၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများ ကျင်းပရန် ရက်ပေါင်း ၂၀ ကျော်သာ လိုပါတော့သည်။ ပြိုင်ပွဲ အားလုံး မဟုတ်သော်လည်း အားကစားနည်း တချို့မှာ ဆီးဂိမ်း ဖွင့်ပွဲမတိုင်မီ ဒီဇင်ဘာ ပထမပတ် ကတည်းက စတင် ကျင်းပတော့မည် ဖြစ်သည်။ ဘောလုံးက အစောဆုံး ဖြစ်သည်။ ဒီဇင်ဘာ ၁ ရက်၊ တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်သည်။
ယူ ၂၃ အမျိုးသား ဘောလုံးပွဲတွင် ဝင်ယှဉ်ပြိုင်ရန် နိုင်ငံအားလုံးက စာရင်းပေးထားပြီး ဖြစ်သော်လည်း ဖိလစ်ပိုင် အသင်းက အုပ်စုများ ခွဲပြီးတော့မှ ပြိုင်ပွဲမှ နုတ်ထွက်သွားသည်။ သို့ဖြစ်၍ ဘောလုံးအသင်း ၁၀ သင်း ကျန်မည် ဖြစ်သည်။ ဘောလုံးပွဲ များကို နေပြည်တော် ဇေယျာသီရိ အားကစား ပြိုင်ဝင်းတွင် တအုပ်စု၊ ရန်ကုန် သုဝဏ္ဏ အားကစား ပြိုင်ဝင်းတွင် တအုပ်စု ကစားကြရမည် ဖြစ်သည်ဆို၏။ ၆ သင်းပါ တအုပ်စုနှင့် ၅ သင်းပါ တအုပ်စု ခွဲပြီးတော့မှ ၆ သင်းအုပ်စုမှ ဖိလစ်ပိုင် အသင်းက နုတ်ထွက်သွား သဖြင့် ၅ သင်း နှစ်အုပ်စု ယှဉ်ပြိုင်ရတော့မည် ဖြစ်သည်။ ၅ သင်းပါ အုပ်စုတွင် ပွဲငယ်ပေါင်း ၁၀ ပွဲရှိသည်။ သို့ဖြစ်ရာ အုပ်စု အမှတ်ပေး ပွဲပေါင်း ၂၀ တိတိ ရှိသည်။ တအုပ်စုဆီမှ ပထမနှင့် ဒုတိယရသည့် အသင်းလေးသင်း ရှုံးထွက် စနစ်ဖြင့် အကြိုဗိုလ်လုပွဲ ၂ ပွဲ ကစားရန် ရှိသည်။ နောက်ဆုံး ဗိုလ်လုပွဲနှင့် တတိယ နေရာလုပွဲ အတွက် နှစ်ပွဲ ကစားရမည် ဖြစ်သည်။ သို့ပါ၍ အမျိုးသား ဘောလုံးပွဲ စုစုပေါင်း ၂၄ ပွဲ ရှိသည်။ အုပ်စုပွဲများအတွက် ဘောလုံးကွင်းများ ကြိုတင် သတ်မှတ် ထားသော်လည်း အကြို ဗိုလ်လုပွဲ ၂ ပွဲနှင့် တတိယနှင့် ဗိုလ်လုပွဲ ကစားမည့် နေရာများကိုမူ သတ်မှတ်ထားခြင်း မရှိသေးပါ။
အမျိုးသမီး ဘောလုံးပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းသွင်း ထားသည့် နိုင်ငံ ၈ နိုင်ငံ ရှိသည်။ ၄ သင်း တအုပ်စုဖြင့် နှစ်အုပ်စု ကစားဖွယ် ရှိသည်။ ၄ သင်း တအုပ်စုတွင် ပွဲငယ်ပေါင်း ၆ ပွဲရှိရာ နှစ်အုပ်စု ပေါင်းလျှင် ၁၂ ပွဲရှိသည်။ ရှုံးထွက် အကြို ဗိုလ်လုပွဲ ၂ ပွဲ၊ ပထမနှင့် တတိယ နေရာလုပွဲ ၂ ပွဲပေါင်းလျှင် အမျိုးသမီး ဘောလုံးပွဲ ၁၆ ပွဲ ရှိမည်ဖြစ်သည်။
ဝင်ရောက် ယှဉ်ပြိုင်သည့် နိုင်ငံတိုင်းကတော့ မိမိတို့ ဘောလုံးအသင်း ရွှေတံဆိပ်ရရန်အတွက် ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။ အမျိုးသား အသင်းပေါင်း ၁၁ သင်း ယှဉ်ပြိုင် ကစားကြရာ နောက်ဆုံးတော့ ပထမ ရသည့်အသင်း၊ ရွှေတံဆိပ်ရမည့် အသင်းကတော့ တသင်းတည်းသာ ရှိသည်။
ဘယ်နိုင်ငံက ဘောလုံးပြိုင်ပွဲတွင် ပထမ ရမလဲ ဆိုသည်ကို မြန်မာနိုင်ငံမှ ဘောလုံး ဝါသနာရှင်များနှင့် အတူ ပြိုင်ပွဲဝင် နိုင်ငံများမှ ဘောလုံး ဝါသနာရှင် များကလည်း စိတ်ဝင်စား နေကြသည်။ မြန်မာ ယူ ၂၃ လက်ရွေးစင် ဘောလုံးအသင်း၏ အောင်မြင်မှုကို ပို၍ လိုလားကြသည်။ ဆီးဂိမ်း ရွှေတံဆိပ် ရရှိစေချင်ကြသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာ လက်ရွေးစင် အသင်းကြီးက ၁၉၇၇ ခုနှစ်မှ စကာ ၁၉၉၉ ခုနှစ် အထိ ၂၂ နှစ်အတွင်း ပထမ မရခဲ့ပါ။ ရွှေတံဆိပ် မဆွတ်ခူး နိုင်သေးပါ။ ၂၀၀၁ ခုနှစ်မှ စကာ ၂၀၁၁ ခုနှစ် အထိ ၁၀ နှစ် အတွင်းတွင် မြန်မာ ယူ ၂၃ ဘောလုံးအသင်းသည် ပထမ မရခဲ့ပါ၊ ရွှေတံဆိပ် မရခဲ့ပါ။ ငွေတံဆိပ်နှင့် ကြေးတံဆိပ်တောင် မှန်မှန် မရခဲ့ပါ။
မြန်မာ ယူ ၂၃ အမျိုးသား လက်ရွေးစင် အသင်း၏ အနီးကပ်ဆုံး အောင်မြင်မှုမှာ ၂၀၁၁ ဂျကာတာ ဆီးဂိမ်းတွင် တတိယ ကြေးတံဆိပ် ရရှိခဲ့ခြင်း ဖြစ်သည်။ အုပ်စုပြိုင်ပွဲတွင် ဗီယက်နမ် အသင်းနှင့် အမှတ်တူ သော်လည်း ဂိုးကွာဟချက်ဖြင့် အုပ်စု ဒုတိယဖြင့် အကြို ဗိုလ်လုပွဲ တက်သည်။ မလေးရှား အသင်းကို ၀ း ၁ ဖြင့် ရှုံးသည်။ တတိယ နေရာလုပွဲတွင် ဗီယက်နမ် ဘောလုံးအသင်းနှင့် ပြန်တွေ့သည်။ ၄ း ၁ ဖြင့် နိုင်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင် အာရှ ကစားပွဲတွင် မြန်မာ ယူ ၂၃ အမျိုးသား လက်ရွေးစင် အသင်းများထဲမှ ပထမဆုံး ရွှေတံဆိပ်ရသည့် အသင်းဖြစ်အောင် မြန်မာ ယူ ၂၃ အသင်း အထူး ပြင်ဆင်နေသည်မှာ ပြိုင်ပွဲ ကစားရန် ၁၀ ရက် အလိုအထိ ခြေစမ်းပွဲ ကစားရန် စီစဉ်ထားသည်။ ၂၀၁၆ ခုနှစ် ကမ္ဘာ့အိုလံပစ် အားကစားပွဲ ဘောလုံးပြိုင်ပွဲ အတွက် ရည်ရွယ်ဖွဲ့စည်း လေ့ကျင့်နေသည်။ ဂျပန် ယူ ၂၁ အိုလံပစ် အသင်းနှင့် ခြေစမ်းဦးမည် ဖြစ်သည်။
၂၀၁၁ ဂျကာတာ ဆီးဂိမ်းတွင် မလေးရှား (ပထမ)၊ အင်ဒိုနီးရှား (ဒုတိယ)၊ မြန်မာ (တတိယ) နှင့် ဗီယက်နမ် (စတုတ္ထ) ဖြစ်သည်။ ဆီးဂိမ်းတွင် ဘောလုံး အစဉ်အလာ ကြီးမားသည့် ထိုင်းမှာ အုပ်စု အဆင့်မှာပင် ရှုံးနိမ့်ခဲ့ရသည်။ မွေးစား ကစားသမား များကြောင့် နာမည်ကျော်နေသည့် စင်ကာပူကလည်း အုပ်စု မကျော်ခဲ့ပါ။
ကျင်းပတော့မည့် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသည့် ၁၁ နိုင်ငံ စလုံးမှာ ဘောလုံး ရွှေရောင်အိပ်မက် ကိုယ်စီ ရှိကြသည်။ အိမ်ရှင် မြန်မာ၊ လက်ရှိ ဆီးဂိမ်းဘောလုံး ရွှေတံဆိပ်ရှင် မလေးရှား၊ အရှေ့တောင် အာရှတွင် ဘောလုံး အစဉ်အလာ ကြီးသည့် အင်ဒိုနီးရှား၊ ထိုင်းတို့နှင့် အတူ PR ဘောလုံးသမားများဖြင့် ဘောလုံး အဆင့်အတန်း မြှင့်တင်နေသည့် စင်ကာပူ လက်ရွေးစင် ဘောလုံးအသင်း တို့ကို ထိပ်တန်း ဦးစားပေး စာရင်းတွင် ထည့်ထားသင့်သည်။
သို့သော် လာအို၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အရှေ့တီမောနှင့် ဘရူနိုင်း လက်ရွေးစင် ဘောလုံးအသင်း များကလည်း လျှော့တွက်၍ မရပါ။ အသင်းကြီးများ ရွှေတံဆိပ် ရရေးကို အဟန့်အတား ဖြစ်စေနိုင်သည့် အသင်းများ ဖြစ်သည်။
မြန်မာ ယူ ၂၃ အသင်းကတော့ ခပ်ကွင်း ပြင်တုန်းပင် ရှိသည်။ တောင်ကိုရီးယားနှင့် ဂျပန် တို့တွင် ရှုံးကောင်းဆဲ ဖြစ်သည်။ အမှန်ကတော့ ရှုံးသည်မှာ မဆန်းပါ။ တောင်ကိုရီးယား၊ ဂျပန် နိုင်ငံတို့၏ ဘောလုံး အဆင့်အတန်းနှင့် လက်ရှိ မြန်မာဘောလုံး အဆင့်အတန်းမှာ ကွာလွန်းအားကြီးသည်။ ဂျပန်နှင့် တောင်ကိုရီးယားတို့က ကမ္ဘာ့အဆင့် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဘောလုံး အဆင့်အတန်း ကတော့ ဆီးဂိမ်းမှာပင် ရွှေတံဆိပ် မရဘူးသေးသည့် အဆင့်ဖြစ်သည်။
ဆီးဂိမ်း ဘောလုံးပွဲများ စတင် ကျင်းပရန် များစွာ မလိုတော့သည့် အချိန်တွင် ခြေစမ်းပွဲများကြောင့် မြန်မာဘောလုံး သမားများ ထိခိုက်နာကျင် ခဲ့လျှင်မူ ခြေစမ်းပွဲများသည် ကောင်းကျိုးထက် ဆိုးကျိုး ဖြစ်ပေလိမ့်မည်။
မြန်မာ ယူ ၂၃ အမျိုးသား လက်ရွေးစင် ဘောလုံးအသင်း၏ ရွှေရောင် အိပ်မက်ကတော့ မနိုးတဝက်၊ နိုးတဝက်ဖြင့် မပီပြင် သေးသည်ကတော့ အမှန်ပင် ဖြစ်ပါသည်။
ဆီးဂိမ်းတွင် မြန်မာ အမျိုးသမီး ဘောလုံးအသင်း၏ ရွှေရောင် မျှော်လင့်ချက်မှာ အမျိုးသား အသင်းထက် ပိုမို ပီပြင်သည်ဟု ဆိုရမည် ဖြစ်သည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲကို ဆီးဂိမ်းတွင် ၁၉၉၅ ခုနှစ် ဇင်းမယ် ပြိုင်ပွဲကျမှ စတင် ထည့်သွင်းခဲ့သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် ဇင်းမယ် ကတည်းက စတင် ပါဝင်ခဲ့သည်။ ထိုစဉ်က မလေးရှားနှင့် ဖိလစ်ပိုင် အသင်းတို့က ထိပ်တန်း အဆင့်တွင် ပါသည်။ ဗီယက်နမ်ကမူ ပါဝင် ယှဉ်ပြိုင်ခြင်းပင် မရှိသေးပါ။
မြန်မာ အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်းက ဆီးဂိမ်းတွင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ထည့်သွင်း ကျင်းပသည့် အကြိမ်တိုင်း ဝင်ပြိုင်သည်။ ပြိုင်သည့် အကြိမ်တိုင်း ဆုရသည်။ ရွှေဆု မဟုတ်၊ ငွေနှင့် ကြေးသာ ဖြစ်သည်။ အခြားသော တံခွန်စိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ် ရသည်။ အာရှ ပြိုင်ပွဲများပင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရသည်။ သို့သော် ဆီးဂိမ်း ဘောလုံး ရွှေတံဆိပ်နှင့် မြန်မာ အမျိုးသမီး အသင်း “လမိုင်း” မကပ် သေးပါ။
ပြည်တွင်း အမျိုးသမီး ဘောလုံး လှုပ်ရှားမှုနှင့် နှိုင်းစာလျှင် အောင်မြင်မှုက ပိုမိုသည်ဟု ဆိုရမည် ဖြစ်သည်။ အမျိုးသမီး ဘောလုံးသမား များမှာ သဒ္ဒါကြေး စား၍ ဘောလုံးကစား နေရခြင်း ဖြစ်သည်။ အမျိုးသမီး ဘောလုံးကလပ်များ ပီပီပြင်ပြင် မရှိသေးပါ။ အမျိုးသမီး လိဂ်ပြိုင်ပွဲလည်း မရှိသေးပါ။ ပြည်နယ်နှင့် တိုင်း ဘောလုံးပွဲ တပွဲသာလျှင် အမျိုးသမီး များအတွက် အားထားရသည့် တခုတည်းသော ပြိုင်ပွဲဖြစ်သည်။ အမျိုးသမီး ဘောလုံးသမားများမှာ အပျော်တမ်း အဆင့် သာသာမှာပင် ရှိသည်။ သို့သော် အမျိုးသမီး အသင်းက အမျိုးသား အသင်းထက် အောင်မြင်မှု ပိုမိုရသည်။ အားပေးခံရမှုကား နည်းသည်။ အမျိုးသား ယူ ၂၃ အသင်းက တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံများတွင် လေ့ကျင့်နေစဉ် အမျိုးသမီး အသင်းကတော့ ပြည်တွင်းမှာပင် လေ့ကျင့်နေ ကြရသည်။ တောင်ကြီးမှာ လေ့ကျင့်ရသည်။ တောင်ကြီး ရာသီဥတုကိုတော့ သတိထား ရမည်ဖြစ်သည်။ နိုဝင်ဘာလထဲတွင် တောင်ကြီး ဆောင်းတွင်းက အအေးပိုသည်။ တခု ကောင်းတာကတော့ ကမ္ဘောဇက အနီးကပ် အားပေးနိုင်ခြင်းပင် ဖြစ်သည်။
စတော့မည့် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် ဘောလုံး ကစားနည်းက ရွှေတံဆိပ် တခုသာ ရမည်ဆိုလျှင် စာရေးသူကတော့ မြန်မာ အမျိုးသမီး လက်ရွေးစင် ဘောလုံးအသင်း ကိုသာ ရွေးချယ်ချင်သည်။ လက်တွေ့ဆန်သော ရွှေရောင်အိပ်မက် ဖြစ်သည်။
စိတ်ကူးယဉ်ရမည် ဆိုလျှင်တော့ ဘောလုံးမှရမည့် ရွှေတံဆိပ် ၂ ဆု စလုံးကို ရချင်သည်။ သားတို့၊ သမီးတို့ ရွှေတံဆိပ် ကိုယ်စီ လည်မှာဆွဲကာ အောင်ပွဲခံနေကြမည်ကို မြန်မာ တမျိုးသားလုံးက ဆန္ဒ ပြင်းပြစွာနှင့် မျှော်လင့်နေကြသည်။ သားတို့၊ သမီးတို့က ပြည်သူတွေ မျှော်လင့်ကျိုး နပ်အောင် ကြိုးစားပေးကြစေ လိုပါသည်။