အားကစား

လူ သေသော်လည်း နာမည် မသေဖို့လိုသည်

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်သည် အောက်တိုဘာ ၂၀ ရက် နေ့က နေပြည်တော်တွင် ရှိသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားကွင်း၊ အားကစားရုံ၊ အားကစား ပြိုင်ဝင်းနှင့် ဆီးဂိမ်းတွင် အသုံးပြုမည့် အားကစား ပစ္စည်းများကို လှည့်လည် ကြည့်ရှုခဲ့သည်။ ယင်းနောက် သမ္မတ ဦးသိန်းစိန်က လာမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်းပြီး မိန့်ခွန်း ပြောကြားခဲ့သည်။ ယင်း မိန့်ခွန်းထဲတွင် နိုင်ငံတော် အားကစားအတွက် အထူး အရေးကြီးသည့် အချက်တချက် ပါဝင်ခဲ့သည်။ “လူငယ်များအတွက် ကောင်းမွန်သည့် အနာဂတ်တခုကို ဖန်တီး ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း” ဟူသည့် မိန့်ကြားချက်ပင် ဖြစ်သည်။ မိမိက သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန် မိန့်ကြားချက်ကို ထောက်ခံ ဆွေးနွေး တင်ပြရန် စိတ်ထဲတွင် မှတ်ထားလိုက်သည်။

နောက်ထပ် ဆီးဂိမ်းနှင့် ပတ်သက်သည့် သတင်းတပုဒ် သတင်းစာနှင့် ရုပ်မြင်သံကြားတွင် ပါလာသည်။ ယင်းသတင်းမှာ ဆီးဂိမ်းတွင် ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ဘောလုံးပွဲများမှအပ ကျန် အားကစားပွဲများကို ဝင်ကြေး မယူဘဲ အခမဲ့ ကြည့်ရှုခွင့် ပြုမည်၊ အခမဲ့ ကြည့်လိုသူများ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့တွင် ဝင်ခွင့်ကတ်ပြားများကို နိုဝင်ဘာ လဆန်းမှစကာ ထုတ်ပေးမည် ဟူသည့် သတင်းပင် ဖြစ်သည်။

ယင်းအကြောင်းကို မိမိက ကန့်ကွက်ဆွေးနွေးရန် စဉ်းစားနေခိုက် မြေးမငယ်က “အဘိုး တယ်လီဖုန်း” ဆို၍ ကောက်ကိုင်လိုက်ရာ “ဆရာထွေး ကြားပြီးပြီလား၊ ဗိုလ်မှူး ဖေသိန်း ဆုံးသွားပြီ တဲ့”။ သူ့စကားအဆုံးမှာ ကျနော် ငိုင်သွားမိသည်။

ကျနော်တို့က နှုတ်ကျိုးနေသဖြင့် ဗိုလ်မှူးဟု ခေါ်နေကြသည့် ဦးဖေသိန်း တယောက် ဆုံးပါးသွားသည် ဟူသော သတင်းမှာ တနေ့နေ့ တချိန်ချိန်တွင် ကြားရမည့် သတင်းဟု သိထားသည်။ ဆရာ ဖေသိန်းတွင် ယနေ့ထက်တိုင် ကမ္ဘာတွင် ကုရာနတိ္ထ ဆေးမရှိသည့် “ကင်ဆာ” ရောဂါ စွဲကပ်နေသည်ကို သိရသည်မှာ မကြာသေးပါ။ လည်ပင်းတွင် အကျိတ် ပေါက်လာသဖြင့် မြန်မာပြည်တွင်းရှိ ရောဂါ စမ်းသပ်ရှာဖွေရေးဌာန နှစ်ခုတွင် သီးခြား စမ်းသပ်ရှာဖွေ ခဲ့သည်။ တခုက ရောဂါတွေ့သည်ဟု အဖြေထုတ်သည်။ နောက်တခုက ရောဂါ မတွေ့ဟု အဖြေပေးသည်။

မတူညီသော ယင်း အဖြေနှစ်ခုကြောင့် မှန်ကန်တိကျသော အဖြေရရန် ထိုင်းနိုင်ငံသို့ သွားရောက် စစ်ဆေးခဲ့သည်။ ထိုင်းဆေးရုံကြီးက ရောဂါရှိသည်ကို အတည်ပြုသည်။ ထိုင်းမှာပင် ဆေးဝါးကုသမှု ခံယူခဲ့သည်။ အတန်ငယ် ကျန်းမာလာသောအခါ မြန်မာနိုင်ငံသို့ ပြန်လာသည်။ အားကစား ဆောင်းပါးများ ဆက်ရေးသည်။ စည်းကမ်း ထိန်းသိမ်းရေး အစည်းအဝေး မှန်မှန်တက်သည်။ သို့သော် ယခင်က ဆရာ ဖေသိန်း မဟုတ်တော့ပါ။ အသံ ပြောင်းလာသည်။ အကြားအာရုံ ချို့တဲ့လာသည်။ အသက် ၇၃ နှစ်အရွယ်နှင့် မလိုက်အောင် ခါးကိုင်းသွားသည်။ စက်တင်ဘာ လကုန် အောက်တိုဘာ လဆန်း ကတည်းက ဆရာ ဖေသိန်း ဆောင်းပါးများ မတွေ့ရတော့ပါ။ အစည်းအဝေးပွဲလည်း မတက်နိုင်တော့ပါ။ နိုင်ငံခြားထွက်၍ ဆေးကုမည်လားဟု မေးသောအခါ ခေါင်းခါပြသည်။ ကင်ဆာက အဆုတ်နှင့် ဦးနှောက်ထဲသို့ ပျံ့နှံ့နေပြီဟု သိရသည်။

အားကစား ဆောင်းပါးရှင်ကောင်း တယောက် ဆုံးရှုံးရပြန်ပြီ ဖြစ်သည်။ ဆရာ ဖေသိန်း အရင်ကလည်း အားကစား ဆောင်းပါးရှင် ၃ ဦး ကွယ်လွန်ခဲ့ကြပြီး ဖြစ်သည်။ ဆရာ ခင်မောင်နိုင်၊ ဆရာ ခင်မောင်အုန်း၊ ကျောက်ဘီလူး တင်မောင်ဆွေတို့ ဖြစ်ကြသည်။ ဆရာ ခင်မောင်နိုင်ကလည်း တပ်မတော် အရာရှိဘ၀ ကတည်းက အားကစား ဆောင်းပါးများ ရေးသားလာသူ ဖြစ်သည်။ သူက ဘောလုံး အထူးပြု ဖြစ်သည်။ နည်းစနစ်ပိုင်းကို အထူးဝေဖန် ရေးသားလေ့ရှိသူတဦး ဖြစ်သည်။ အရွယ်ကောင်းစဉ်မှာပင် မမျှော်လင့်ဘဲ အလ္လာအရှင်မြတ် ခေါ်ခြင်းကို ခံလိုက်ရသည်။

နောက် တယောက်ကတော့ ဆရာ ခင်မောင်အုန်းဖြစ်သည်။ ကျောင်းသား ခေါင်းဆောင်ဟောင်း တဦးဖြစ်သည်။ ယခင့်ယခင် အစိုးရများ လက်ထက်တွင် ကိုကိုးကျွန်းသို့ အပန်းဖြေဒုက္ခ ကြီးမားစွာခံရအောင် ပို့လွှတ်ခြင်း ခံရသူများထဲတွင် တဦးအပါအဝင် ဖြစ်သည်။ တော်လှန်ရေး ကောင်စီ အစိုးရ လက်ထက်ကျတော့ တက္ကသိုလ် အုပ်ချုပ်ရေးရုံး လက်ထောက် အုပ်ချုပ်ရေးမှူး၊ မန္တလေး တက္ကသိုလ် အုပ်ချုပ်ရေးမှူးနှင့် ရန်ကုန် စက်မှုတက္ကသိုလ် အုပ်ချုပ်ရေးမှူး ဘဝတွင် သက်ပြည့်ပင်စင် ယူခဲ့သည်။ အားကစားသာမက “မိုးဟိန်းကို” ကလောင်အမည်ခွဲဖြင့် နိုင်ငံရေး ဆောင်းပါးများ၊ စာအုပ်များလည်း ရေးသားခဲ့သူဖြစ်သည်။ ပညာ အရည်အချင်းက B.A, B.L ဟု ထင်သည်။

နောက် တယောက်ကတော့ ကျောက်ဘီလူး တင်မောင်ဆွေ ဖြစ်သည်။ သူကတော့ အားကစား စွယ်စုံရသူ ဖြစ်သည်။ အနောက်ဂျာမနီနိုင်ငံ ကိုလုန်း အားကစား တက္ကသိုလ်တွင် ပညာဆည်းပူး ခဲ့သူဖြစ်သည်။ အလုပ်ကလည်း စုံသည်။ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဖာဘွဲ့ရပြီးတော့ ရန်ကုန်တက္ကသိုလ် လက်ထောက် အဆောင်မှူး၊ ပြီးတော့ လုပ်သားပြည်သူ့ နေ့စဉ်တွင် အယ်ဒီတာ၊ ပြီးတော့ အားကစားနှင့် ကာယပညာ ဦးစီးဌာနသို့ ပြောင်းသည်။ အားကစား လောကတွင် ထင်ရှားကျော်ကြားခဲ့သော အား/ကာ ဂျာနယ်ကို သူနှင့် ဆရာ စိန်မျိုးမြင့် နှစ်ဦးတည်းဖြင့် အောင်မြင်စွာ ထုတ်ဝေခဲ့သည်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံ တပ်သားအဖြစ် အငြိမ်းစား အပေးခံရသည်။ အင်အား အားကစား ဂျာနယ်တွင် ပင်တိုင်သဖွယ် အားကစား ဆောင်းပါးများ ရေးသားခဲ့သည်။

စာရေးသူတို့ထက် အားကစားစာပေ ဝါကြီးသူများ၊ အသက်အရွယ်အရ ကြီးမြင့်သည့် အားကစား ဆောင်းပါးရှင်ကြီးများ သက်ရှိထင်ရှား ရှိနေပါသေးသည်။ သူတို့ကတော့ ဆရာ စစ်ကိုင်း (ကြည်ညွှန့်)၊ ဆရာ မိုးမိုးတာရောဆန်၊ ဆရာ မင်းလှလင်းရောင်၊ ဆရာ မောင်ရဲဝင်း၊ ဆရာတက္ကသိုလ် ကိုကိုကြီးတို့ ဖြစ်ကြသည်။ သူတို့ကား သက်ရှိထင်ရှား ရှိနေပါသော်လည်း စာပေ မပြုစုနိုင်ကြတော့ပါ။ အားကစား ဆောင်းပါးများ မရေးနိုင်ကြတော့ပါ။ ဝေဒနာနှင့် ဇရာ ဖိစီးမှုကြောင့်ပင် ဖြစ်သည်။

မိုးမိုးတာရောဆန် အမည်ခံ ဗိုလ်မှူးကြီး ခင်မောင်သောင်းမှာ အားကစား ဆောင်းပါးများသာမက မျိုးချစ်စိတ် ထက်သန်စေမည့် ဆောင်းပါးများကို အားကစား အခြေခံ၍ ရေးသားခဲ့သူ ဖြစ်သည်။ ယခုတော့ အသက်အရွယ် အိုမင်းရင့်ရော်မှုက စာပေပြုစုခြင်းကို ခွင့်မပြုတော့ပါ။ အထူးသဖြင့် အကြားအာရုံ ချို့တဲ့နေပြီ ဖြစ်သည်။

စာပေ ပြုစုရေးသားခြင်းမှ အနားယူနေပြီ ဖြစ်သော နောက်ထပ် အားကစားကလောင်ရှင် တဦးမှာ မင်းလှလင်းရောင် ကလောင်အမည်ရှိ ဒုတိယ ဗိုလ်မှူးကြီး လှမိုးပင် ဖြစ်သည်။ ဒု ဗိုလ်မှူးကြီး လှမိုး၏ မြန်မာ့အားကစား လောကအတွက် အထူး အောင်မြင်စွာ စွမ်းဆောင်မှုမှာ ၁၉၆၉ ခုနှစ် မြန်မာနိုင်ငံ၌ ကျင်းပသည့် ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့ အောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လင်းရောင် (မင်းလှ) အမည်ဖြင့် အားကစား ဆောင်းပါးများ ရေးသားခဲ့သူ ဖြစ်သည်။ ယခုတော့ အသက်အရွယ်အရ တရားဓမ္မနှင့် ပျော်မွေ့နေပြီ ဖြစ်သည်။

တပ်မတော် အရာရှိဘဝမှ စကာ ဒုတိယဝန်ကြီးအဆင့် ရောက်သည်အထိ အားကစား ဆောင်းပါးများကို ကလောင်ခွဲ များစွာဖြင့် ရေးသားသူ ဖြစ်သည့် ဆရာ စစ်ကိုင်း ကြည်ညွန့်မှာ ယခုအခါ ရောဂါဝေဒနာ ခံစားနေရသဖြင့် လမ်းပင် မလျှောက်နိုင်တော့ပါ။ စာရေးခြင်းလည်း မရှိတော့ပါ။

ဆရာ ဦးကိုကိုကြီးမှာ တက္ကသိုလ်ကျောင်းသား ဘဝကပင် မဏ္ဍိုင်သတင်းစာ အားကစား ကဏ္ဍတွင် အားကစား သတင်း၊ အားကစား ဆောင်းပါးများ စတင် ရေးသားခဲ့သည်။ သက်လုံနှင့် တံခွန်ဂျာနယ် တို့တွင်လည်း အားကစား ဆောင်းပါးများကို ရေးသားခဲ့သည်။ ဆရာကိုကိုကြီးမှာ သတင်းစာအယ်ဒီတာ အဖြစ် ဟန်ဂေရီနိုင်ငံ ဘူဒါပက်မြို့ရှိ တက္ကသိုလ်တွင် သတင်းစာ ပညာရပ်များကို ဆည်းပူးခဲ့သည်ကို အစွဲပြု၍ သတင်းစာ လောကတွင် ဟန်ဂေရီ ကိုကိုကြီးဟု လူသိများသည်။ ၁၉၈၈ အရေးတော်ပုံ အပြီးတွင် လအတန်ကြာ ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ အသက် မပြည့်သော်လည်း ပင်စင် ယူလိုက်ရသည်။ Goal အားကစား ဂျာနယ်ကို ဦးစီးထုတ်ဝေခဲ့သည်။ ယခုအခါ လေဖြန်းထားသဖြင့် စာမရေးနိုင်တော့ပါ။

မောင်ရဲဝင်းမှာ တချိန်တခါက မြန်မာနိုင်ငံတွင် လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည့် အားကစား ဆောင်းပါးရှင် တဦးဖြစ်သည်။ ဦးခေါင်းကို နှစ်ကြိမ်တိုင်တိုင် ခွဲစိတ်ကုသခြင်း ခံလိုက်ရသဖြင့် သမားတော်ကြီးများက စာရေး၊ စာဖတ်ခြင်း မပြုရန် ညွှန်ကြားခြင်း ခံထားရသည်။ စာလုံးဝမရေးနိုင် တော့ပါ။

မြန်မာနိုင်ငံတွင် ဘောလုံး အားကစားနည်းနှင့် ပတ်သက်၍ သူမတူအောင် ရေးသားနိုင်ကြသည့် ကလောင်ရှင်များ ရှိနေပါသည်။ သို့ရာတွင် ဘောလုံးမှ လွဲ၍ အခြားသော အားကစားနည်းများအကြောင်း ရေးနိုင်သူ ရှားပါသည်။ ထိုရှားပါးသူများထဲတွင် ကွယ်လွန်သူ ဆရာ ဖေသိန်းလည်း ပါပါသည်။ ဆရာ ဖေသိန်းသည် မြန်မာနိုင်ငံတွင် “မန်ယူအထူးပြု” ကလောင်ရှင်ဟု လူသိများပါသည်။ သို့သော် ဆရာ ဖေသိန်းသည် မြန်မာ့ အားကစား အကြောင်း အပါအဝင် အခြား အားကစားများ အကြောင်း ဆောင်းပါးများကို အားကစား ဂျာနယ်များတွင် ရေးသားခဲ့သူ ဖြစ်ပါသည်။ ယခုတော့ ဆရာ ဖေသိန်း ကွယ်လွန်သွားရှာပြီ ဖြစ်သည်။ လူပင် သေသော်ငြားလည်း ဆရာ ဖေသိန်းအမည်မှာ မြန်မာအားကစား စာပေလောကတွင် အစဉ်ထာဝရ တည်ရှိ နေမည်မှာ အမှန်ပင် ဖြစ်ပါသည်။ အသိပညာ၊ အတတ်ပညာ၊ အနုပညာ စသည့် နယ်ပယ် အသီးသီးမှ ပုဂ္ဂိုလ်များ၊ အများပြည်သူနှင့် ထိတွေ့နေကြရသူ အားလုံး လူပင် သေသော်ငြားလည်း နာမည် မသေအောင် ကြိုးစားကြဖို့ လိုမည်ဟု ထင်မိကြောင်းပါ ခင်ဗျာ။ ။

Loading