မြန်မာနိုင်ငံ နေပြည်တော် ဗဟိုပြု၍ ရန်ကုန်၊ မန္တလေး နှင့် ငွေဆောင်တို့တွင် ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများ စတင်ကျင်းပရန် ရက်ပိုင်းမျှသာ လိုတော့သည်။ ဒီဇင်ဘာလ ၇ ရက်မှ စတင်ကာ ဘောလုံး ပြိုင်ပွဲများ ကျင်းပတော့မည် ဖြစ်သည်။ ဘောလုံးနှင့် အတူ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဟော်ကီ၊ ဘတ်စကက် ဘော စသည့် အားကစားနည်းများ အတွက်လည်း ပွဲစဉ်ဇယားများ ရေးဆွဲပြီးပြီ ဖြစ်သည်။ ရေးကူးနှင့် ပြေးခုန်ပစ် အပါအဝင် အခြား လက်ဝှေ့၊ အလေးမ စသည့် အားကစားနည်း များအတွက် ပွဲစဉ် ရေးဆွဲမှုများ မလုပ်သေးသည်ကို တွေ့ရသည်။
ပွဲစဉ်ဇယား ရေးဆွဲရန် ကျန်နေသေးသည့် အားကစာနည်းများ အနက် ပြေးခုန်ပစ် နှင့် ရေးကူး အားကစားနည်း တို့မှာ အထူး အရေးကြီးသည်။ အဘယ်ကြောင့် ဆိုသော် မည်သည့် အားကစား ပြိုင်ပွဲများတွင်မဆို မဖြစ်မနေ ပြေးခုန်ပစ်နှင့် ရေကူးပြိုင်ပွဲတို့မှာ မထည့်မနေရ သတ်မှတ်ထားသည့် အားကစားနည်း ၂ မျိုးဖြစ်သည်။ ဆုတံဆိပ် ချီးမြှင့်မှု အရေအတွက်မှာလည်း အများဆုံး ဖြစ်သည်။ ပြေးခုန်ပစ် အားကစားနည်းတွင် ရွှေတံဆိပ် ၄၆ ဆု (အမျိုးသား ၂၃ ဆု၊ အမျိုးသမီး၂၃ ဆု) ချီးမြှင့်မည် ဖြစ်သည်။ ရေကူး အားကစား နည်းတွင်လည်း ရွှေတံဆိပ် ၄၁ ဆု ချီးမြှင့်မည် ဖြစ်သည်။
ကျွန်းဆွယ် အားကစား ပြိုင်ပွဲနှင့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတို့တွင် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး အားကစားနည်းမှာ ပြေးခုန်ပစ် အားကစားနည်း ဖြစ်သည်။ ၁၉၅၉ ခုနှစ် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပထမဆုံး အကြိမ်အဖြစ် စတင် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၁ ဆု ဆွတ်ခူးပြီး နိုင်ငံအလိုက် ဒုတိယ နေရာ၌ ရပ်တည်ခဲ့သည်။ ရွှေတံဆိပ် ၁၁ ဆုကို အားကစားနည်း ၄ မျိုးက ဆွတ်ခူးခဲ့ရာ ပြေးခုန်ပစ် ၅၊ ရေကူး ၂၊ လက်ဝှေ့ ၂ နှင့် အလေးမ ၂ တို့ ဖြစ်ကြသည်။
ပြေးခုန်ပစ် ရွှေတံဆိပ် ရှင်များမှာ ဂရေစီကား (မီတာ ၈၀ တန်းကျော်ပြေး)၊ မေမေရီ (အမြင့်ခုန်)၊ ခင်ခင်ထွေး (လှန်တံပစ်)၊ အာဖူး (အမျိုးသား မီတာ ၁၅၀၀)၊ နော်ဖား (အမျိုးသား သံပြားဝိုင်းပစ်) တို့ ဖြစ်ကြသည်။ ဤသို့ဖြင့် မြန်မာ ပြေးခုန်ပစ် အားကစားသည် အရှေ့တောင် အာရှအဆင့်သို့ စတင် ဝင်ရောက်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ဒုတိယ အကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက ကျင်းပခဲ့သည်။ မြန်မာ အားကစား အဖွဲ့က ရွှေတံဆိပ် ၃၅ ဆုဖြင့် နိုင်ငံအလိုက် ပထမ ရရှိသည်။ ၁၉၆၁ ကျွန်းဆွယ် ပြိုင်ပွဲတွင် အားကစားနည်း ၁၃ မျိုးဖြစ်သည့် ပြေးခုန်ပစ်၊ ကြက်တောင်၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ စက်ဘီး၊ ဘောလုံး၊ သေနတ်ပစ်၊ ရေကူး၊ ပင်ပေါင်၊ တင်းနစ်၊ ဘော်လီဘော၊ အလေးမနှင့် ရွက်လှေ တို့ကို ထည့်သွင်း ကျင်းပသည်။ အိမ်ရှင် မြန်မာနိုင်ငံက အမျိုးသား အားကစားသမား ၁၂၀၊ အမျိုးသမီး အားကစားသမား ၂၇ ဦး၊ အုပ်ချုပ် နည်းပြနှင့် ဒိုင်လူကြီး ၃၀ စုစုပေါင်း ၁၇၇ ယောက်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပြေးခုန်ပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၇ ဆု ရသည်။ အမျိုးသား ပြိုင်ပွဲတွင် စိုးမရ (ဝါးလုံးထောက် ခုန်)၊ သိန်းဝင်း (သံလုံးပစ်)၊ ကာဖူး (မီတာ ၅၀၀၀ နှင့် မီတာ ၁၀၀၀၀၊ မီတာ ၁၀၀ အောက် လက်ဆင့်ကမ်း) နှင့် အမျိုးသမီး ပြိုင်ပွဲတွင် ခင်ေဋ္ဌး (သံပြားပစ်) နှင့် နန်းယဉ် (လှံတံပစ်) တို့ ဖြစ်ကြသည်။ မြန်မာနိုင်ငံက အားထားကြသော ဂရေစီကားမှာ မီတာ ၈၀ တန်းကျော်ပြေးနှင့် မီတာ ၁၀၀ ပြေးပွဲများတွင် ပန်းဝင်ဓာတ်ပုံ အဆုံးအဖြတ်ဖြင့် ဒုတိယဆုသာ ရရှိခဲ့သည်။
မြန်မာ အားကစား အဖွဲ့ အတွက် အအောင်မြင်ဆုံး အားကစားမှာ ရေကူးပင် ဖြစ်သည်။ ကျွန်းဆွယ် ရေကူးပြိုင်ပွဲတွင် အမျိုးသမီး ရေကူးပြိုင်ပွဲကို ၁၉၆၁ ရန်ကုန် ကျွန်းဆွယ် ပြိုင်ပွဲကျမှ ပထမဆုံး စတင်ထည့်သွင်း ကျင်းပခြင်း ဖြစ်သည်။
အမျိုးသား ရေကူး ပြိုင်ပွဲတွင် မြန်မာ ရေကူးသမားများက ရွှေတံဆိပ် ၇ ဆုနှင့် အမျိုးသမီးများက ရွှေတံဆိပ် ၆ ဆု ဆွတ်ခူး နိုင်ခဲ့သည်။ မြသီး (မီတာ ၁၀၀ အလွတ်ကူး)၊ တင်မောင်နီ (မီတာ ၂၀၀၊ မီတာ ၄၀၀ နှင့် မီတာ ၅၀၀ အလွတ်ကူး)၊ ချစ်စိန် (မီတာ ၁၀၀ ပက်လက်ကူး)၊ မီတာ ၁၀၀ လွန်းပျံ (ချစ်စိန်၊ တင်မောင်နီ၊ အောင်ကြည်၊ အောင်သန်း) မီတာ ၂၀၀ လွန်းပျံ (တင်မောင်နီ၊ မြသီး၊ စိန်ဖိုး၊ အောင်သန်း) မြန်မာအမျိုးသား ရေကူးအဖွဲ့က ရွှေတံဆိပ် ၇ ဆု ဆွတ်ခူးခဲ့သည်။ တင်မောင်နီ တယောက်တည်းက လက်ဆင့်ကမ်း ပွဲများ အပါအဝင် စုစုပေါင်း ၅ ဆု ဆွတ်ခူးနိုင်ခဲ့သည်။
ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် စတင်ထည့်သွင်း ကျင်းပသည့် အမျိုးသမီး ရေကူးပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး ရေကူးမယ် များကလည်း အစွမ်းပြ၍ ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။ မညွန့်ခင် (မီတာ ၁၀၀ အလွတ်ကူး) နှင့် အယ်လီဇဘက်စပိုက် (မီတာ ၂၀၀ အလွတ်ကူး)၊ လီလီယံသွင် (မီတာ ၁၀၀ ရင်ပေါင်ကူး) နှင့် မီတာ ၁၀၀ လေးယောက် လက်ဆင့်ကမ်း အသင်း (လီလီယန်သွင်၊ ဆီးလ်ဗီးယားသွင်၊ အယ်လီဇဘက် စမိုက်) တို့ ဖြစ်သည်။ ထိုစဉ် ကတည်းက စင်ကာပူ ရေကူးသမားများ ပါဝင်ယှဉ်ပြိုင် ခဲ့သော်လည်း အောင်မြင်မှု မရရှိကြပါ။
မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၃၅ ဆုဖြင့် နိုင်ငံအလိုက် ပထမအဆင့်၌ ရပ်တည်နိုင်ခဲ့သည်။ ထိုရွှေတံဆိပ် ၃၅ ဆုထဲတွင် ရေကူးက ၁၂ ဆုနှင့် ပြေးခုန်ပစ်က ၇ ဆု စုစုပေါင်း ၁၉ ဆု ရရှိခဲ့ခြင်းက အားကစား ပြိုင်ပွဲများတွင် ပြေးခုန်ပစ် အားကစားနည်းနှင့် ရေကူး အားကစားနည်းတို့က မည်မျှ ရေးကြီးသည်ကို သိနိုင်သည်။
တတိယ အကြိမ်မြောက် ကျွန်းဆွယ် အားကစား ပြိုင်ပွဲကို ၁၉၆၃ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံက လက်ခံကျင်းပခြင်း မပြုသဖြင့် ၁၉၆၅ ကျမှ မလေးရှား နိုင်ငံက လက်ခံကျင်းပသည်။ ဒီဇင်ဘာလ ၁၄ ရက်မှ ၂၁ ရက်အထိ ပြုလုပ်သည့် ကျွန်းဆွယ် ပြိုင်ပွဲတွင် အားကစားနည်း ၁၄ မျိုးဖြင့် ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် ထည့်သွင်း ယှဉ်ပြိုင်စေခဲ့သည့် ရွက်လှေ ပြိုင်ပွဲ ဖြုတ်ခဲ့သည်။ ၁၉၆၁ ကျွန်းဆွယ်ပွဲတွင် မြန်မာနိုင်ငံ ရွက်လှေပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ဆု ရခဲ့ဖူးသည်။
မလေးရှား ကျွန်းဆွယ်ပွဲတွင် အားကစားနည်း အသစ် ၂ မျိုးဖြစ်သည့် ဂျူဒိုနှင့် ဆီပက်ရာဂါခေါ် ပိုက်ကျော်ခြင်း အားကစားနည်းသစ် ၂ မျိုး ထည့်သွင်း ကျင်းပခဲ့သည်။ မြန်မာနိုင်ငံက အမျိုးသား အားကစားသမား ၆၃ ယောက်၊ အမျိုးသမီး အားကစားသမား ၂၄ ယောက်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၆၅ ကျွန်းဆွယ် ပြိုင်ပွဲတွင် ဘော်လီဘော ပြိုင်ပွဲ၌ အမျိုးသမီးပွဲများ စတင်ထည့်သွင်း ကျင်းပခဲ့သည်။
၁၉၆၅ ကျွန်းဆွယ်ပွဲတွင် မြန်မာအမျိုးသား ပြေးခုန်ပစ် အားကစားသမားများ အောင်မြင်မှု နည်းပါးခဲ့သည်။ ဝါးလုံး ထောက်ခုန် ပြိုင်ပွဲတွင် စိုးမရနှင့် မီတာ ၁၀၀၀၀ နှင့် မာရသွန် ပြိုင်ပွဲတို့တွင် ရှင်ဗွေဂန်းတို့က ရွှေတံဆိပ် ဆွတ်ခူး နိုင်ခဲ့ကြသည်။
မိုးစံ (မီတာ ၁၀၀)၊ ဂရေစီကား (အလျားခုန်)၊ ခင်တာ(သံလုံးပစ်) တို့ကသာ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ ကြသည်။ ၁၉၆၅ မလေးရှား ကျွန်းဆွယ် အားကစားပြိုင်ပွဲ ပြေးခုန်ပစ် အားကစားနည်းက စုစုပေါင်း ရွှေတံဆိပ် ၆ ဆု ဆွတ်ခူးနိုင်ခဲ့သည်။ ရေကူးပြိုင်ပွဲတွင်မူ မြန်မာတို့ အထိနာ ခဲ့သည်။ မီတာ ၁၅၀၀ ပွဲတွင်သာ တင်မောင်နီက ရွှေတံဆိပ် ၁ ဆုတည်းသာ ဆွတ်ခူးနိုင်ခဲ့သည်။ ၁၉၆၅ ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် စုစုပေါင်း ၁၈ သာ ဆွတ်ခူးခဲ့ရာ၌ ပြေးခုန်ပစ်က ရွှေတံဆိပ် ၆ ဆု ရရှိခဲ့သည်။ မြန်မာအားကစား အဖွဲ့များ အနက် ရွှေတံဆိပ် အများဆုံး ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။
၁၉၆၇ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒီဇင်ဘာလ ၉ ရက်မှ ၁၆ ရက်အထိ ကျင်းပခဲ့သည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အမျိုးသား အားကစားသမား ၁၃၇ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ စုစုပေါင်း ရွှေတံဆိပ် ၁၁ ဆုသာ ရရှိခဲ့ကြသည်။ ယင်းရွှေတံဆိပ် ၁၁ ဆုအနက် ပြေးခုန်ပစ်မှ ရှင်ဗွေဂန်း (မီတာ ၁၀၀၀၀)၊ မီတုန်းနော် (မာရသွန်) တို့သာ ရွှေတံဆိပ် ဆွတ်ခူးနိုင်သည်။
အမျိုးသမီး အမြင့်ခုန်တွင် ဘာဘရာ ကျော်ဘွား၊ သံလုံးပစ်တွင် ဂျနီဖာတင်လေး ပေါင်း ၈ ဆုသာ ဆွတ်ခူး နိုင်ခဲ့သည်။ ၁၉၆၅ ဆီးဂိမ်းတွင် မြန်မာ ပြေးခုန်ပစ် အားကစားအဖွဲ့က ရွှေတံဆိပ် ၄ ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။
ရေကူးပြိုင်ပွဲတွင် မီတာ ၁၀၀ လိပ်ပြာကူး၌ အောင်လှိုင်ဝင်း တဦးတညးသာ ရွှေတံဆိပ် ၁ ဆုတည်း ဆွတ်ခူးနိုင်ခဲ့ သည်။ ၁၉၆၇ ဘန်ကောက် ကျွန်းဆွယ်ပြိုင်ပွဲတွင် မြန်မာအားကစား သမားများအဖွဲ့ နောက်ထပ် ဆွတ်ခူးခဲ့သည့် ရွှေတံဆိပ်များမှာ ဘောလုံး ၁၊ အလေးမ ၄၊ သေနတ်ပစ် ၁ တို့ ဖြစ်ကြသည်။
၁၉၆၉ ခုနှစ်တွင် ပဉ္စမ အကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဒီဇင်ဘာလတွင် ကျင်းပသည်။ ကမ္ဘောဒီးယား နိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိသဖြင့် မြန်မာ၊ မလေးရှား၊ လာအို၊ ထိုင်း၊ စင်ကာပူ နှင့် တောင်ဗီယက်နမ်တို့ ၆ နိုင်ငံက ယှဉ်ပြိုင်ကြသည်။ ပြေးခုန်ပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လက်ဝှေ့၊ စက်ဘီး၊ ဘောလုံး၊ ကျွမ်းဘား၊ ဂျူဒို၊ သေနတ်ပစ်၊ ရေးကူး၊ စားပွဲတင် တင်းနစ်၊ ဘော်လီဘော၊ အလေးမ နှင့် ရွက်လှေ ပြိုင်ပွဲများ ထည့်သွင်းကျင်းပသည်။ အိမ်ရှင် မြန်မာနိုင်ငံ အသင်းက ရွှေတံဆိပ် ၅၇ ဆုဖြင့် နိုင်ငံအလိုက် ပထမအဆင့်၌ ရပ်တည်နိုင်ခဲ့သည်။ ယင်းရွှေတံဆိပ် ၅၇ ဆုထဲတွင် ပြေးခုန်ပစ် အားကစားနည်းက ရွှေတံဆိပ် ဆု အများဆုံး ဆွတ်ခူးနိုင်ခဲ့သည်။
ကျွန်းဆွယ် ပြိုင်ပွဲများတွင် သာမက ဆီးဂိမ်းပြိုင်ပွဲ အစပိုင်းတွင်ပါ အောင်မြင်မှု ရရှိခဲ့သည့် ပြေးခုန်ပစ် အားကစားနည်း သည် ဆီးဂိမ်းနောက်ပိုင်းတွင် ရွှေတံဆိပ် ၁ ဆုမှ မရတော့သည် အထိ ကျဆင်းလာရသည်မှာ မြန်မာအားကစား လောကအတွက် ကြေကွဲဝမ်းနည်းစရာ ဖြစ်သည်။
ယခု ကျင်းပတော့မည့် နေပြည်တော် ဆီးဂိမ်းတွင်ရော ပြေးခုန်ပစ် အားကစားနည်းက ရွှေတံဆိပ် ဘယ်နှဆု ဆွတ်ခူးနိုင်မည်နည်း။ အကောင်းကို ရှာ၏၊ အကောင်းကား ရှာမတွေ့ ဟု ပြောရတော့မည် ထင်သည်။ ဆက်လက် ဆွေးနွေး တင်ပြသွားပါမည်။ ။