နေပြည်တော်တွင် ယနေ့ ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲ ပွဲစဉ်တွင် လုံခြုံရေး အခြေအနေကြောင့် ဟုဆိုကာ ဆီးဂိမ်းဝင်ခွင့် (E) ကတ် ပြုလုပ်ထားကြသည့် သတင်းထောက်များကို ဖွင့်ပွဲအနီးကပ်မှ ကွင်းဝင်ခွင့်အရေအတွက် ကန့်သတ်လိုက်ကြောင်း သိရသည်။
“ပွဲကိုတက်ရောက်ကြမယ့် နိုင်ငံ့အကြီးအကဲ အပါအဝင် နိုင်ငံတကာက အကြီးအကဲတွေ အတွက်လည်း လုံခြုံရေးလည်း စီမံရတယ်၊ ကွင်းထဲကို လာကြမယ့် အားကစားသမားတွေ အတွက်လည်း နေရာစီစဉ်ပေးရတာကြောင့် အိုလံပစ်ကော်မတီနဲ့ ညှိနှိုင်းတော့ ထိုင်ခုံ ၃၀၀ က မီဒီယာတွေအတွက် ရတာကြောင့် နိုင်ငံတကာနဲ့ ပြည်တွင်း မီဒီယာတွေအတွက် အချိုးချ စီစဉ်ပေးလိုက်တာပါ” ဟု ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က နေပြည်တော်ရှိ IBC ခန်းမတွင် ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဆီးဂိမ်း ပြိုင်ပွဲများအတွက် ပြုလုပ်ထားသည့် မီဒီယာဝင်ထွက်ခွင့် (E) ကတ်များ ကိုင်ဆောင်ထားသည့် သတင်းမီဒီယာများ အနေဖြင့် ဂျာနယ်တိုက် (သို့မဟုတ်) သတင်းဌာန တခုလျှင် ၅ ဦးနှင့်အထက် စာရင်းတင်ပြထားပါက ကွင်းဝင်ခွင့်လက်မှတ် ၂ စောင်၊ ၅ ဦးအောက် စာရင်းပေးထားသည့် မီဒီယာများက ကွင်းဝင်ခွင့်လက်မှတ် ၁ စောင်ဖြင့်သာ ဝင်ခွင့်ရရှိတော့မည်ဖြစ်ကြောင်း နေပြည်တော် ဆီးဂိမ်းသို့ သွားရောက် သတင်းယူနေကြသည့် သတင်းသမားများက ပြောကြသည်။
“ဆီးဂိမ်း မစခင် ၄ လလောက် အလိုကတည်းက ကျနော်တို့ ရထားတဲ့ ကတ်တွေက ဖွင့်ပွဲပိတ်ပွဲ ဝင်လို့ မရဘူးလို့ ကြားလို့ အားကာနဲ့ ပြန်ကြားရေး ဘက်က တာဝန်ရှိသူတွေကို ဖုန်းဆက်မေးပေမယ့် ဌာနတွေက ဟိုလွှဲဒီလွှဲ လုပ်နေတော့ ဘာမှ
အဆင်မပြေလိုက်ဘူး” ဟု နေပြည်တော်တွင် သတင်းသွားယူနေသည့် နေ့စဉ်သတင်းစာ တစောင်၏ ဓာတ်ပုံသတင်းထောက်က ပြောပြသည်။
ယမန်နေ့ည ၁၁ နာရီက ပြုလုပ်သည့် သက်ဆိုင်ရာ အစည်းအဝေးတွင် ဆီးဂိမ်းဖွင့်ပွဲ ပွဲစဉ်အတွင်းသို့ မီဒီယာတခုလျှင် လက်မှတ် ၂
စောင်နှုန်းဖြင့်သာ ဝင်ခွင့်ပေးမည်ဖြစ်ပြီး မီဒီယာများအတွက် ပြုလုပ်ပေးထားသည့် ကတ်ဖြင့် ဝင်ခွင့် မပြုကြောင်း
ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်ဟုလည်း သိရသည်။
မီဒီယာတဖွဲ့အတွက် လက်မှတ် ၂ စောင်သာ ထုတ်ပေးသည့်အတွက် ကျန်သည့် သတင်းမီဒီယာများ အနေဖြင့် ငွေကုန်၊ အချိန်ကုန် လာခဲ့ကြရသည့်အပေါ် ဂရုမစိုက်သည့်သဘော သက်ရောက်နေကြောင်း၊ ဆီးဂိမ်းနှင့် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများအစား ရှက်မိကြောင်း ဆီးဂိမ်းပြိုင်ပွဲများ၏ မီဒီယာကိစ္စတချို့တွင် တာဝန်ယူပေးထားသည့် ကိုစောလင်းအောင်က ၎င်း၏ကိုယ်ပိုင်ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားထားသည်။
နေပြည်တော် ဆီးဂိမ်းဖွင့်ပွဲ သတင်းယူရန် ယနေ့ နံနက်လေယာဉ်နှင့် ရောက်လာကြသည့် အင်ဒိုနီးရှားနိုင်ငံမှ သတင်းထောက် အယောက် ၇၀ အတွက် ဖွင့်ပွဲ ပွဲစဉ်ဝင်ခွင့် လုံးဝမရကြောင်းလည်း သိရသည်။
ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ သတင်းသမား တချို့သည်လည်း ဆီးဂိမ်းဖွင့်ပွဲသတင်းအတွက် တိုက်ရိုက်လေလှိုင်း အစီအစဉ်
ထုတ်လွှင့်ရမည် ဖြစ်သည့်အတွက် အဖွဲ့လိုက် ဆောင်ရွက်ရမည် ဖြစ်သော်လည်း မီဒီယာတခုလျှင် ၂ ဦးသာ ဝင်ခွင့်ကန့်သတ် ထားသဖြင့် လုံခြုံရေးဝန်ထမ်း တချို့နှင့် ကတောက်ကဆ ဖြစ်နေရသည့် အနေအထားတွင် ရှိသည်ဟု နေပြည်တော်ရောက်
သတင်းထောက်တဦးထံမှ သိရသည်။