မြန်မာနိုင်ငံတွင် ဘောလုံး ကြေးစားစနစ်ကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့သည်။ သို့ရာတွင် နိုင်ငံတကာ “Pro” အဆင့် မဟုတ်သေးပါ။ နိုင်ငံတကာတွင် “Pro” စနစ် ကျင့်သုံးမည် ဆိုလျှင် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်း ဥပဒေများ ရှိသည်။ ယင်းတို့ ထဲမှ မြန်မာ “Pro” ဘောလုံးကလပ်များ အခက်အခဲ တွေ့စေသည့် အချက်တချက်မှာ အိမ်ကွင်း အဝေးကွင်း Home and Away ဘောလုံးကစားရမည် ဆိုသည့် အချက်ပင်ဖြစ်သည်။ “Pro” စံနစ် စတင်စဉ်က ကိုယ်ပိုင်အိမ်ကွင်း အဆင်သင့်ရှိသည့် ကလပ်အသင်းမှာ ရတနာပုံနှင့် ကမ္ဘောဇ အသင်းတို့သာ ဖြစ်သည်။ ရတနာပုံကလပ်က မန္တလေး ဗထူးဘောလုံးကွင်း အဆင်သင့်ရှိသည်။ တောင်ကြီး ဘောလုံးကွင်းကလည်း ကမ္ဘောဇအသင်း အတွက် အဆင်သင့်ဖြစ်နေသည်။
FIFA သို့မဟုတ် AFC က Pro ကလပ်အသင်းတိုင်းတွင် ကိုယ်ပိုင် ဘောလုံးကွင်း ရှိကြရမည်။ အနည်းဆုံး ပါဝင်တဲ့ ကလပ်အသင်း တဝက်လောက်က ကိုယ်ပိုင်ကွင်း ရှိကိုရှိရမည် ဟု ဆိုထားသဖြင့် ရန်ကုန်တွင် အောင်ဆန်းကွင်းနှင့် သုဝဏ္ဏ၊ မန္တလေးတွင် ဗထူးနှင့် တောင်ကြီး ဘောလုံးကွင်းတို့ကို ဦးစွာပထမ Pro ကစားကွင်းများ အဖြစ် ငှားရမ်း အသုံးချခဲ့ ကြရသည်။ အားကစား ဝန်ကြီးဌာနပိုင် ဘောလုံးကွင်းများကို ငှားရမ်းခဲ့ကြရခြင်း ဖြစ်သည်။ ယင်းနောက်တွင် ဇေယျာရွှေမြေ အသင်းက မုံရွာ အားကစားကွင်းနှင့် နေပြည်တော် အသင်းက ပျဉ်းမနား ပေါင်းလောင်းကွင်း၊ ရန်ကုန် ကလပ်အသင်းက လှိုင်ကွင်းတို့ကို ငှားရမ်းပြီး အိမ်ကွင်းများ အဖြစ် သတ်မှတ် အသုံးပြုခဲ့ ကြသည်။
ကျန် ကလပ်အသင်းများကလည်း ကိုယ်ပိုင် ဘောလုံးကွင်းများ ရရှိရန် ကြိုးပမ်းကြသော်လည်း ယခု အချိန်အထိ အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီ လက်ထက်မှ ခရိုင်မြို့ကြီးတမြို့တွင် မီတာ ၄၀၀ ပြေးလမ်းကြောင်းပါ ဘောလုံးကွင်းများ တည်ဆောက်ရေး တခရိုင်လျှင် ကျပ်ငွေ ၅၀၀၀၀ စီ မတည်ငွေပေး၍ ဖောက်လုပ်ခဲ့ ကြသည့် ဘောလုံးကွင်း အချို့မှာ ယခုအခါတွင် ပြုပြင်ထိန်းသိမ်းမှု ကင်းမဲ့ပြီး ဖုန်းဆိုးတောကြီးများ ဖြစ်နေကြသည်။ အားကစား ပြိုင်ဝင်း တဝင်းတွင် ရှိသင့်ရှိထိုက်သော ပွဲကြည့်စင်များ၊ ဘောလုံးအသင်းများ နားနေခန်းများ မဆိုထားဘိ၊ ဘောလုံးကွင်း မြက်ရှင်းပြုပြင်စရိတ်ပင် သိန်းရာကျော် ကုန်ကျဖွယ်ရှိသည်။ ကြေးစား ကလပ်အသင်း ဖွဲ့စည်းထူထောင်ဖို့ သိန်းပေါင်း ထောင်ချီကုန်ကျနေပေရာ နောက်ထပ် သိန်းရာထောင် အကုန်အကျခံရန် ဝန်လေးနေသည့် အနေအထားပင် ဖြစ်သည်။
အင်္ဂလိပ် နယ်ချဲ့သမားတို့ မြန်မာပြည်ကို သိမ်းပိုက်ပြီးနောက် ခေတ်သစ်ဘောလုံး ကစားနည်းကို မြန်မာနိုင်ငံကွင်းသို့ တင်သွင်းလာသည်မှာ အားလုံး အသိပင် ဖြစ်ပါသည်။ သို့ရာတွင် ဘောလုံးကစားရန် ကွင်းများကိုမူ တည်ဆောက်ခြင်း မရှိပါ။ ရှေးခေတ်က ဘောလုံးပွဲများကို ရန်ကုန်တွင် ကစားခဲ့ကြရာ ယခင်မြို့မကျောင်း (အထက ၂ ဒဂုံ) ရှေ့ရှိ မြင်းပြိုင်ကွင်းတွင် မြင်းပွဲ မရှိသည့် နေ့များတွင်သာ ကျင်းပနိုင်ခဲ့သည်။
၁၉၀၀ ပြည့်နှစ် ရောက်မှ ယခု ရန်ကုန်ဘူတာကြီး အနီးရှိ ရေအိုင်ကြီးကို မြေဖို့ကာ ဘောလုံးကွင်း အသစ်ကို ထိုစဉ်က ဘောလုံး ဝါသနာရှင်များက ရန်ကုန်မြူနီစပယ်အဖွဲ့ အကူအညီဖြင့် ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်သည်။ ဤသို့ဖြင့် BAA အမည်ရှိ ဘောလုံးကွင်း တကွင်း ပေါ်လာခြင်း ဖြစ်သည်။ ထိုနည်းတူစွာ မန္တလေးမှ ဘောလုံး ဝါသနာရှင်များ၏ ကြိုးပမ်းမှု ကြောင့် ဘောလုံးကွင်း တကွင်း တည်ဆောက်ခဲ့ ကြသည်။ ဘောလုံးကွင်း အမည်မှာ UBAA ကွင်း ဟူသတည်း။ အခြားသော ခရိုင်မြို့ကြီး အချို့တွင်လည်း ဘောလုံးကွင်းများ ရှိကောင်း ရှိပါလိမ့်မည်။ အင်္ဂလိပ်ခေတ်က ရန်ကုန် BAA ကွင်းမှလွဲ၍ ထင်ရှားသော ဘောလုံးကွင်း နှစ်ကွင်း ရှိသည်။ တကွင်းမှာ ပျဉ်းမနား သစ်တောကျောင်း ဘောလုံးကွင်း ဖြစ်သည်။ စစ်မဖြစ်ခင်က သစ်တောအရာထမ်း၊ ဝန်ထမ်းများ အတွက် သစ်တောကျောင်း ဟူ၍ ရှိခဲ့ဖူးသည်။ သစ်တောကျောင်းအုပ်ကြီးမှာ အင်္ဂလိပ်လူမျိုး မစ္စတာ အယ်ဂျလီ ဆိုသူဖြစ်သည်။ သူကိုယ်တိုင်က ထူးချွန်သည့် ဘောလုံးသမားတဦး ဖြစ်သည်။ အထက်မြန်မာပြည် လက်ရွေးစင်အထိ ထူးချွန်ခဲ့သည်။
သူ ကျောင်းအုပ် လုပ်နေသည့် သစ်တောကျောင်းတွင် ဘောလုံးကွင်း တည်ဆောက်ခဲ့သည်။ နွေရာသီတွင် ဘောလုံးကွင်း အတွင်းမှ မြက်ပင်များ ခြောက်သွေ့ မသွားစေရန် ဖျာကြမ်းများဖြင့် အုပ်မိုးထားသည် ဟု ကြားသိရသည်။ ဆောင်းတွင်းနှင့် မိုးအခါတွင် ဘောလုံးကွင်းကို ရွှေလို ဥထားသည်။ ဘောလုံးပွဲ မရှိလျင် ဘောလုံးကွင်း အတွင်းသို့ မည်သူမျှ ခြေမချရ ဟုလည်း ကြားသိရဖူးသည်။ မစ္စတာ အယ်ဂျလီလိုပင် ဘောလုံးကွင်းကို အရိပ်တကြည့်ကြည့်ဖြင့် ရွှေလိုဥထားသည့် ပုဂ္ဂိုလ်တဦး ဒီဘက်ခေတ်တွင် တွေ့ဖူး ကြုံဖူးသည်။ ယင်း ပုဂ္ဂိုလ်ကြီးမှာ ကွယ်လွန်သူ မြန်မာ့လက်ရွေးစင် ဘောသမားဟောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ကွတ်ရှိန် ဖြစ်သည်။
စစ်မဖြစ်ခင်က ပျဉ်းမနားသစ်တောကျောင်း ဘောလုံးကွင်းနီးတူ ထင်ရှားသည့် ဘောလုံးကွင်းမှာ ချောက် ရေနံမြေဘောလုံးကွင်း ဖြစ်သည်။ စစ်ပြီးခေတ်ကျမှ ချောက်ဘောလုံးကွင်းကို ကြုံတွေ့ဖူးသည်။ မြို့အလယ်တွင် ဖြစ်သဖြင့် မြင့်မားသော သံဇကာများဖြင့် ကာရံထားသည်။ ဘောလုံးကွင်းထဲရှိ မြက်များမှာ အညာဒေသနှင့်မတူဘဲ စိမ်းလန်းစိုနေသည်။ ချောက်ရေနံမြေ ဘောလုံးကွင်းများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက် ထားသည်ဟုလည်း ကြားသိခဲ့ရသည်။
အင်္ဂလိပ်ခေတ်တွင် အင်္ဂလိပ်တို့က ဘောလုံးကစားနည်းကို တင်သွင်းသော်လည်း အင်္ဂလိပ်အစိုးရက တည်ဆောက်ပေးခဲ့သည့် ဘောလုံးကွင်း တကွင်းမှ မြန်မာနိုင်ငံတွင် မရှိခဲ့သည်ကတော့ အမှန်ပင်ဖြစ်သည်။ ထိုနည်းတူစွာပင် လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ်မှ စကာ ၂၀၁၀/၁၁ ခုနှစ်အထိ အစိုးရ အဆက်ဆက်က ဘောလုံးအားကစားပြိုင်ဝင်း တည်ဆောက်ပေးခဲ့ခြင်း မရှိပါ။
၁၉၆၁ ခုနှစ်တွင် ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ ကျင်းပရန်အတွက် အောင်ဆန်းကွင်းနှင့် အဆောက်အဦ များကို စတင်၍ အသစ်မွမ်းမံခဲ့သည်။ မြန်မာနိုင်ငံမှာ ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် ပြိုင်ပွဲကို ၁၉၆၁ ခုနှစ်တွင် ကျင်းပရန် အတွက် အောင်ဆန်းအားကစား ပြိုင်ဝင်းကို ထပ်မံမွမ်းမံခဲ့သည်။ ဘောလုံးကွင်း အချို့ကို လက်ရှိ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က အားကစား ဝန်ကြီးဌာနမှ နှစ်ရှည်ငှားရမ်းခဲ့ပြီးနောက် အောင်ဆန်း အားကစားပြိုင်ဝင်း နိုင်ငံတကာအဆင့်မီကွင်း အဖြစ် ပြုပြင်နိုင်ခဲ့သည်။
အမျိုးသား ကိုယ်လက်ကြံ့ခိုင်ရေး ကောင်စီလက်ထက်တွင် စလင်းဘောလုံးကွင်းနှင့် ပြည်တော်သာ ဘောလုံးကွင်းငယ်များသာ ရန်ကုန်တွင် တည်ဆောက်နိုင်ခဲ့သည်။ ပြည်တော်သာ ဘောလုံးကွင်းကို ကလေးဆေးရုံကြီး တိုးချဲ့ရာတွင် ထည့်သွင်းပြီး ပြည်တော်သာ ဘောလုံးကွင်းပေါ်တွင် ကလေးဆေးရုံ တိုးချဲ့ဆောက်လုပ်ခဲ့သည်။ ပြည်တော်သာကွင်း ပျောက်ကာ ကလေးဆေးရုံ ရောက်ခဲ့သည်။ အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထက်တွင် ပဒေသာ ဘောလုံးကွင်း ငယ်တကွင်း ဖောက်လုပ် နိုင်ခဲ့သည်။
ယင်းနောက်တွင်မူ ဂျပန်အစိုးရက လူငယ်လေ့ကျင့်ရေး စခန်းအမည်ဖြင့် မီတာ ၄၀၀ ပြေးကွင်းပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်များကို ဆောက်လုပ် လှူဒါန်းခဲ့သည်။ ယခုအခါ သုဝဏ္ဏကွင်းဟု လူသိများနေသည့် ဘောလုံးကွင်းပင်ဖြစ်သည်။ ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲ ကျင်းပနိုင်ရေး အတွက် နေပြည်တော်တွင် အားကစားပြိုင်ဝင်းကြီး နှစ်ခုရှိသည်။ နိုင်ငံတကာ အားကစားပြိုင်ဝင်းများ ဖြစ်သည်။
သို့ရာတွင် ယခင်ကရှိခဲ့ဖူးသော ဘောလုံးကွင်းများ (ဝါ) ကလေး ကစားကွင်းများလည်း တဖြည်းဖြည်း ပျောက်ကွယ်ကုန်သည်။ မန္တလေး မလွန်ကွင်းမှာ ဗထူးကွင်းပြီးလျှင် မန္တလေးတွင် လူသိများသည့် ဘောလုံးကွင်း တကွင်းဖြစ်သည်။ ယခုအခါ ပျောက်ကွယ်သွားသည်။ ပျဉ်းမနား မြူနီစပယ် ဘောလုံးကွင်းမှာ အင်္ဂလိပ်ခေတ် ကတည်းမှ ရှိခဲ့သည့် ဘောလုံးကွင်း ဖြစ်သည်။ ရှေးခေတ် မြန်မာ့လက်ရွေးစင် ချန်စိန်ကို မွေးထုတ်ပေးခဲ့သည့် ဘောလုံးကွင်း ဖြစ်သည်။ ယခု ဘောလုံးကွင်း မဟုတ်တော့ပါ။ ရန်ကုန်တွင် တာမွေရာပြည့်ကွင်း၊ တောင်ဥက္ကလာ အပန်းပြေကွင်းတို့ ပျောက်မသွားရေး အတွက် တိုက်ပွဲဝင်နေကြ ရသည်။ အညာတွင် လမ်းသစ်ဖောက်လုပ်ရာ၌ ဘောလုံးကွင်းထဲ ဖြတ်ဖောက်သည်ဟု ကြားခဲ့ရဖူးသည်။
ဘောလုံးကွင်းမရှိဘဲ ဘောလုံးပွဲများ မကျင်းပနိုင်ပါ။
ဘောလုံးပွဲမရှှိလျှင် ဘောလုံး ကစားသမားကောင်းများ မထွက်နိုင်ပါ။
ဘောလုံးသမားကောင်းမရှိဘဲနှင့် လက်ရွေးစင် ဘောလုံးအသင်း မရှိနိုင်ပါ။
အားလုံးစဉ်းစားကြရန်ဖြစ်သည်။