် မူလတန်းကျောင်းငယ်များ၊ ကောလိပ် တက္ကသိုလ်နှင့် သိပ္ပံကျောင်းများတွင်လည်း ထိုက်သင့်သည့် သင့်လျှော်သည့် အားကစားရုံများ၊ ကစားကွင်းများရှိဖို့ အမှန်တကယ် လိုအပ်နေပါပြီ။ ကျောင်းသူ / ကျောင်းသား အားလုံး၏ အကျင့်စာရိတ္တ ကောင်းမွန်ရေးကို အားကစားကလည်း အထောက်အကူ ပြုနိုင်ပါသည်။ စမ်းသပ်ကြည့်ကြစေလိုပါသည်။