၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲကို နေပြည်တော်တွင် ဒီဇင်ဘာလ ၁၁ ရက်က ဖွင့်လှစ်သော်လည်း အားကစား ပြိုင်ပွဲများကို ဒီဇင်ဘာ ၄ ရက်နေ့ကတည်းက ကျင်းပနေပြီ ဖြစ်သည်။
မြန်မာ့ရိုးရာ ခြင်းခတ် ပြိုင်ပွဲ၊ ဝူရှူးပြိုင်ပွဲ၊ နပမ်း၊ လက်ဝှေ့၊ ဘတ်စကက်ဘော၊ လှေလှော်၊ ဖူဆယ်နှင့် ဘောလုံးပြိုင်ပွဲတို့မှာ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပနေသည်။
အမျိုးသမီးဘောလုံး ပြိုင်ပွဲကို မန္တလေး၌ ကျင်းပရန် စီစဉ်ထားခဲ့သည်။ ဦးစွာပထမ တီမောနိုင်ငံက ပြိုင်ပွဲမှ နုတ်ထွက် သွားသည်။ ပွဲစဉ်ဇယား အသစ်ရေးဆွဲပြီး ဘောလုံးပွဲများ စတင်ရက် နီးတော့မှ အင်ဒိုနီးရှားနိုင်ငံက ထပ်မံနုတ်ထွက် သွားပြန်သည်။ အင်ဒိုနီးရှားနှင့် ကစားမည့်ပွဲ အတွက် ရောင်းချထားသည့် လက်မှတ်ဖိုးများ ပြန်အမ်းပြီး ပွဲစဉ်အသစ် ထပ်ဆွဲရ ပြန်သည်။ မူလက အမျိုးသမီး ဘောလုံးအတွက် ရှစ်နိုင်ငံ စာရင်း သွင်းထားရာ ယခုအခါ ခြောက်နိုင်ငံသာကျန်တော့သည်။ နောက်ထပ်တော့ နုတ်ထွက်ကြတော့မည် မထင်ပါ။
ဒီဇင်ဘာ ၄ ရက်မှ စတင်ခဲ့သည့် အားကစား နည်းများတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ မြန်မာ့ အားကစားအဖွဲ့က ရွှေတံဆိပ် ၁၉ ဆုဆွတ်ခူး ထားကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ အားကစားပွဲတော် ခေတ်တွင် ၁၉၈၃ ခုနှစ် စင်ကာပူ ဆီးဂိမ်းမှ စကာ ရွှေတံဆိပ် ၂၀ ထက် ပိုမရသည်မှာ ၂၀၁၁ ဂျာကာတာဆီးဂိမ်း အထိပင် ဖြစ်သည်။ ယင်း ကာလ အတွင်း ရွှေတံဆိပ် ၁၀ ခုအောက် ရောက်သွားသည့် ပြိုင်ပွဲများလည်း ရှိခဲ့သည်။ ၁၉၉၃ စင်ကာပူ ဆီးဂိမ်းတွင် ရွှေတံဆိပ် ၈ ဆု၊ ၁၉၉၅ ဇင်းမယ်ဆီးဂိမ်းတွင် ရွှေတံဆိပ် ၄ ဆု၊ ၁၉၉၇ အင်ဒိုနီးရှား ဆီးဂိမ်းတွင် ရွှေတံဆိပ် ၈ ဆုနှင့် ၁၉၉၉ ဘရူနိုင်း ဆီးဂိမ်းတွင် ရွှေတံဆိပ် ၃ ဆု ဖြစ်သည်။ ၂၀၀၁ ခုနှစ် မလေးရှား ဆီးဂိမ်းမှ စကာ ရွှေတံဆိပ် ဆွတ်ခူးမှုသည် ဆယ်ဂဏန်း ကျော်ခဲ့သည်။ ၂၀၀၁ တွင် ၁၉ ဆု၊ ဗီယက်နမ် ၁၆ ဆု၊ ဖိလစ်ပိုင် ၁၇ ဆု၊ ထိုင်း ၁၆ ဆု၊ လာအို ၁၂ ဆုနှင့် အင်ဒိုနီးရှား ၁၆ တို့ ဖြစ်ကြသည်။
၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင်မူ အားကစားပွဲ မဖွင့်မီပင် ရွှေတံဆိပ် ၁၇ ဆုရရှိနေပြီ ဖြစ်သည်။ ရိုးရာလှေ၊ ရိုးရာစစ်တုရင် စသည့် အားကစား နည်းများမှ ရွှေတံဆိပ်များ ရနိုင်သေးသည်။ ဖွင့်ပွဲ မတိုင်မီကျင်းပသည့် ဘတ်စကက်ဘော (အမျိုးသား၊ အမျိုးသမီး)၊ ဝါတာပိုလို၊ ကြက်တောင်ရိုက်၊ ဖူဆယ်ဘောလုံးတို့မှာ ကျင်းပနေဆဲ ဖြစ်သည်။ ပြိုင်ပွဲများ မပြီးသေးပါ၊ သို့ရာတွင် ရွှေတံဆိပ် ရနိုင်သည့် အနေအထားမရှိပါ။
ကြက်တောင်ရိုက် ပြိုင်ပွဲနှင့် ပတ်သက်၍ စာရေးသူ မကျေလည်သည့် ပြဿနာတရပ် ရှိသည်။ ယခု ကျင်းပလျှက် ရှိသည့် အရှေ့တောင် အာရှအားကစားပွဲမှာ စိမ်ခေါ်ပြိုင်ပွဲ မဟုတ်ပါ၊ အားကစားသမား တဦးချင်း ယှဉ်ပြိုင်သည့် ပြိုင်ပွဲလည်း မဟုတ်ပါ။
ပြိုင်ပွဲဝင် နိုင်ငံတိုင်းမှ အားကစားသမား အားလုံးသည် မိမိတို့ သက်ဆိုင်ရာ နိုင်ငံများကို ကိုယ်စားပြု ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ နိုင်ငံများ၏ အားကစား သံတမန်လည်း ဖြစ်သည်။ အားကစားသမားတိုင်း ယှဉ်ပြိုင်ကြရာတွင် နိုင်ငံတော် က ချီးမြှင့်သည့်၊ နိုင်ငံတော်ကို ဖော်ကျူးသည့် အားကစား ဝတ်စုံများကို ဝတ်ဆင်ကြရပါမည်။ ဝတ်စုံအကျႌ နောက်ကျောတွင် သက်ဆိုင်ရာ နိုင်ငံအမည် ပါရပါမည်။ မြန်မာနိုင်ငံ၏ ၂၀၁၃ ဆီးဂိမ်း ဝတ်စုံအရောင်မှာ အနီဖြစ်ပါသည်။ အကျႌဝတ်စုံ အောက်တွင် ရှိသည့် နှလုံးသားပေါ်တွင် နိုင်ငံတော် အလံငယ်များ တပ်ဆင်ထားကြပါသည်။ အကျႌမဝတ်ရသည့် အမျိုးသား ရေကူးသမားများ၊ ဝါတာပိုလို သမားများပင်လျင် ဦးထုပ်ပေါ်တွင် နိုင်ငံတော် အလံငယ်များ တပ်ဆင်ထားကြ ရပါသည်။
သို့ရာတွင် ဒီဇင်ဘာလ ၁၀ ရက်တွင် အရှေ့တောင် အာရှအားကစားပွဲ ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ကစားသွားကြသည့် အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ၌ မြန်မာ ကြက်တောင်ရိုက် အားကစားသမား နှစ်ဦးမှာ မြန်မာ နိုင်ငံတော် အလံငယ် တံဆိပ်ပါသည့် မြန်မာ့ အားကစားဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိဘဲ ယှဉ်ပြိုင် ကစားသွားကြ ပါသည်။ အမျိုးသား တဦးချင်း ပြိုင်ပွဲတွင် ကစားသွားသည့် မြန်မာ့ အားကစားသမား ကျတော့ ပိုဆိုးပါသည်။ မည်သည့် စာတမ်း၊ မည်သည့် တံဆိပ်မှ မပါဘဲ တီရှပ် အဆင်ဆန်းကို ဝတ်ဆင်ပြီး ကစားသွားပါသည်။ ယင်း ကစားသများသည် မြန်မာနိုင်ငံ ကိုယ်စားပြု အားကစားသမား၊ သို့မဟုတ် မြန်မာ့ အားကစားသမားဟု သတ်မှတ်ရန် မဖြစ်နိုင်သည်ကို အထက်ပါ အချက်များ ထောက်ချင့်၍ အလွယ်တကူ သိနိုင်ပါသည်။
ဘာကြောင့် ဆိုသည်ကို တိတိကျကျ မပြောနိုင်သော်လည်း စာရေးသူ အနည်းငယ် ရိပ်စားမိသလိုလိုတော့ ရှိသည်။
အရှေ့တောင်အာရှ ကြက်တောင် အားကစား အဆင့်အတန်းမှာ ကမ္ဘာ့အဆင့် ဖြစ်ပါသည်။ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းကြက်တောင် သမားများကို ကျော်ဖြတ်ပြီး ရွှေတံဆိပ် ရရန် လုံးဝမလွယ်ပါ။ ပြည်နယ် အဆင့်သာ ရှိသူများက ကမ္ဘာ့အဆင့် ရှိသူများကို မည်သည့်နည်းမျှပင် မနိုင်နိုင်ပါ။ ရှုံးရတာခြင်းတူလျှင် မြန်မာ တိုင်းရင်းသား ကြက်တောင် သမားလေးကို ကစားခွင့် ပေးသင့်သည်။ GREEN, CLEAN & FRIENDSHIP ဟူသည့် (စိမ်းလန်း သန့်ရှင်း မိတ်ဆွေရင်း) ဆောင်ပုဒ်ကို မျက်နှာ မဖျက်ကြရန် တာဝန်ရှိသူတိုင်း သတိချပ်ကြဖို့ လိုသည်။ ဆီးဂိမ်းနှင့် ပတ်သက်နေသူတိုင်း အထူး တာဝန်ရှိကြောင်း သတိပေး တင်ပြလိုပါသည်။
ဝင်စို့၊ ထွက်စို့ များသော အမျိုးသမီး ဘောလုံးပွဲများ ဒီဇင်ဘာလ ၁၀ ရက်က မြန်မာ အမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီး အသင်းတို့ ယှဉ်ပြိုင်ကြခြင်းဖြင့် စတင်လိုက်ပြီ ဖြစ်သည်။ မန္တလေးမြို့ရှိ မန္တလာသီရိ အားကစား ပြိုင်ဝင်းကြီး အပြည့် ဘောလုံး ဝါသနာရှင်များ အားပေးကြသည်။ ဖိလစ်ပိုင်နှင့် မြန်မာ အမျိုးသမီးဘောလုံး အသင်းတို့ ၁၉၉၅ ခုနှစ်တွင် စတင် ထည့်သွင်းသည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် စတင် တွေ့ခဲ့ဖူးသည်။ ၃ ဂိုးစီလား မသိ သရေကျသည်။ တတိယ ကြေးတံဆိပ်ဆု အတွက် အမှတ်တူနေရာ ဂိုးအရှုံးနည်းသည့် မြန်မာ အမျိုးသမီးအသင်းက ကြေးတံဆိပ်ရခဲ့သည်။ ယင်းနောက် ပိုင်းဖိလစ်ပိုင် အမျိုးသမီးများနှင့် ကင်းကွာခဲ့သည်။ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် အမျိုးသား အသင်းက ပြိုင်ပွဲ မဝင်ဘဲ၊ အမျိုးသမီးက ဝင်ပြိုင်ခြင်းဖြစ်သည်။ အမေရိကန်ဖိလစ်ပိုင် ကပြားမလေးများ ပါလာသည်ဟု သတင်းများ ထွက်ပေါ် နေသည်။ ထွားထွားကျိုင်းကျိုင်း ကပြားမလေးများ မဟုတ်သော်လည်း တုတ်တုတ်ခိုင်ခိုင် ၀၀ဖြိုးဖြိုး ဖိလစ်ပိုင်မလေးများ ဖြစ်နေကြသည်။ မြန်မာမလေးများနှင့် ဆိုလျှင် ဆင်နှင့် ဆိတ်လို ကွာနေသည်။ သို့သော် ဘောလုံးပညာ မှာတော့ မြန်မာအမျိုး သမီးတို့က သာသည်။ ၂ ဂိုးဖြင့် မြန်မာအသင်း အနိုင်ရသည်။ မြန်မာအမျိုးသမီး ဘောလုံးသမားများသာ ဂိုးသွင်း မှန်လျှင် ကွင်းလယ် ဒိုင်လူကြီး အမျိုးသမီးကသာ ပြစ်ဒဏ်ဘောများ ပေးခဲ့လျင် မြန်မာအသင်း ဂိုးပိုရနိုင်သည်။
မြန်မာအမျိုးသမီး ဘောလုံး အသင်း ရွှေတံဆိပ် ရလိုလျှင် ယခုပွဲထက် ပိုကြိုးစားရမည် ထင်သည်။
နေပြည်တော် ဆီးဂိမ်း လက်ဝှေ့ ပြိုင်ပွဲတွင် မြန်မာနိုင်ငံ လက်ဝှေ့လောက၌ တကြိမ်မှ မရှိခဲ့သော မြင်ကွင်း တရပ်ကို တွေ့လိုက်ရသည်။ အမျိုးသမီး လက်ဝှေ့ကြိုးဝိုင်း ဒိုင်များအဖြစ် တာဝန်ယူသွားခြင်းပင် ဖြစ်သည်။ တယောက်တောင် မဟုတ်။ နှစ်ယောက်တောင် ဖြစ်သည်။
မြန်မာ့ရိုးရာ လက်ဝှေ့ ပြိုင်ပွဲများတွင်မူ ကြိုးဝိုင်းထဲ အမျိုးသမီး မဝင်ရပါ၊ ဝင်မိလျှင် ပွဲထပ်ပေးရပါသည်။
ဆီးဂိမ်းပြိုင်ပွဲပြီးလျှင် အားကစားပြိုင်ပွဲများ အပြိုင်အဆိုင် ကျင်းပတော့မည် ဖြစ်သည်။
အိုလံပစ် အားကစားနည်းများ ဖြစ်ကြသည့် ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ သေနတ်ပစ်၊ စသည့် တချိန်က မြန်မာတို့ ရွှေတံဆိပ်များ ရယူခဲ့ပြီး ၁၉၈၃ ခုနှစ် နောက်ပိုင်း တပွဲပြီးတပွဲ အောင်မြင်မှု နည်းခဲ့သည့် ပြိုင်ပွဲများ ဖွင့်ပွဲပြီးလျှင် စတင် ကျင်းပတော့မည် ဖြစ်သည်။ မြန်မာအားကစား အဖွဲ့အတွက် ရွှေတံဆိပ်များ ဆွတ်ခူးနိုင်သည့် ပြိုင်ပွဲများမှာ စစ်တုရင် (ရိုးရာ)၊ ရိုးရာနဂါးလှေ၊ မြားပစ် စသည့် ပြိုင်ပွဲတို့ဖြစ်သည်။
ပြေးခုန်ပစ်နှင့် ရေကူး နှစ်မျိုးပေါင်းလျှင် ဆုတံဆိပ် ၈၀ နီးပါး ရှိသည်။ မြန်မာတို့ ရွှေရဖို့ မလွယ်ပါ။
မြန်မာ အားကစားပွဲက မှန်းထားသည့် ရွှေတံဆိပ် ၁၀၀ ရရေးဆိုလျှင် နောက်ထပ် ရွှေတံဆိပ် (၈၁) ဆုလိုပါသေးသည်။ အနည်းဆုံး ခန့်မှန်းထားသည့် ရွှေတံဆိပ် ၇၀ ရရန်လည်း နောက်ထပ် ရွှေတံဆိပ် ၅၁ ဆုရမှ ဖြစ်ပါလိမ့်မည်။ ဒီဇင်ဘာ ၁၁ မှ ဒီဇင်ဘာ ၂၂ ရက်နေ့ အထိ ပြိုင်ပွဲများ ကျင်းပရန် ၁၀ ရက် အတွင်း မြန်မာ အားကစားအဖွဲ့သည် တနေ့လျှင် ရွှေတံဆိပ် ၅ ဆုမှ ၈ ဆု အတွင်းဆွတ်ခူး နိုင်မှသာလျှင် မျှော်မှန်းထားသည့် ရွှေတံဆိပ် ၁၀၀ သို့မဟုတ် ရွှေတံဆိပ် ၇၀ ရရှိနိုင်မည် ဖြစ်ပါသည်။