အားကစား

ကျွန်းဆွယ် ဆီးဂိမ်းနှင့် မြန်မာ ပြေးခုန်ပစ် (၂)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

နေပြည်တော် ဗဟိုပြု၍ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့တွင် အားကစား ပြိုင်ပွဲများ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲကို ဒီဇင်ဘာ ၁၁ ရက်တွင် ဖွင့်လှစ်တော့မည် ဖြစ်သည်။

ဘောလုံး အပါအဝင် ရိုးရာခြင်းလုံး၊ ဝူရှုး၊ လက်ဝှေ့၊ ဝါတာပိုလို၊ ကြက်တောင်၊ နပန်းနှင့် ကနူး/ကယက် (လှေ) ပြိုင်ပွဲတို့မှာ အားကစားပြိုင်ပွဲ မစခင်ကပင် ကြိုတင် ကျင်းပမည်ဟု ဆိုသည်။ ဘောလုံးပြိုင်ပွဲ အမျိုးသား အသင်း ပြိုင်ပွဲများကို ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၇ ရက်၊ နေပြည်တော်တွင် ဒီဇင်ဘာ ၈ ရက်နှင့် အမျိုးသမီး ဘောလုံး ပြိုင်ပွဲကို မန္တလေးမြို့တွင် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် စတင် ကျင်းပမည်ဟု ဆိုသည်။

အားကစာနည်း အချို့မှာ ဆီးဂိမ်းကို တရားဝင် ဖွင့်လှစ်မည့် ဒီဇင်ဘာလ ၁၁ မတိုင်ခင် နောက်ဆုံး ဗိုလ်လုပွဲများ ပြီးစီးနေပြီ ဖြစ်သည်ကို တွေ့ရသည်။

ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲမှာ ဒီဇင်ဘာ ၁၅ ရက်တွင် စတင်မည် ဖြစ်ပြီး၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံတွင် ကျင်းပမည် ဖြစ်ရာ ရိုးရာခြင်းလုံးတွင် ရွှေတံဆိပ် ၈ ဆု ချီးမြှင့်မည် ဖြစ်သည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်း၏ ပထမဆုံး ရွှေတံဆိပ်ကို ရိုးရာခြင်းလုံး ပြိုင်ပွဲဝင် မြန်မာ အားကစားသမား တဦးဦးက ဆွတ်ခူးဖွယ်ရာ ရှိနေသည်။ ဝူရှုး အားကစားနည်းမှာ ဒီဇင်ဘာ ၆ ရက်မှ ၁၁ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (ခ) တွင် ပြုလုပ်မည်ဟု ဆိုသည်။ ဝူရှုး အားကစားနည်းတွင် ရွှေတံဆိပ် ၂၃ ဆု ချီးမြှင့်မည် ဖြစ်သည်။

ကနူး/ကယက် (လှေ) ပြိုင်ပွဲကို ဒီဇင်ဘာလ ၇ ရက်မှ စတင်ပြီး ၁၁ ရက်နေ့တွင် နောက်ဆုံး ဗိုလ်လုပွဲ ကျင်းပမည် ဖြစ်သည်။ နေပြည်တော် ငလိုက်ဆည်တွင် ပြိုင်ကြရမည် ဖြစ်သည်။ ကနူး/ကယက် (လှေ) ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၆ ဆု ချီးမြှင့်မည်။ သို့ဖြစ်ရာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တရားဝင်ဖွင့်ပွဲ မတိုင်မီပင် ရွှေတံဆိပ်ပေါင်း ၄၇ ဆုတိတိ ဆွတ်ခူးနိုင်ကြမည် ဖြစ်သည်။ ယင်း အားကစားသမားများသည် ဖွင့်ပွဲတွင် ရရှိသည့် ဆုတံဆိပ်များကို ဆွဲပြီး ဖွင့်ပွဲတက်နိုင်ကြမည် ဖြစ်သည်။

ရိုးရာခြင်းလုံး၊ ဝူရှုးနှင့် ကနူး/ကယက် (လှေ) ပြိုင်ပွဲတို့တွင် ချီးမြှင့်မည့် ရွှေတံဆိပ် စုစုပေါင်း ၄၇ ဆုသည် ပြေး ခုန် ပစ် အားကစားနည်းတွင် ချီးမြှင့်မည့် ရွှေတံဆိပ် ၄၆ ဆုထက် တဆုသာ ပိုသည်။

ကျွန်းဆွယ်နှင့် ဆီးဂိမ်းပြိုင်ပွဲ သမိုင်းတလျှောက်တွင် မြန်မာအားကစားသမား အဖွဲ့၏ ရွှေတံဆိပ် ရရှိမှုကို ပြေး ခုန် ပစ် အားကစားနည်းက ဦးဆောင်ခဲ့သည်။ ရွှေတံဆိပ် ၄ ဆုသာ ရရှိခဲ့သည့် ၁၉၉၅ မှ ဇင်းမယ် (ချင်းမိုင်) ဆီးဂိမ်းတွင် အမျိုးသမီး ပြေး ခုန် ပစ် အားကစား သမား ခင်ခင်ထွေးက မီတာ ၁၅၀၀ နှင့် မီတာ ၃၀၀ ပြေးပွဲတွင် ပထမရပြီး ရွှေတံဆိပ် ၂ ဆု ဆွတ်ခူး ပေးနိုင်ခဲ့သည်။

ထိုနည်းတူစွာပင် ၁၉၉၃ ခုနှစ် ဘရူနိုင်း ဆီးဂိမ်းတွင် မြန်မာအားကစား တဖွဲ့လုံးက ရွှေတံဆိပ် ၃ ဆုသာ ရရှိရာတွင် ပြေး ခုန် ပစ် အားကစားနည်းက ရွှေတံဆိပ် မဆွတ်ခူးနိုင်ပဲ ငွေတံဆိပ် ၂ ဆုသာ ရရှိခဲ့သည်။

မြန်မာ ပြေး ခုန် ပစ် အားကစားသည် ၁၉၉၇ အင်ဒိုနီးရှား ဆီးဂိမ်းမှ စကာ ရွှေနှင့်ဝေးခဲ့ရသည်။ ငွေတံဆိပ် ပင်လျှင် တဆု၊ နှစ်ဆုသာ ဆွတ်ခူးနိုင်တော့သည်။

၂၀၀၁ ခုနှစ်တွင်မူ မလေးရှား ဆီးဂိမ်း၌ ရှားရှားပါးပါး ရွှေတံဆိပ် တဆုသာ ရသည်။ အမျိုးသား မီတာ ၁၀၀၀ ပြေးပွဲတွင် အောင်သူရက ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင်မူ အောင်မြင်မှု မရခဲ့ပါ။ သို့ရာတွင် ၂၀၀၅ ဖိလစ်ပိုင် ဆီးဂိမ်းတွင်မူ ရွှေတံဆိပ် ပြန်လည်ဆွတ်ခူး နိုင်ခဲ့သည်။ အမျိုးသား မီတာ ၁၅၀၀ ပြေးပွဲတွင် အောင်သီဟ၊ အမျိုးသမီး မီတာ ၂၀၀ ပြေးပွဲတွင် ကေခိုင်လွင်၊ အမျိုးသမီး မီတာ ၄၀၀ ပြေးပွဲတွင် ယဉ်ယဉ်ခိုင် နှင့် အမျိုးသမီး မီတာ ၄၀၀ x ၄ အောက် လက်ဆင့်ကမ်းအဖွဲ့ (ယဉ်ယဉ်ခိုင်၊ လဲ့လဲ့ဝင်း၊ မြင့်မြင့်အေး နှင့် ကေသီလွင်) ၂၀၀၅ ဖိလစ်ပိုင် ဆီးဂိမ်းတွင် မြန်မာ ပြေး ခုန် ပစ် အဖွဲ့က ရွှေတံဆိပ် ၄ ဆု ၊ ငွေတံဆိပ် ၃ ဆုနှင့် ကြေးတံဆိပ် ဆွတ်ခူးခြင်းဖြင့် မြန်မာ ပြေး ခုန် ပစ် အားကစား ပြန်လည် အသက်ဝင် လှုပ်ရှားလာပြီ ဟု သတ်မှတ် ထားခဲ့သော်လည်း မမှန်ပါ။ ၂၀၀၇ (ထိုင်း)၊ ၂၀၀၉ (လာအို) နှင့် ၂၀၁၁ (အင်ဒိုနီးရှား) ဆီးဂိမ်း တို့တွင် မြန်မာ ပြေး ခုန် ပစ် အားကစား ရွှေတံဆိပ်နှင့် ဝေးခဲ့ရသည်။ ၂၀၀၉ ဆီးဂိမ်းတွင် ရွှေတံဆိပ် ၂ ဆု ဆွတ်ခူးခဲ့သူများမှာ အငှားခန္ဓာ ပြောင်းထားသည့် တူရကီ ပြေး ခုန် ပစ် သမားများ ဖြစ်သည်။

ကျွန်းဆွယ်နှင့် ဆီးဂိမ်း ပြိုင်ပွဲများတွင် မြန်မာ အားကစားသမား အဖွဲ့များ ရရှိဆွတ်ခူးကြသည့် ရွှေတံဆိပ်များ ထဲတွင် ပြေး ခုန် ပစ် အားကစားနည်းက ဦးဆောင်ခဲ့သည်။

အထင်ရှားဆုံးမှာ မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ၅ ကြိမ်မြောက် ကျွန်းဆွယ် ပြိုင်ပွဲနှင့် ၁၉၇၉ ခုနှစ်တွင် အင်ဒိုနီးရှား၌ ကျင်းပခဲ့သည့် ၁၀ ကြိမ်မြောက် ဆီးဂိမ်းပင် ဖြစ်သည်။ ၁၉၆၉ ခုနှစ် မြန်မာနိုင်ငံတွင် ကျင်းပခဲ့ သည့် ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် ၅၇ ဆုဖြင့် နိုင်ငံအလိုက် ပထမနေရာတွင် ရပ်တည်ခဲ့ရာတွင် မြန်မာ ပြေး ခုန် ပစ် အားကစား မောင်မယ်များက ရွှေတံဆိပ် ၂၁ (ကျား ၉ + မ ၁၁) တိတိ ဆွတ်ခူးနိုင်ခဲ့သည်။ အမျိုးသမီး ပြေး ခုန် ပစ် အားကစားပွဲငယ်ပေါင်း ၁၂ ပွဲ ထည့်သွင်းကျင်းပရာ ပွဲငယ် ၁၁ တွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။ မီတာ ၁၀၀ တန်းကျော် ပြေးပွဲတွင်သာ စမ်းစမ်းအေး တာထွက်မှားသဖြင့် အပယ်ခံရသောကြောင့် ရွှေတံဆိပ် မရခြင်းဖြစ်သည်။ သို့ရာတွင် အခြား တန်းကျော် အပြေးသမား တဦးဖြစ်သည့် လှလှဝင်းက တတိယ ကြေးတံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့ကြသည်။

ကျွန်းဆွယ်မှ ဆီးဂိမ်းသို့ ပြောင်းပြီးနောက် အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့် နိုင်ငံများ ပါဝင်ယှဉ်ပြိုင်လာသည့် ပြိုင်ပွဲများတွင် မြန်မာအားကစား အဖွဲ့၏ အအောင်မြင်ဆုံးမှာ ၁၉၇၉ အင်ဒိုနီးရှား ဆီးဂိမ်းတွင် ဖြစ်သည်။ ဆုဖြင့် နိုင်ငံအလိုက် တတိယ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား တို့၏ အထက်မှာ ဖြစ်သည်။ မြန်မာ အားကစားအဖွဲ့ ဆွတ်ခူးရရှိခဲ့သည့် ရွှေတံဆိပ်ဆုများ ထဲတွင် ပြေး ခုန် ပစ် အားကစား နည်းက ရွှေတံဆိပ် ၁၅ ဆုတိတိ ပါဝင်ခဲ့သည်။ အမျိုးသား ၈ ဆု ၊ အမျိုးသမီး ၇ ဆုဖြစ်သည်။

မြန်မာ ပြေး ခုန် ပစ် သမားများတွင် အမျိုးသမီးက အမျိုးသားများထက် အောင်မြင်မှု ပိုမိုများသည်။ ပြေး ခုန် ပစ် အားကစားတွင် အမျိုးသမီး များအတွက် နောက်တိုး ထည့်သွင်းသည့် သံတူပစ်၊ သုံးဆင့်ခုန်၊ ဝါးလုံး ထောက်ခုန် နှင့် မီတာ ၃၀၀၀ တန်းကျော်ခုန် အားကစားနည်း ၄ မျိုးမှလွဲ၍ ကျန်အမျိုးသမီး ပြေး ခုန် ပစ် အားကစားနည်း အားလုံးတွင် မြန်မာ အမျိုးသမီးများ ကျွန်းဆွယ် ချန်ပီယံများ၊ ဆီးဂိမ်း ချန်ပီယံများ ဖြစ်ခဲ့ဖူးကြသည်။

အမျိုးသား ပြေး ခုန် ပစ် သမား တို့ကမူ မီတာ ၁၀၀၊ မီတာ ၂၀၀၊ မီတာ ၄၀၀ တန်းကျော်ပြေး၊ အမြင့်ခုန်၊ မီတာ ၄၀၀ x ၄ လက်ဆင့်ကမ်း ပြေးပွဲ၊ လှံတန်ပစ်တို့တွင် ရွှေတံဆိပ် ယခုထက်တိုင် လုံး၀ မရဖူးသေးပါ။ မီတာ ၄၀၀ အပြေး၊ သံပြားပစ်၊ သံတူပစ်၊ မီတာ ၁၀၀ x ၄ အောက် လက်ဆင့်ကမ်း ပြေးပွဲ၊ အလျားခုန်၊ သုံးဆင့်ခုန် ကီလိုမီတာ ၅၀ လမ်းလျှောက်နှင့် ၁၁ မျိုးစုံ ပြိုင်ပွဲတို့တွင်လည်း ရွှေတံဆိပ် တခုစီသာ ဆွတ်ခူးနိုင်သေးသည်။ ၅၉ မှ ၂၀၁၁ အတွင်း ကျွန်းဆွယ်နှင့် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ် အများဆုံး ရရှိသည့် ပြေး ခုန် ပစ် အားကစား နည်းမှာ မီတာ ၅၀၀၀ နှင့် မာရသွန်ပြိုင်ပွဲ ဖြစ်သည်။ ကျင်းပပြီးစီးသည့် ၂၆ ကြိမ်တွင် မီတာ ၅၀၀၀ ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၁ ဆု ၊ မာရသွန် ပြိုင်ပွဲတွင် ရွှေတံဆိပ် ၉ ဆု ဆွတ်ခူးခဲ့သည်။

အမျိုးသမီး ကဏ္ဍတွင်မူ သံလုံးပစ် ပြိုင်ပွဲတွင် ၁၀ ကြိမ်၊ သံပြားဝိုင်းပစ် ပြိုင်ပွဲတွင် ၁၀ စီ ရွှေတံဆိပ် ဆွတ်ခူး ခဲ့ကြသည်။ အပြေးတွင်မူ မီတာ ၁၅၀၀ တွင် ၇ ကြိမ်၊ မီတာ ၈၀၀ တွင် ၆ ကြိမ်၊ မီတာ ၃၀၀၀ တွင် ၆ ကြိမ် ပထမ ရရှိထားသည်။ ဤသည်တို့မှာ အတိတ်မှ မြန်မာ ပြေး ခုန် ပစ် အားကစား၏ အောင်မြင်မှု၊ ဆုံးရှုံးမှု ဖြစ်သည်။ ၂၀၀၁ ခုနှစ် နောက်ပိုင်းတွင် ဆီးဂိမ်း ပြိုင်ပွဲများ ပြေး ခုန် ပစ် အားကစားနည်း ကျဆင်းလာခဲ့သည်။ ၂၀၁၁ မလေးရှား ဆီးဂိမ်းတွင် ရွှေ ၁၊ အမျိုးသား မီတာ ၁၀၀၀၀ (အောင်သူရ)၊ ၂၀၀၃ ဗီယက်နမ် ဆီးဂိမ်းတွင် သုည၊ ၂၀၀၉ လာအို ဆိးဂိမ်းတွင် သုည ၊ ၂၀၁၁ ဂျာကာတာ ဆီးဂိမ်းတွင် ရွှေတံဆိပ် လုံး၀ မရခဲ့ကြပါ။ ၂၀၀၅ တွင် ရွှေတံဆိပ် ၄ ဆု ရရှိခဲ့ပြီးနောက် သုံးကြိမ်ဆက်တိုက် (၂၀၀၇ ၊ ၂၀၀၉ ၊ ၂၀၁၁) မြန်မာ ပြေး ခုန် ပစ် သမားများ ရွှေတံဆိပ် လုံး၀ မဆွတ်ခူးနိုင်ခဲ့ပါ။

၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် မြန်မာ ပြေး ခုန် ပစ် အခြေအနေ ဘယ်သို့ရှိပါသနည်း။ နိုင်ဝင်ဘာလ လဆန်း လောက်က ကျင်းပသွားမည့် ပြေး ခုန် ပစ် စံချိန်ယူပွဲတွင် မြန်မာ ပြေး ခုန် ပစ် သမား သုံးဦးက မြန်မာ စံချိန်သစ် များ တင်ခဲ့ကြသည်။ သို့ရာတွင် ယင်းမြန်မာ ပြေး ခုန် ပစ် စံချိန်သစ် များသည် ၂၀၁၁ ဂျာကာတာ ဆီးဂိမ်းတွင် တတိယ ကြေးတံဆိပ်ရှင်များ၏ စံချိန်ကိုပင် မမီဟု ဆိုသော် မြန်မာ ပြေး ခုန် ပစ် ၏ လက်ရှိအဆင့်အတန်းကို ရိပ်စားမိ လောက်ကြပြီ ဖြစ်သည်။

ဒီဇင်ဘာလ ၁၄ ရက်မှ ၁၈ ရက်အထိ နေပြည်တော်တွင် ကျင်းပမည့် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ ဆုလောက် ရနိုင်သည်ဟု ပြေး ခုန် ပစ် တာဝန်ရှိသူ တဦးက ပြောသည်။ သို့ရာတွင် မည်သည့်ပွဲတွင် ရမည် ဟုကား မပြောပါ။ ဆုတံဆိပ် ၄၆ ဆုအနက် ရွှေတံဆိပ် ၄ ဆုရပါက ကျန်ရွှေတံဆိပ် ၄၂ ဆုကို ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား နှင့် ဗီယက်နမ် နိုင်ငံတို့က ခွဲဝေယူ သွားကြမည့် သဘောပင် ဖြစ်သည်။

တချိန်တုန်းက ကျွန်းဆွယ်နှင့် ဆီးဂိမ်းတွင် သာမက အာရှ တံခွန်စိုက် ပြေး ခုန် ပစ် ပြိုင်ပွဲ၊ အာရှအားကစား ပြိုင်ပွဲ တို့မှာပင် ရွှေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာ ပြေး ခုန် ပစ် မောင်မယ်များ နေပြည်တော် ဆီးဂိမ်း တွင် ရွှေတံဆိပ် မည်မျှ ရရှိနိုင်မည်ကို ပြေး ခုန် ပစ် ဝါသနာရှင် မြန်မာသူများက စောင့်မျှော်နေကြသည်။

မြန်မာ ပြေးခုန်ပစ် မောင်မယ်များ အောင်မြင်မှု ရကြပါစေ။    ။

Did you find apk for android? You can find new Free Android Games and apps.
Loading