အားကစား

ဆီးဂိမ်းအတွက် အားကစားဘက်က အဆင်သင့်ဖြစ်ပြီ

This article has been converted from Zawgyi One to Unicode


နေပြည်တော်က လူဦးရေ ၃၀၀၀၀ ဆန့်သည့် အားကစားကွင်းသစ်ကြီးထဲတွင် မကြာခင် ကျင်းပတော့မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပွဲအတွက် ကြိုတင်ပြင်ဆင်နေကြသော အားကစားသမားများ မနက်ခင်း လေ့ကျင့်ရေး အစီအစဉ်အတွက် သွေးပူလေ့ကျင့်ခန်း လုပ်နေကြသည်။

ဒီဇင်ဘာလအတွင်းမှာ ကျင်းပရန်စီစဉ်ထားသည့် ၂ နှစ်လျှင်တကြိမ်ကျင်းပသည့် ဒေသတွင်း အားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်နိုင်ရေး အတွက် အားကစားသမားများ နေ့စဉ် ရက်ဆက် လေ့ကျင့်မှုတွေ ပြုလုပ်နေကြရသည်။ ယခုနှစ်အတွင်း ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံး ပြန်လည်ကျင်းပခြင်းလည်း ဖြစ်သည်။

ဝဏ္ဏသိဒ္ဓိ အားကစားကွင်းကြီးထဲမှာ လေ့ကျင့်နေသော အသက် ၃၅ နှစ်အရွယ် မကေခိုင်လွင်သည် မီတာ ၁၀၀၊ ၂၀၀ နှင့် မီတာ ၄၀၀ ပြေးပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြေးခုန်ပစ်အားကစားမယ် တဦး ဖြစ်သည်။ “ကျမ ရွှေတံဆိပ်တွေ လိုချင်တယ်” ဟု လေ့ကျင့်ခန်း လုပ်ပြီးသွား၍ ခဏနားရင်း မကေခိုင်လွင်က ပြောသည်။

“ဒါကြောင့် ကျမ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ထိုင်းနဲ့ ဗီယက်နမ်က ကျမရဲ့ ပြိုင်ဖက်တွေ ကလည်း သေသေချာချာ လေ့ကျင့်ထားကြတာဆိုတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖို့ ရှိပါတယ်” ဟု သူကဆိုသည်။ သို့သော် အိမ်ရှင် ဖြစ်နေသည့်အတွက် အားသာချက်များ ရှိနေသည်ဟု သူက ထပ်ပြောသည်။

“ကျမတို့ ပြိုင်ဖက်တွေထက် ကျမတို့မှာ အနိုင်ရဖို့ အခွင့်အရေး ပိုကောင်းတယ်။ ကျမတို့ နိုင်ငံ ဖြစ်နေတော့ ပြည်သူတွေက ကျမတို့ကို အားပေးကြမယ်လေ” ဟု မကေခိုင်လွင်က ပြောသည်။

မကေခိုင်လွင်သည် ယခင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ လာအို နှင့် ကမ္ဘောဒီးယားတို့၌ ကျင်းပခဲ့သော ဆီးဂိမ်းပြိုင်ပွဲများ တွင် ရွှေတံဆိပ် အပါအဝင် ဆုတံဆိပ် အများအပြား ရရှိ ထားသူဖြစ်သည်။ သို့သော် ဒေသတွင်းပြိုင်ပွဲတွင် အောင်မြင်မှု ရရှိအောင် ကူညီပေးနိုင်သည့် အတွေ့အကြုံရင့်ကျက်ပြီး ဗဟုသုတကြွယ်ဝသော နည်းပြများဖြင့် လေ့ကျင့် နိုင်ခဲ့ခြင်း မရှိသည့် မြန်မာ ပြိုင်ပွဲဝင်များ၏ အလားအလာနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ရှိနေကြောင်း သူက ပြောသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို အိမ်ရှင် အဖြစ် ၁၉၆၁ နှင့် ၁၉၆၉ ခုနှစ်တို့တွင် ထိုအချိန်က မြို့တော်ဖြစ်သော ရန်ကုန်၌ အိမ်ရှင်အဖြစ် နှစ်ကြိမ် လက်ခံ ကျင်းပခဲ့သည်။ နောက်ဆုံး အကြိမ်မှာ ဗိုလ်ချုပ်ကြီး နေဝင်း အာဏာသိမ်းယူပြီး ၇ နှစ်အကြာတွင်  ဖြစ်သည်။

စစ်အုပ်ချုပ်ရေးကာလအတွင်း တံခါးပိတ် မူဝါဒကြောင့် မြန်မာနိုင်ငံတွင် ဆီးဂိမ်း အိမ်ရှင်အဖြစ်လက်ခံကျင်းပရန် အကြိမ် အများအပြား အလှည့်ကျော်ခဲ့ရပြီး လွန်ခဲ့သော ၂ နှစ် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ တက်လာပြီးနောက်တွင်မှ နိုင်ငံတကာ၏ လက်ခံမှုကို ပြန်လည်ရယူနိုင်ကာ ဒေသတွင်း အားကစားပွဲတော်ကို နောက်ထပ်တကြိမ် အိမ်ရှင်အဖြစ် ကျင်းပရန် ဖြစ်လာခဲ့သည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တရားဝင် စတင်ကျင်းပမည်ဖြစ်ပြီး အားကစားနည်းပေါင်း ၃၅ မျိုးပါဝင်မည် ဖြစ်သည်။ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ပြိုင်ပွဲ အများစုကို နေပြည်တော်တွင် ပြုလုပ်မည် ဖြစ်သည်။ နပမ်း၊ ဟော့ကီ၊ အလေးမနှင့် ဘောလုံးပွဲစဉ် အချို့ကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပသွားမည် ဖြစ်ပြီး ရွက်လှေပြိုင်ပွဲကို ငွေဆောင်ကမ်းခြေတွင် ပြုလုပ်သွားမည် ဖြစ်သည်။

နေပြည်တော်ကို ယခင်စစ်အစိုးရက ခရိုနီ ဆောက်လုပ်ရေးကုမ္ပဏီကြီးများ၏ အကူအညီဖြင့် ငွေကြေးအကြီးအကျယ် အကုန်ကျခံကာ တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် မြို့တော်အဖြစ် ပြောင်းရွှေ့ရုံးစိုက်ခဲ့သည်။ မကြာမီ ကျင်းပရန် ရှိလာသည့် ဆီးဂိမ်းကို အကြောင်းပြု၍လည်း အာဏာပိုင်များ အနေဖြင့် နေပြည်တော်တွင် အဆောက်အဦသစ်များ ထပ်မံ ဆောက်လုပ်ရန် အခွင့်အရေး ဖြစ်စေခဲ့သည်။

လွန်ခဲ့သော နှစ်အတွင်းက ရေကူးကန်၊ မိုးလုံလေလုံ အားကစားရုံတို့ ပါဝင်သော ကြီးကျယ်သည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် ဇေယျာသီရိ ဘောလုံးကွင်းတို့အပြင် အခြားသော အားကစားဆိုင်ရာ နေရာများဖြစ်သည့် စက်ဘီးပြိုင်ကွင်း၊ မြင်းပြိုင်ကွင်းနှင့် တော်ဝင်မြန်မာ ဂေါက်ကွင်း စသည်တို့ကို ဆောက်လုပ်ရေး ကုမ္ပဏီကြီးများက နေပြည် တော်တွင် တည်ဆောက်ခဲ့ကြသည်။

အားကစားပွဲ၏ ဖွင့်ပွဲနှင့် ပိတ်ပွဲများကို မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ အားကစားကွင်းကို မြန်မာလုပ်ငန်းရှင်ကြီးတဦး ဖြစ်သော ဦးဇော်ဇော်ပိုင်ဆိုင်သည့် Max Myanmar Group က တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲ အတွက် ရည်ရွယ်တည်ဆောက်ခဲ့သော ဇေယျာသီရိ အားကစားကွင်းနှင့် မန္တလေးမှ သီရိဘောလုံးကွင်းကိုလည်း သူတို့ ကုမ္ပဏီတည်ဆောက်ခွင့်ရခဲ့သည်။

Max Myanmar Group ၏ ဆောက်လုပ်ရေး ဒါရိုက်တာ ဦးခင်မောင်ကြွယ်က ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသစ်ကြီးအတွက် ဂုဏ်ယူကြောင်း ပြောသည်။ လူ ၃၀၀၀၀ ဆန့်သည့် နိုင်ငံတကာ အဆင့်အတန်းမီ အားကစားကွင်းကြီးတွင် အရေးကြီး ပုဂ္ဂိုလ်များ အတွက် ခုံ နေရာ ၅၀၀ ရှိပြီး လုံခြုံရေး ကင်မရာများလည်း တပ်ဆင်ထားသည်ဟု သူက ဆိုသည်။

ထို့ပြင် ဦးခင်မောင်ကြွယ်က အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ရိုးရာ ဓလေ့များ နှင့် သဘာ၀ အလှတရားများ၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံ့စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကိုလည်း အရှိန် အဟုန်ဖြင့် တိုးတက်လာအောင် ပြုလုပ်ပေးနိုင်လိမ့်မည် ဟုလည်း ပြောသည်။

“အရင်တုန်းကဆိုရင် ကျနော်တို့မှာ အားကစားအတွက် အခြေခံ အဆောက်အဦ ကောင်းတွေ၊ ဒီလို အားကစားကွင်းကြီး တွေ မရှိခဲ့ဘူး။ အခု ကျနော်တို့မှာ ကစားကွင်းကောင်းတွေ ရှိနေပြီ။ အားကစားသမားတွေလဲ ကောင်းကောင်း လေ့ကျင့် နိုင်နေပြီ။ ဆီးဂိမ်း နောက်ပိုင်းကျရင်လည်း မြန်မာ အားကစားသမားတွေ အတွေ့အကြုံတွေရပြီးတော့ ဆက်လက် လေ့ ကျင့်နိုင်ကြပါမယ်။ မြန်မာနိုင်ငံအတွက် အားကစားသမားကောင်းတွေ မွေးထုတ်ပေးနိုင်မယ်လို့ ကျနော် မျှော်လင့်ပါတယ်” ဟု သူကဆိုသည်။

အရှေ့တောင်အာရှ နိုင်ငံများကြားတွင် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်နိုင်ရန် ရည်ရွယ်ချက် ဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ၁၉၅၈ ခုနှစ် မေလမှ စတင်ကျင်းပခဲ့သည်။ ပထမဆုံး အိမ်ရှင် အဖြစ် ထိုင်းနိုင်ငံက လက်ခံကျင်းပ ပေးခဲ့ သည်။

ယခုနှစ်တွင် ကျင်းပမည့် အားကစားပွဲအတွက် မြန်မာနိုင်ငံက ရွေးချယ်ထားသော ဆောင်ပုဒ်မှာ “စိမ်းလန်းမှု၊ သန့်ရှင်းမှု နှင့် ချစ်ကြည်ရင်းနှီးမှု (Green, Clean and Friendship)” ဖြစ်သည်။ သို့သော်လည်း ဆုတံဆိပ် များများ ရရှိနိုင်ရန် အတွက် မြန်မာနိုင်ငံသည် ၎င်း၏ အားကစားသမားများ အကောင်းဆုံး ယှဉ်ပြိုင်နိုင်မည့် အားကစားနည်းများကိုသာ အလေးပေးရွေးချယ်ခဲ့သည်ဟု အခြားပြိုင်ပွဲဝင်မည့် နိုင်ငံများ၏ စွပ်စွဲပြောဆိုမှုခံခဲ့ ရသည်။

“သူတို့ ဆုတံဆိပ်တွေ အများကြီးရမယ့် ကစားနည်း တွေကို ရွေးချယ်ခဲ့တယ်” ဟု ထိုင်းနိုင်ငံ အိုလံပစ် ကော်မတီမှ Charoen Wattanasin က ရိုက်တာသတင်းဌာနသို့ ဖေဖော်ဝါရီ လအတွင်းက ပြောခဲ့သည်။

မြန်မာနိုင်ငံမှ ပြိုင်ပွဲစီစဉ်သူများက ဒေသအတွင်းတွင် ရေပန်းစားသည့် ကစားနည်းများ ဖြစ်သော တင်းနစ်၊ သဲသောင်ပြင် ဘော်လီဘောနှင့် ဂျွမ်းဘားကဲ့သို့သော ကစားနည်း များကို ချန်လှပ် ထားခဲ့ပြီး လူသိနည်းသည့် ရိုးရာ အားကစားနည်း များဖြစ်သည့် ကမ်ပိုနှင့် ဗိုဗီနမ် (မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တွင် ခေတ်စားသော ကိုယ်ခံပညာရပ် နှစ် မျိုး) နှင့် ခြင်းလုံး တို့ကို ပြိုင်ပွဲတွင် ထည့်သွင်းခဲ့သည်။ ခြင်းလုံးသည် မြန်မာ့ရိုးရာ ကစားနည်း ဖြစ်ပြီး ဒေသတွင်းတွင် လူသိ အလွန်နည်းသည်။

ဝဏ္ဏသိဒ္ဓိ မိုးလုံလေလုံ အားကစားရုံအတွင်းတွင် ကာရတေး ကစားသမားအဖွဲ့ လေ့ကျင့်နေသည်ကို အားကစားဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၏ အကြံပေးပုဂ္ဂိုလ် ဦးအောင်ဒင်က စောင့်ကြည့်နေသည်။“မြန်မာ့ အားကစားဟာ အခုဆိုရင် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ရရှိနေပါပြီ။ ဒါဟာ ကျနော်တို့ ရခဲ့သမျှထဲက အမြင့်ဆုံး အဆင့်ပါပဲ” ဟုသူကပြောသည်။

သို့သော်လည်း မကျေနပ်မှုကို ဒေါသဖြင့် ရန်လိုစွာ တုန့်ပြန်တတ်သည့် အားကစားသမား အချို့ နှင့် ပရိသတ်များ ရှိနေ သည့် အတွက် စိတ်ပူမိသည်ဟု သူက ဆိုသည်။ အထူးသဖြင့် ဘောလုံး ပြိုင်ပွဲများတွင် ဖြစ်သည်။

“အားကစားရဲ့ ရည်ရွယ်ချက်က ချစ်ကြည်ရင်းနှီးမှုပိုလာအောင် တည်ဆောက်ဖို့နဲ့ အားကစား သမားတွေကြားမှာ လည်း နီးနီးကပ်ကပ် ဆက်ဆံနိုင်အောင်လို့ပါ။ ဒါပေမယ့် တချို့တွေကျတော့ သူတို့ နိုင်ဖို့လိုတယ်လို့ တွေးတယ်။ ဒါက တဘက် သတ် စိတ်ဆန္ဒပဲ။ ကျနော်တို့ မြန်မာတွေရဲ့ အားနည်းချက်လည်း ဖြစ်နေတယ်။ ဒါက အစိုးရနဲ့ ခေါင်းဆောင် တွေရဲ့ ပုံရိပ် ကိုလည်း ထိခိုက်နိုင်ပါတယ်” ဟု ဦး အောင်ဒင်က ဆိုသည်။

“တချို့ ပရိသတ်တွေက သူတို့ အားပေးတဲ့ အသင်းရှုံးရင် ဒေါသတကြီးနဲ့ အော်ကြဟစ်ကြတယ်။ ဆူဆူပူပူ ဖြစ်အောင် လုပ်ကြတယ်။ အားကစားကွင်းထဲက ပစ္စည်းတွေကို ဖျက်ဆီး ပစ်တတ်ကြတယ်။ ကျနော်တို့ လူကြီးလူကောင်း စိတ်ဓာတ် ထားနိုင်ဖို့ လိုပါတယ်” ဟု လည်း ပြောသည်။

Loading