အားကစား

ဆီးဂိမ်း ရွက်လှေပြိုင်ပွဲတွင် မြန်မာ ရွှေတံဆိပ် ၃ ခု အတိအကျရမည် ဟုဆို

This article has been converted from Zawgyi One to Unicode

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ ဆီးဂိမ်း ရွက်လှေပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၃ ဆု အတိအကျ ရရှိနိုင်မည် ဖြစ်ကြောင်း ပြိုင်ပွဲဝင်မည့် ရွက်လှေ အားကစားသမားများက ပြောသည်။

ရန်ကုန် ရွက်လှေအသင်းတွင် ယနေ့ ပြုလုပ်သည့် ဆီးဂိမ်း ရွက်လှေပြိုင်ပွဲ သတင်းစာရှင်းလင်းပွဲတွင် ရွက်လှေပြိုင်ပွဲ
ဝင်ရောက် ယှဉ်ပြိုင်ကြမည့် လက်ရွေးစင် အားကစားသမားများက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကျမတို့ ရွှေတံဆိပ်ကို တထစ်ချ မျှော်လင့်ထားတာ ၃ ခုရှိတယ်၊ ကျမတို့ရဲ့ အားသာချက်တွေကြောင့် သေချာပေါက် ရွှေတံဆိပ်ရနိုင်မှာပါ။ မှန်းထားတာကတော့ ၅ ခု ပေါ့” ဟု လက်ရွေးစင် အားကစားသမား မဆုမြတ်စိုးက ပြောသည်။

လာမည့် ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရန်ကုန်မြို့နှင့် ငွေဆောင်ကမ်းခြေတွင် ပြုလုပ်မည့် အရှေ့တောင်အာရှ
ဆီးဂိမ်း ရွက်လှေပြိုင်ပွဲတွင် မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတို့ရှိ အားကစားသမား ၁၂၅ ဦးက ရွက်လှေအားကစားနည်း ၁၃မျိုးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး ဟု သိရသည်။

မြန်မာနိုင်ငံ ကိုယ်စားပြု ရွက်လှေအသင်းတွင် နည်းပြအဖြစ် မြန်မာနိုင်ငံသား လေ့ကျင့်ရေးမှူး ၂ ဦးနှင့် နိုင်ငံခြားသား လေ့ကျင့်ရေးမှူး ၇ ဦးတို့က ပြိုင်ပွဲဝင်မည့် အားကစားသမား ၂၅ ဦးကို ၂၀၁၂ ခုနှစ် သြဂုတ်လမှ စတင်ကာ ပြိုင်ပွဲဝင်ရန် စခန်းသွင်း လေ့ကျင့်စေခဲ့ပြီး လက်ရှိတွင် ပြင်ဆင် လေ့ကျင့်မှုများသည် အပြီးသတ် အခြေအနေတွင် ရှိနေပြီဟု ယနေ့ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်လိုက်သည်။

“အားကစားသမား တွေကို ပြိုင်ပွဲမှာ အကောင်းဆုံး အနေအထားဖြစ်အောင် ပြိုင်ဖို့ပဲ ပြောထားတယ်၊ ရွှေတံဆိပ် ရရမယ်ဆိုတဲ့ စိတ်မထားခိုင်းဘူး။ ဖိအားတခု ဖြစ်သွားတတ်တယ်” ဟု မြန်မာနိုင်ငံ ရွက်လှေအသင်းချုပ် ဥက္ကဋ္ဌ ဦးမိုးမြင့်က ပြောသည်။

အားကစားသမားများ အနေဖြင့် တခြားနိုင်ငံမှ ပြိုင်ဘက်များနှင့် တခြားသော ပြိုင်ပွဲများတွင်လည်း ယှဉ်ပြိုင်ဖူးသည့် အတွက်
စိုးရိမ်စရာ မရှိနိုင်ကြောင်း ဦးမိုးမြင့်က ဆိုသည်။

လတ်တလော အချိန်သည် လုံခြုံရေးအခြေအနေ တင်းကျပ်ရမည့် အတွက်ကြောင့် ရွက်လှေပြိုင်ပွဲတွင် အပြင်စည်းနှင့် အတွင်းစည်း ဟူ၍ လုံခြုံရေးစည်း ၂ စည်း ထားရှိမည်ဟုလည်း ၎င်းက ရှင်းပြသည်။

ငွေဆောင်တွင် ကျင်းပမည့် ရွက်လှေပြိုင်ပွဲတွင် အရှေ့တောင်အာရှ ခြောက်နိုင်ငံမှ အရာရှိများ၊ အားကစားသမားများနှင့်
မြန်မာ့ လက်ရွေးစင် အားကစားသမားများ တည်းခိုနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၆ ဒဿမ ၇ သန်း ကုန်ကျသည့် ငွေဆောင် ရွက်လှေအသင်း အဆောက်အအုံကို တည်ဆောက်ထားပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကို ဒေသဆိုင်ရာ အားကစားပြိုင်ပွဲအဖြစ် လက်ခံ ကျင်းပစဉ်က ရွက်လှေအားကစားကို ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပခဲ့ဖူးသည်။

Loading