၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ကျင်းပရန် ရက်ပေါင်း ၄၀ ကျော်မျှသာ လိုတော့သည်။ အရှေ့တောင်အာရှ အားကစားပွဲနှင့် ပတ်သက်၍ SEAP GAMES နှင့် SEA GAMES နှစ်မျိုးကို သတင်း မီဒီယာများပင် ရောထွေး ရေးသား ပြောဆိုနေကြသည်။ ၁၉၅၉ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် စတင်ခဲ့သော အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲမှာ ၁၉၇၅ ခုနှစ်မှာပင် ထိုင်းနိုင်ငံ ဘန်ဘောက်မြို့၌ နိဂုံးချုပ်သည်။ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့က ကျွန်းဆွယ် အားကစားပြိုင်ပွဲမှ နုတ်ထွက်သွား ကြသောကြောင့် ဖြစ်သည်။
၁၉၇၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဘရူးနိုင်းနိုင်ငံတို့ ပါဝင်လာပြီး ပြိုင်ပွဲအမည်ကိုလည်း ကျွန်းဆွယ်ကို ဖြုတ်ပြီး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (South East Asia Games) အမည်သစ်ဖြင့် မလေးရှားနိုင်ငံတွင် စတင်ခဲ့သည်။ ပြိုင်ပွဲ ကျင်းပသည့် အကြိမ် အရေအတွက်ကိုမူ ဆက်လက် မှတ်ယူသုံးစွဲခဲ့သည်။ နဝမ အကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဟု ဖြစ်သည်။ ကျွန်းဆွယ် အားကစား ပြိုင်ပွဲက အဋ္ဌမအကြိမ် အထိသာ ဖြစ်သည်။
သို့ဖြစ်ရာ အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကျင်းပသည့် အကြိမ်မှာ ၁၈ ကြိမ်သာ ရှိသည်။ နေပြည်တော်တွင် ကျင်းပမည့် ဆီးဂိမ်းမှာ ၁၉ ကြိမ်မြောက် ဆီးဂိမ်းသာ ဖြစ်သည်။ ဆီးဂိမ်းသက်တမ်း ၃၆ နှစ်အကြာတွင် ကျင်းပခြင်း ဖြစ်သည်။ နေပြည်တော်တွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲမှာလည်း မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲဖြစ်သည်။ ယခင် ၁၉၆၁ နှင့် ၁၉၆၉ ပြိုင်ပွဲတို့မှာ ကျွန်းဆွယ် ပြိုင်ပွဲများသာ ဖြစ်သည်။ SEAP နှင့် SEA GAMES တို့မှာ ပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပသည့် အားကစားနည်း အရေအတွက်၊ ပြိုင်ပွဲဝင်မည့် နိုင်ငံများများ အရေအတွက်တို့မှာ လုံး၀ ခြားနားသွားပြီ ဖြစ်သည်။ ၁၉၆၉ ကျွန်းဆွယ်တွင် ၆ နိုင်ငံသာ ပါဝင်ယှဉ်ပြိုင်ကြသည်။ ကမ္ဘောဒီးယား နိုင်ငံ ဝင်မပြိုင်ပါ။
ယခု နေပြည်တော် ဆီးဂိမ်းတွင် အိမ်ရှင်မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ၁၁ နိုင်ငံ ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ် ရှိသည်။ သို့ဖြစ်ရာ ယခင် ကျွန်းဆွယ် ပြိုင်ပွဲများထက် ပိုမိုကြီးကျယ်မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တပွဲသာ ဖြစ်ပေလိမ့်မည်။
မြန်မာနိုင်ငံ အတွက် ဂုဏ်ယူစရာအချက်မှာ ၁၉၅၉ ခုနှစ်တွင် စတင်ခဲ့သည့် ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ၈ ကြိမ်တွင် လည်းကောင်း၊ ၁၉၇၇ ခုနှစ်တွင် စတင်ခဲ့သည့် အရှေ့တောင်အာရှ အားကစားပွဲ ၁၈ ကြိမ်စလုံးတွင် ပါဝင်ယှဉ်ပြိုင် ခဲ့ရုံသာမက ကျွန်းဆွယ် အားကစားပြိုင်ပွဲ ၂ ကြိမ် လက်ခံ ကျင်းပနိုင်ခြင်း ဖြစ်သည်။ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ခေတ်တွင် ကမ္ဘောဒီးယား၊ လာအိုနှင့် (တောင်) ဗီယက်နမ်တို့သည် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို လုံး၀ လက်ခံ ကျင်းပနိုင်ခြင်း မရှိပါ။ ဆီးဂိမ်းခေတ်တွင်မူ ဗီယက်နမ် ၂၀၀၃ နှင့် လာအို ၂၀၀၉ တို့က ဆီးဂိမ်းပြိုင်ပွဲ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံက ယခု ၂၀၁၃ ခုနှစ်ကျမှ ပထမဆုံး အကြိမ်အဖြစ် အရှေ့တောင်အာရှ အားကစားပွဲကို ပထမဆုံးအကြိမ် ကျင်းပခြင်းပင် ဖြစ်သည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် ပင်မအားကစားနည်း ၃၃ နည်းသာ ဖြစ်သော်လည်း မျိုးကွဲ အားကစားနည်းပေါင်း ၄၁ မျိုးအထိ ရှိသည်။ ပိုက်ကျော်ခြင်း ခေါင်းစဉ်အောက်တွင် ရိုးရာခြင်းလုံး၊ နိုင်ငံတကာ စစ်တုရင်အောက်တွင် ရိုးရာစစ်တုရင်၊ ရေကူးနှင့် အတူ ဝါတာပိုလို၊ ဒိုက်ဗင်၊ ဘောလုံးနှင့်အတူ ဖူဆယ်၊ စက်ဘီးတွင် တောတွင်းဖြတ်စီး (Cross Country)၊ စက်ဘီးတာဝေး (Road Race)၊ စက်ဘီး BMX, စက်ဘီး တောင်ဆင်း တောင်တက် (Down Hill)၊ အနောက်တိုင်းလှေ၊ ရိုးရာလှေ၊ ဘိလိယက်၊ စနူကာ စသဖြင့် စုစုပေါင်းပြိုင်ပွဲ ၄၂ မျိုးရှိသည်။ ပြိုင်ပွဲ ၄၂ ပွဲအနက် ဆုတံဆိပ်အများဆုံး ချီးမြှင့်မည့် အားကစားနည်းမှာ ပြေးခုန်ပစ် ပြိုင်ပွဲဖြစ်သည်။ ရွှေတံဆိပ် ၄၆ ဆု (အမျိုးသား ၂၃၊ အမျိုးသမီး ၂၃) ချီးမြှင့်မည် ဖြစ်သည်။ ဆုတံဆိပ် အနည်းဆုံး ရနိုင်သည့် ပြိုင်ပွဲမှာ ဝါတာပိုလို ကစားနည်းပင် ဖြစ်သည်။ အမျိုးသား ပြိုင်ပွဲသာ ကျင်းပမည်ဖြစ်သဖြင့် ရွှေတံဆိပ် တဆုသာ ရှိသည်။ ပင်မအားကစားနည်း ၃၃ မျိုး၊ အားကစားမျိုးစိတ်ပေါင်း ၄၂ မျိုးအတွက် ရွှေတံဆိပ် ၄၀၀ ကျော် အတွက် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစား သမားများက ပြိုင်ပွဲရက် ၂၁ ရက် (ဒီဇင်ဘာ ၁ မှ ဒီဇင်ဘာ ၂၁) အတွင်း ယှဉ်ပြိုင်ကြ ရတော့မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံက ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကို စတင်လက်ခံသည့် ၂၀၀၉ ခုနှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာ အားကစားပြိုင်ပွဲကြီး တပွဲလက်ခံ ကျင်းပရန် အားကစားရုံ၊ အားကစားပြိုင်ဝင်းများ အဆင်သင့် လုံးဝမရှိသေးပါ။ ၂၀၁၀ မှ ၂၀၁၃ ခုနှစ် အတွင်း၌သာ အားကစားရုံ၊ အားကစားပြိုင်ဝင်း၊ ရေကူးကန်စသည့်တို့ကို နေပြည်တော်၊ ငွေဆောင်၊ မန္တလေးတို့၌ အပူတပြင်း လုပ်ခဲ့ကြရပါသည်။ မန္တလေးတွင် ဆောက်နေသည့် နိုင်ငံတကာ ခေတ်မီ အားကစား ပြိုင်ဝင်းမှာ နိုဝင်ဘာလ ထဲကျမှသာ အပြီးသတ်နိုင်ဖွယ် ရှိသည်။ ရန်ကုန်တွင် ပြုလုပ်မည့် အားကစားနည်းများ အတွက်မူ ရန်ကုန်ရှိ အားကစားရုံ ဟောင်းများနှင့် အားကစားပြိုင်ဝင်း ဟောင်းများ ရှိပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပတော့မည့် ဆီးဂိမ်းကို ပြိုင်ပွဲဝင်နိုင်ငံ အချို့နှင့် ပြည်ပ မီဒီယာအချို့က ကြိုတင်၍ ဝေဖန်တိုက်ခိုက် အပြစ်တင်မှုများ ရှိခဲ့သည်။ သူတို့ လက်ညှိုးထိုး စွပ်စွဲနေကြသည်က မြန်မာနိုင်ငံသည် အိမ်ရှင် ဖြစ်သည့် အားလျော်စွာ အိမ်ရှင်များ အနိုင်ရမည့် ရွှေတံဆိပ်ရနိုင်သည့် ကစားနည်းမျိုးသာ ထည့်သွင်းကျင်းပရန် စီစဉ်နေသည် ဟူသည့် စွပ်စွဲ ပြောဆို ရေးသားချက်များ ဖြစ်သည်။ သတင်းမီဒီယာများသည်မှာ နည်းနည်းတော့ ဖွတတ်သည်၊ ဆွတတ်သည်မို့ သူတို့ ရေးသား ပြောဆိုချက်များကို လက်ခံကြရမည် ဖြစ်ပါသည်။
သို့သော် ပြိုင်ပွဲဝင်မည့် နိုင်ငံတနိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံမှ အားကစား တာဝန်ရှိသူ ဆိုသည့် ပုဂ္ဂိုလ်အချို့၏ စွပ်စွဲ ပြောဆိုချက်ကိုမူ လက်မခံနိုင်ပါ။
အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် ရိုးရာ အားကစားနည်း အမည်ခံ ကစားနည်းများမှာ အားကစားပွဲ လက်ခံ ကျင်းပသည့် နိုင်ငံအတွက် ရွှေတံဆိပ်များ အလွယ်တကူ ရယူနိုင်သဖြင့် အားကစား ရွှေတွင်းဟု သတ်မှတ် ထားကြသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံကလည်း ရွှေတံဆိပ်များ ရနိုင်သည့် ရိုးရာ အားကစားနည်း အပါအဝင် အားကစား နည်းသစ်များ ထည့်သွင်း ကျင်းပရန် ပြင်ဆင်နေသည် ဟူသည့် စွပ်စွဲချက်ပင် ဖြစ်သည်။
မြန်မာနိုင်ငံက လာမည့် နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်း ၃၃ မျိုးထဲတွင် ပိုက်ကျော်ခြင်း ခေါင်းစဉ်အောက်၌ ရိုးရာခြင်းလုံး ခတ်ပြိုင်ပွဲနှင့် နိုင်ငံတကာ စစ်တုရင်ခေါင်းစဉ်အောက်တွင် မြန်မာ့ရိုးရာ စစ်တုရင် ပြိုင်ပွဲ တို့သာ အသစ်ထည့်သွင်း ကျင်းပမည် ဖြစ်သည်။ စစ်တုရင် ပြိုင်ပွဲတွင် အမျိုးသားပြိုင်ပွဲ ၁၂ ပွဲ၊ အမျိုးသမီး ပြိုင်ပွဲ ၅ ပွဲနှင့် အမျိုးသား၊ အမျိုးသမီးပေါင်း ၁ ပွဲ၊ စုစုပေါင်းပြိုင်ပွဲ ၁၆ မျိုးတွင် မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲ အတွက် ဆုတံဆိပ် ၆ ဆုသာ ရှိသည်။ ခြင်းလုံး ပြိုင်ပွဲ၌လည်း ဆုတံဆိပ် အမျိုးသား ၄ ဆုနှင့် အမျိုးသမီး ၄ ဆုသာ ချီးမြှင့်မည် ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ့ရိုးရာ အားကစားနည်းဖြင့် ရွှေတံဆိပ်စုစုပေါင်း ၁၄ ဆုသာ ရှိသည်။ မြန်မာ အားကစားသမားများ ရရှိနိုင်သည်။
မြန်မာနိုင်ငံတွင် ယခင်က လုံး၀ မရှိခဲ့ဖူးသော အိုလံပစ်ကစားနည်း ၂ မျိုး၊ နိုင်ငံတကာ နပမ်း (Wrestling) နှင့် မြင်းစွမ်းရည်ပြ (Equestrian) နှင့်အတူ ပြည်ပရိုးရာ အားကစားနည်း ၅ မျိုး (မွေလက်ဝှေ့၊ ရှိုရင်ဂျီကင်ပို၊ ပန်ကျတ်ဆီလတ်၊ ပင်တတ်စ်၊ ဗီဗီနမ်) တို့ကို ထည့်သွင်း ကျင်းပရန် လျာထားသည်။ နိုင်ငံတကာ နပမ်းတွင် ရွှေတံဆိပ် ၁၁ ဆု (အမျိုးသား ၆၊ အမျိုးသမီး ၅)၊ မြင်းအလှစီးတွင် ရွှေတံဆိပ် ၆ ဆု၊ မွေလက်ဝှေ့တွင် ရွှေတံဆိပ် ၉+၅=၁၄ ဆု၊ ရှိုရင်ဂျီကင်ပို ၈+၈=၁၆ ၊ ပင်တတ်စ် ၄+၄+၃=၁၁ ဆု ၊ ပန်ကျတ်ဆီလတ် ၁၀+၅=၁၅ ဆု ၊ ဗီဗီနမ် ၈+၇+၃=၁၈ ဆု၊ ယင်း အားကစားနည်း ၆ မျိုးတွင် ရွှေတံဆိပ် စုစုပေါင်း ၈၂ ဆု ချီးမြှင့်ရန် လျာထားသည်။ သို့ဖြစ်ရာ မြန်မာက ခြင်းလုံးနှင့် စစ်တုရင်တွင် ရွှေတံဆိပ်အားလုံး သိမ်းကြုံး ရရှိမှသာ ရွှေတံဆိပ် ၁၄ ဆုသာ ရနိုင်သည်။ မြန်မာနိုင်ငံတွင် ယခု အကြိမ်ကျမှသာ ထည့်သွင်းကျင်းပပေးမည့် အားကစားနည်းသစ် ၆ မျိုးတွင် ရွှေတံဆိပ် စုစုပေါင်း ၈၂ ဆုနှင့် နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံက ရွှေတံဆိပ် လိုချင်သည်ထက် ပေးချင်သည်က များနေသည်ကို သိသာနိုင်ပါသည်။
မဝေးတော့သော ရက်များအတွင်း ကျင်းပတော့မည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံ စိန်ခေါ်မှုကြီး ၃ ရပ်နှင့် ရင်ဆိုင်ရမည် ဟု စာရေးသူက သုံးသပ်မိသည်။ ပထမဆုံး စိန်ခေါ်မှုမှာ ၁၉၉၃ ခုနှစ်မှ စတင်ကာ နိုင်ငံအလိုက် အဆင့် ၇ နေရာတွင် ရပ်တည်လာခြင်းကို ချိုးဖောက်ရမည် ဖြစ်သည်။ ၁၉၉၉ ဘရူးနိုင်း ဆီးဂိမ်းတွင် ရွှေတံဆိပ် ၃ ဆုသာရပြီး အိမ်ရှင် ဘရူးနိုင်း နိုင်ငံထက် တဆင့်နိမ့်ကာ နိုင်ငံအလိုက် အဆင့် ၈ နှင့် ၂၀၀၉ လာအိုဆီးဂိမ်းတွင် ရွှေတံဆိပ် ၁၂ ဆုသာရပြီး နိုင်ငံအလိုက် အဆင့် ၈ သာ ရခဲ့ဖူးသည်။ သို့ဖြစ်ရာ အိမ်ရှင်နိုင်ငံ အနေဖြင့် အဆင့် ၇ အထက် မြင့်တက်ဖို့ လိုသည်။
ဒုတိယ စိန်ခေါ်မှုမှာ ၁၉၈၁ ပြည့် ဆီးဂိမ်းမှစကာ ဆုရရှိရာတွင် ရွှေတံဆိပ် အရေအတွက် ၂၀ မကျော်တော့ခြင်း ဖြစ်သည်။ မြန်မာ့ အားကစားသည် ၁၉၇၇ ခုနှစ် ဆီးဂိမ်း စတင်ကျင်းပစဉ်က ရွှေတံဆိပ် ၂၅ ဆုဖြင့် နိုင်ငံအလိုက် အဆင့် ၄ ရခဲ့ဖူးသည်။ ၁၉၇၉ ဂျာကာတာ ဆီးဂိမ်းတွင် ရွှေတံဆိပ် ၂၆ ဆု ဆွတ်ခူးပြီး နိုင်ငံအလိုက် တတိယအဆင့် ရရှိထားဖူးသည်။
ကျင်းပပြီးစီးခဲ့သော ဆီးဂိမ်းများတွင် ရွှေတံဆိပ် ၁၀ ပင် မဆွတ်ခူးနိုင်သည့် ပြိုင်ပွဲ ၄ ပွဲ ရှိခဲ့သည်။ ၁၉၉၃ (၈ ဆု)၊ ၁၉၉၅ (၄ ဆု)၊ ၁၉၉၇ (၈ ဆု)၊ ၁၉၉၉ (၃ ဆု) တို့ဖြစ်သည်။ ယခုနောက်ဆုံး ဂျာကာတာတွင် ရွှေတံဆိပ် ၁၆ ဆုကို အားကစားနည်း ၅ မျိုးက ဆွတ်ခူးထားခဲ့သည်။ တတိယ စိန်ခေါ်မှုမှာ အိမ်ရှင်နိုင်ငံ ဖြစ်သည့်အားလျော်စွာ နိုင်ငံအလိုက် ပ၊ ဒု၊ တ အဆင့် ဝင်နိုင်ရေး ပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အားကစား အဆင့်အတန်း ပကတိအမှန် တည်ရှိနေခြင်းကို သိမြင်နိုင်ကြရန် ရက်ပေါင်း ၄၀ ကျော်သာ ကျန်ပါတော့သည်။ စောင့်ကြည့်ကြပါစို့။ ။