မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပွဲ စတင်ရန် ရက်ပိုင်းမျှသာ လိုတော့သည်။ ဒီဇင်ဘာလ ၄ ရက်နေ့မှ စတင်တော့မည် ဟု ဆိုသည်။ ရိုးရာခြင်းလုံးခတ် ပြိုင်ပွဲဖြစ်မည် ထင်သည်။ အကြမ်းဖျဉ်း ပွဲစဉ်များ သတ်မှတ်ရာတွင်မူ ရိုးရာ ခြင်းလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၆ ရက်တွင် စတင်ရန် ယာယီ သတ်မှတ် ထားသည်။ ခြင်းလုံး ပြီးလျှင် အစောဆုံး ကျင်းပမည့် ပြိုင်ပွဲမှာ ဘောလုံးပြိုင်ပွဲများ ဖြစ်သည်။ မြန်မာ အသင်းပါသည့် အုပ်စု (ခ) အသင်းများကို ဒီဇင်ဘာလ ၇ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် တနေ့ နှစ်ပွဲကျစီ ဖြင့် ဒီဇင်ဘာ ၁၆ ရက်အထိ ကစားကြရမည် ဖြစ်သည်။ အုပ်စု (ခ) တွင် ကမ္ဘောဒီးယား၊ တီမော၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာအသင်းတို့ ပါဝင်သည်။
အုပ်စု (က) ပွဲများကို နေပြည်တော် ဇေယျာသီရိ အားကစား ပြိုင်ကွင်းတွင် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၇ ရက်အထိ တနေ့ နှစ်ပွဲနှုန်းဖြင့် ကစားကြမည် ဖြစ်သည်။ အုပ်စု (က) တွင် လက်ရှိ ဆီးဂိမ်း ဘောလုံးချန်ပီယံ မလေးရှား၊ ၂၀၁၁ ဆီးဂိမ်း ဘောလုံး ပြိုင်ပွဲ စတုတ္ထရ ဗီယက်နမ်၊ စင်ကာပူ၊ လာအိုနှင့် ဘရူနိုင်း နိုင်ငံတို့ ပါဝင်ကြသည်။
ဆီးဂိမ်း အမျိုးသမီး ဘောလုံးပြိုင်ပွဲကို မန္တလေးမြို့ မန္တလာသီရိ အဆင့်မြင့် အားကစား ပြိုင်ဝင်းတွင် ဒီဇင်ဘာ ၉ ရက်မှ ၂၀ ရက် အထိ ဗိုလ်လုပွဲ အပါအဝင် ကျင်းပသွားမည် ဟု ဆိုသည်။ ယခင်က အမျိုးသမီး ပြိုင်ပွဲတွင် ပါဝင်ကစားရန် စာရင်း ပေးထားသည့် တီမောနိုင်ငံက နုတ်ထွက်သွားသဖြင့် မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် လာအိုအသင်းတို့သာ ယှဉ်ပြိုင်ကြရတော့မည် ဖြစ်သည်။ အမျိုးသမီး ဘောလုံးပွဲစဉ် အသစ်ပြန်လည် ရေးဆွဲရမည်ဟု ဆိုသည်။
အားကစား ပြိုင်ပွဲများတွင် အိမ်ရှင်နိုင်ငံများကသာ ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမား၊ နည်းပြ၊ စီမံခန့်ခွဲ အုပ်ချုပ်သူ များစမြဲ ဖြစ်သည်။ သို့ရာတွင် နေပြည်တော် အရှေ့တောင်အာရှ အားကစားပွဲတွင်မူ ဧည့်သည် ထိုင်းအသင်းက အိမ်ရှင် မြန်မာထက် များနေသည်ကို ဆီးဂိမ်း တာဝန်ရှိသူများ ထုတ်ပေးသည့် စာရင်းအရ သိရသည်။ အိမ်ရှင် မြန်မာ နိုင်ငံက အားကစားသမား၊ နည်းပြအဖွဲ့၊ ဆေးအဖွဲ့၊ စီမံအုပ်ချုပ်သူ စသဖြင့် စုစုပေါင်း ၁၄၆၂ ဦး စာရင်း ပေါက်သည်။ ထိုင်းနိုင်ငံကမူ စုစုပေါင်း ၁၆၆၁ ဦး စာရင်းပေါက်သည်။ ထိုင်းနိုင်ငံက ၁၉၉ ဦးပိုသည်။ မြန်မာနှင့် ထိုင်းပြီးလျှင် ပြိုင်ပွဲဝင် ဦးရေ အများဆုံး ပါဝင်သည့် နိုင်ငံများ အစဉ်လိုက်မှာ မလေးရှား (၁၂၈၅)၊ အင်ဒိုနီးရှား (၁၂၄၄)၊ ဗီယက်နမ် (၁၁၅၀)၊ စင်ကာပူ (၉၀၉)၊ လာအို (၅၄၂)၊ ဖိလစ်ပိုင် (၄၈၃)၊ ကမ္ဘောဒီးယား (၃၇၁)၊ ဘရူးနိုင်း (၁၄၄) နှင့် တီမော (၁၀၇) တို့ ဖြစ်ကြသည်။
လူဦးရေ စာရင်းကို ကြည့်ခြင်းအားဖြင့် ပြိုင်ပွဲဝင် နိုင်ငံအားလုံးက ထည့်သွင်းကျင်းပမည့် အားကစားနည်း ၃၃ မျိုးစလုံး တွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိနိုင်သည်ကို တွေ့ရသည်။
ရွှေတံဆိပ် အများဆုံး ရရှိရေး အတွက် မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နှင့် စင်ကာပူ နိုင်ငံတို့သာ အကြိတ်အနယ် ယှဉ်ပြိုင်ကြရဖွယ် ရှိသည်။
ဆီးဂိမ်းကျင်းပရန် ရက်အနည်းငယ် လိုသည်အထိ မြန်မာနိုင်ငံ၏ အားကစားသမား စာရင်းနှင့် ယှဉ်ပြိုင်မည့် အားကစားနည်း တွဲပြီး မထုတ်ပြန်သေးပါ။ ဘောလုံးဆိုလျှင် မကစားမီ တရက် ဒီဇင်ဘာလ ၆ ရက်နေ့မှ ကစားသမား စာရင်း ထုတ်ပြန်မည်ဟု ဆိုသည်။
နေပြည်တော် အရှေ့တောင်အာရှ အားကစားပွဲတွင် အခြားသော ကဏ္ဍများကိုတော့ မသိပါ။ ယှဉ်ပြိုင်ရေးတွင်မူ ဗဟိုချုပ်ကိုင်မှု များပြားလွန်း နေသည်။ အားကစားသမားများ စာရင်းကို အဖွဲ့ချုပ်များကသာ စွဲကိုင်ထားဆဲ ဖြစ်သည်။ အချို့သော အားကစားသမားတို့မှာ ပြည်ပမှပင် ပြန်မရောက်ကြသေးပါ။ အားကစားနည်း ၃၃ မျိုးတွင် ပါဝင်ယှဉ်ပြိုင် ကြမည့် မြန်မာ အားကစားသမားတို့၏ အပြီးသတ် လူစာရင်းများမှာ ပြိုင်ပွဲကျင်းပရေး ကော်မတီသို့ တင်သွင်းပြီး ဖြစ်ရမည် ဖြစ်သည်။ ယခု အားကစား အဖွဲ့ချုပ်များက တဖွဲ့ချင်း လီပြီး အားကစားသမားများစာရင်း အားကစား အဖွဲ့ချုပ် အလိုက် ထုတ်ပြန်နေကြသည်။
မြန်မာနိုင်ငံက ရွှေတံဆိပ် ၁၀၀ မှ ၇၀ အတွင်း ရရမည်ဟု ပြောနေ ကြသည်။ နိုင်ငံအလိုက်လည်း စတုတ္ထ၊ တတိယ အဆင့် ဝင်ရမည်ဟု တရားဝင် ပြောနေ ကြသည်။ သို့သော် မည်သည့် အားကစားနည်းမှ ရွှေတံဆိပ် မည်မျှရမည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောခြင်း မရှိသေးပါ။
အချို့သော အားကစား အဖွဲ့ချုပ်များကမူ ရိုးသားစွာဖြင့်ပင် ရွှေတံဆိပ်ဆု မရနိုင်ကြောင်း တင်ပြလာသည်ကိုလည်း တွေ့နေရသည်။
နေပြည်တော် ဆီးဂိမ်းတွင် အိုလံပစ် သို့မဟုတ် နိုင်ငံတကာ အားကစားနည်းများ ထည့်သွင်းကျင်းပမည် ဖြစ်သလို ရိုးရာ အားကစားနည်း အမည်ခံ ကစားနည်းများလည်း ပါဝင်မည် ဖြစ်သည်။
ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်ပြီး ရွှေတံဆိပ်ဆု ဆွတ်ခူးကာ ရှေ့တဆင့် တက်နိုင် ပြိုင်နိုင်မည့် အားကစားနည်းများကိုသာ လေ့လာကြည့် ချင်သည်။ ရှေ့တဆင့် ဆိုသည်မှာ အာရှ အားကစားပွဲ၊ ကမ္ဘာ့အိုလံပစ် အားကစား ပွဲများတွင် ထည့်သွင်း ကျင်းပမည့် အားကစားနည်းများကို ဆိုလိုရင်း ဖြစ်သည်။
၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲ၏ ပြေးခုန်ပစ် ပြိုင်ပွဲများကို ဒီဇင်ဘာ ၁၄ ရက်မှ ဒီဇင်ဘာ ၁၈ ရက်အထိ နေပြည်တော် ဇေယျာသီရိ အားကစားပြိုင်ဝင်းတွင် ပြုလုပ်မည် ဖြစ်သည်။ အမျိုးသား ပြေးခုန်ပစ် အားကစားနည်း ၂၃ မျိုး၊ အမျိုးသမီး အားကစားနည်း ၂၃ မျိုး ပေါင်း ပြေးခုန်ပစ် ပွဲငယ်ပေါင်း ၄၆ ပွဲ ရှိသည်။ ပြေးခုန်ပစ် အားကစားနည်းတွင် တချိန်က မြန်မာ လက်ရွေးစင် ကစားသမား မောင်မယ်များသည် အရှေ့တောင်အာရှ အားကစား ပွဲများ၌ ရွှေတံဆိပ် အများဆုံး ဆွတ်ခူးနိုင်ခဲ့ကြသည်။
ရန်ကုန် ကျွန်းဆွယ်ပြိုင်ပွဲ ၁၉၆၉ တွင် မြန်မာနိုင်ငံက ဆွတ်ခူးနိုင်သည့် ရွှေတံဆိပ် ၅၇ ဆုအနက် ပြေးခုန်ပစ် အားကစားနည်းကချည်း ရွှေတံဆိပ် ၂၀ ၊ အမျိုးသား ၉ ဆု၊ အမျိုးသမီး ၁၁ ဆု ဆွတ်ခူးခဲ့သည်။ ကျွန်းဆွယ်နှင့် ဆီးဂိမ်းများတွင် မြန်မာ အားကစားသမားများ ဆွတ်ခူးခဲ့သည့် ရွှေတံဆိပ် ဆုများတွင် ပြေးခုန်ပစ် အားကစားနည်းက ရွှေတံဆိပ် အများဆုံး ဆွတ်ခူးပေးခဲ့သည်။ သို့သော် တဖြည်းဖြည်း အားကစား ဘက်စုံ ကျဆင်းမှုထဲတွင် ပြေးခုန်ပစ် အားကစားနည်းလည်း ပါဝင်လာခဲ့သည်။ ကျွန်းဆွယ်နှင့် ဆီးဂိမ်းပြိုင်ပွဲများတွင် မြန်မာနိုင်ငံ၏ ရွှေတံဆိပ် ဆွတ်ခူးမှုကို ဦးဆောင်လာခဲ့သည့် ပြေးခုန်ပစ် အားကစားနည်းသည် ၁၉၉၃ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ကျင်းပသည့် ၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတွင် ပြေးခုန်ပစ် အားကစားနည်းက ရွှေတံဆိပ် အမျိုးသား (၁)၊ အမျိုးသမီး (၁) ပေါင်း နှစ်ဆုသာ ရရှိခဲ့ကြသည်။ ထွန်းတင်က ၁၁ ကီလိုမီတာ လမ်းလျှောက်နှင့် ထားထားနွယ်က အမျိုးသမီး သံပြားဝိုင်းပစ်တွင် ရွှေတံဆိပ် တခုစီ ဆွတ်ခူးခဲ့ကြခြင်း ဖြစ်သည်။
၁၉၉၇ ခုနှစ် ၁၉ ကြိမ်မြောက် ဂျာကာတာ ဆီးဂိမ်းတွင်မူ ပြေးခုန်ပစ် အားကစားနည်း ရွှေမိုးခေါင်တော့သည်။ ငွေတံဆိပ် ၂ ဆုနှင့် ကြေးတံဆိပ် ၅ ဆုသာ ရရှိခဲ့ကြသည်။ ၁၉၉၉ ဘရူနိုင်း ဆီးဂိမ်းတွင်လည်း ရွှေဆု မရပါ။ ၂၀၀၁ မလေးရှားတွင် ရွှေတံဆိပ် ပြန်ရပါသည်။ သို့သော် ရှားရှားပါးပါး တဆုထဲသာ ဖြစ်သည်။ အမျိုးသား မီတာ ၁၀၀၀၀ ပြေးပွဲတွင် အောင်သူရ ပထမရခြင်း ဖြစ်သည်။ သို့ရာတွင် ၂၀၀၃ ခုနှစ် ဗီယက်နမ်တွင် ကျင်းပသည့် ၂၂ ကြိမ်မြောက် ဆီးဂိမ်းမှ ရွှေ ဗလာနှင့် ပြန်ခဲ့ရပြန်သည်။
၂၀၀၅ ဖိလစ်ပိုင် ဆီးဂိမ်းတွင်မူ ရွှေတံဆိပ် ၄ ဆုကို အမျိုးသား (၁)၊ အမျိုးသမီး (၃) ဆု ဆွတ်ခူးနိုင်ခဲ့သည်။ သို့ရာတွင် ၂၀၀၇ ခုနှစ် ယိုးဒယား ဆီးဂိမ်းတွင် ဒုံရင်း ဒုံရင်း ပြန်ရောက်သွားပြန်သည်။ ရွှေ ဗလာဖြင့် ပြန်ခဲ့ကြရသည်။
၂၀၀၉ လာအို ဆီးဂိမ်းတွင် တူရကီ အပြေးသမားများကို ငှားရမ်းအစားထိုး ပြိုင်ဆိုင်သောကြောင့် ရွှေတံဆိပ် ၂ ဆု ရခဲ့သော်လည်း ပြေးခုန်ပစ် မျက်နှာပျက်ခဲ့ရသည်။
၂၀၁၁ ဂျာကာတာတွင် လူမှန် နေရာမှန်ဖြင့် ရွှေတံဆိပ် မရခဲ့ကြပါ။
၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင်မူ မည်သို့ ရှိမည်ကို မှန်းဆ၍ မရသေးပါ။ ပြည်ပထွက်၍ လေ့ကျင့်နေကြသော ပြေးခုန်ပစ် အားကစားသမားများက ဒီဇင်ဘာလထဲကျမှ ပြန်ရောက်မည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် သတင်းပွင့်လင်းမှု ရှိနေသည့် အထဲတွင် အားကစားသတင်း၊ အထူးသဖြင့် ဆီးဂိမ်း အားကစားသတင်း မပါပါ။ ပြေးခုန်ပစ် အားကစားနည်းဆိုလျှင် မည်သူက မည်သည့် အားကစားနည်းတွင် ယှဉ်ပြိုင်မည် ဆိုသည်ကို မသိကြရသေးပါ။ အားကစားနည်း အမျိုးသား ၂၃၊ အမျိုးသမီး ၂၃ တို့အတွက် လက်ရှိ စံချိန်များကိုလည်း မသိကြရပါ။
ယင်းအနေအထား အခြေအနေအရ ကျင်းပတော့မည့် နေပြည်တော် အရှေ့တောင် အာရှ အားကစားပွဲ၊ ပြေးခုန်ပစ် ပြိုင်ပွဲတွင် မြန်မာ ပြေးခုန်ပစ် သမားများ ရွှေတံဆိပ် တဆု ဆွတ်ခူးခဲ့ကြလျှင် အောင်မြင်သည်ဟု ဆိုရမည် ဖြစ်ပါ သည်။ စာရေးသူကမူ နေပြည်တော်တွင် ကျင်းပမည့် ဆီးဂိမ်း ပြေးခုန်ပစ် ပြိုင်ပွဲတွင် ရွှေတံဆိပ် ရနိုင်ဖို့ မလွယ်ဟု သုံးသပ်မိပါသည်။
ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှား နှင့် စင်ကာပူ နိုင်ငံတို့မှ ပြေးခုန်ပစ် သမားများက ရွှေတံဆိပ် ၄၆ ဆုကို ခွဲဝေယူသွားကြပေလိမ့်မည်ဟု ကြိုတင်ခန့်မှန်း မိပါသည်။ ။