[irrawaddy_gallery]
ယနေ့ ကျင်းပသော ၂၇ ကြိမ်မြောက် အရှေ့တောင်အရှ ဆီးဂိမ်း၏ အုပ်စုလိုက် မြင်းအလှပြိုင်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သော မြန်မာ့အလှမြင်းကို ကိုယ်စားပြုရသည့် ကမ္ဘောဒီးယာနိုင်ငံက ဆုတံဆိပ်နှင့် လွဲချော်ခဲ့ပြီး မြန်မာနိုင်ငံက ဒုတိယ ငွေတံဆိပ်ဆု ၁ ဆုဆွတ် ခူးနိုင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်၏ မြင်းကို ကမ္ဘောဒီယား မြင်းစီးသမား မစ္စတာ Puthminea Sor က စီးနင်းကာ ကမ္ဘောဒီးယားနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သည်။
ထို့အပြင် ယနေ့ မြင်းအလှပြိုင်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ကြည့်ရှုကာ ဆုတံဆိပ်များ ကိုလည်း ချီး မြှင့် ပေးခဲ့သည်။ သူပိုင်ဆိုင်သည့် မြင်း ယှဉ်ပြိုင်မှုကြောင့် လာရောက် ကြည့်ရှုခြင်း ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က မြင်းစီး အားကစားပြိုင်ပွဲသို့ လာရောက်အားပေး ကြည့်ရှုသည့် အတွက် မြန်မာနိုင်ငံ မြင်းစီး အားကစားအဖွဲ့ချုပ်က များစွာဂုဏ်ယူ ဝမ်းမြောက်ရပါကြောင်း မြင်းစီးအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးပြုံးမောင်မောင်က ဧရာဝတီသို့ ပြောသည်။
“အခုလို ပြည်ပခရီးစဉ်က ပြန်ရောက်ရောက်ချင်း မနားဘဲ နေပြည်တော်ကို လေယာဉ်နဲ့တက်လာပြီး မြင်းပြိုင်ပွဲကို တကူးတ က လာရောက် အားပေးကြည့်ရှုတဲ့ အတွက် ကျနော်တို့ အားကစား တဖွဲ့လုံးက ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရတယ်” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ မြင်းစီးပြိုင်ပွဲဝင်စဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရသည့်အတွက် မိမိအနေဖြင့် စိတ်လှုပ်ရှားမှုများ ဖြစ်ခဲ့ရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ တည်ကြည်မှုများကိုလည်း မြင်တွေ့ခဲ့ရကြောင်း၊ သူပိုင်ဆိုင်သော မြင်းနှင့် ယှဉ်ပြိုင်ရမည် ကိုလည်း စိတ်လှုပ်ရှားမိကြောင်း စင်ကာပူနိုင်ငံမှ လာရောက်ယှဉ်ပြိုင်သော မြင်းစီးကစားသမား မစ္စ Pei Jia Caroline Rosanna Chew က ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ပိုင်ဆိုင်သော မြန်မာ့အလှမြင်းသည် ၂၀၁၃ ခုနှစ် မတ်လအတွင်းက ကျင်းပခဲ့သော ဆီးဂိမ်းအကြို မြင်းစီးပြိုင်ပွဲကို ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှုအပြီး YKKO မြင်းစီးကလပ် ပိုင်ရှင်က လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည့် မြင်းဖြစ်ကြောင်း မြင်းစီး အားကစားအဖွဲ့ချုပ်မှ သိရသည်။
အဆိုပါမြင်းသည် မြင်းထီးဖြစ်ပြီး အဖြူနှင့် မြင်းချေးရောင် ကွက်ကျားဖြစ်ကာ သားစပ်မြင်း အမျိုးအစား ဖြစ်ကြောင်း သိရသည်။ ဆီးဂိမ်းပွဲတွင် မြင်းစီးအားကစားနည်း တာဝေး (အသင်းလိုက်၊ တဦးချင်း)၊ အလှပြ၊ တန်းခုံစသော ကစားနည်း ၃ မျိုးအနက် အလှပြ အားကစားနည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲကျင်းပမှု စနစ်အရ ပြိုင်ပွဲဝင် မြင်းများကို မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်မှ စီစဉ်ပေးသည့် ပြည်တွင်းရှိ မြင်းများဖြင့်သာ မဲနှိုက်ရွေးချယ်ပြီး ပြိုင်ကြရကြောင်း ပြိုင်ပွဲဝင်များထံမှ သိရသည်။
ထိုင်းမြင်းစီး အားစားအဖွဲ့မှ တာဝန်ရှိသူတဦးက ယခုနှစ် မတ်လအတွင်း ကတည်းက မဲနှိုက်ရရှိသော မြန်မာမြင်းများနှင့် စီးနင်း ယှဉ်ပြိုင်မည့်သူများ အသားကျစေရန် လာရောက် လေ့ကျင့်ခဲ့ရကြောင်း၊ ကိုယ်ပိုင်မြင်းများ မဟုတ်သည့်အတွက် အစပိုင်းတွင် အခြေအတင် ငြင်းခုံခဲ့ရမှုတချို့ ရှိခဲ့သော်လည်း အဆင်ပြေကြောင်း ဧရာဝတီသို့ပြောသည်။
“အခုတော့လည်း အဆင်ပြေပါတယ်။ သိပ်တော့ ပြောစရာမရှိပါဘူး။ ကိုယ့်မြင်းတွေ မဟုတ်တာကို တော်တော်လေးတော့ အတိုက်အခံ ဖြစ်ခဲ့ရသေးတယ်။ ဒါပေမယ့် အခု ဒီကမြင်းတွေကို သဘောကျပါတယ်။ ဘာမှတော့ သိပ်အပြစ်ပြောစရာ မတွေ့ပါဘူး” ဟု ၎င်းက ဆိုသည်။
ထို့အပြင် ယနေ့ကျင်းပသော မြင်းစီးပြိုင်ပွဲတွင်လည်း ထိုင်းဘုရင်၏ မြေးတော် မင်းသမီး H.R.H Princess Sirivannavarinariratana က နေ့လယ်ပိုင်းတွင် ထိပ်ကွက်အမည်ရှိ မြင်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
ထိုင်း ဘုရင့်မြေးတော်က ဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေကို မသိရသော်လည်း ပထမဆုံး စတင်လေ့ကျင့်ရသည့် နေ့တွင် မြင်းအား ထိန်းချုပ်ရ မလွယ်ကူကြောင်း ပြောကြားသည်ဟု ယခုလ ၁၁ ရက်နေ့က ထိုင်းဘာသာနှင့် ရေးထားသည့် Banmuang ဝက်ဘ်ဆိုက် အင်တာနက် စာမျက်နှာ၌ ရေးသားထားသည်။
ထိုင်းဘုရင့် မြေးတော်က သင်္ဘာသီးထောင်းကို ကိုယ်တိုင် ပြုလုပ်ကာ ကောက်ညှင်း၊ ကြက်သားကင်၊ ငါးကြော်တို့နှင့် စား သောက်နေရသည့် အကြောင်းကိုလည်း ရေးသား ဖော်ပြထားသေးသည်။
မြင်းစီးပြိုင်ပွဲကို နေပြည်တော်တွင် ရှိသည့် မြင်းပြိုင်ကွင်း၌ ယခုလ ၁၀ ရက်မှ ၁၈ ရက်နေ့ အထိ ကျင်းပ ပြုလုပ်သွားရန် သတ်မှတ်ထားကြောင်း သိရသည်။
ထိုင်းဘုရင့် မြေးတော်သည် ယနေ့ ဝင်ရောက် ယှဉ်ပြိုင်သကဲ့သို့ လာမည့်ရက်တွင်လည်း ထပ်မံ ပြိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးအေးချိုက ဧရာဝတီသို့ ပြောသည်။
ယနေ့ကျင်းပသည့် အုပ်စုလိုက် မြင်းအလှပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ကို အင်ဒိုနီးရှားနိုင်ငံက ရရှိခဲ့ပြီး ဒုတိယငွေတံဆိပ်ကို မြန်မာနိုင်ငံ၊ တတိယ ကြေးတံဆိပ်ကို စင်ကာပူနိုင်ငံ တို့က အသီးသီး ရှိခဲ့သည်။
ယခုနောက်ဆုံး သတင်းအရ ဆီးဂိမ်းပြိုင်ပွဲများတွင် နေ့လယ် ၁ နာရီ ၃၅ မိနစ်အထိ မြန်မာနိုင်ငံက ရွှေတံဆိပ် ၂၂ ခု၊ ငွေတံဆိပ် ၁၉ ခုနှင့် ကြေး တံဆိပ် ၁၆ ခု တို့ဖြင့် ထိပ်ဆုံးမှ ဦးဆောင်လျှက်ရှိသည်။ မြန်မာနိုင်ငံ၏ အနောက်တွင် ဗီယက်နမ်နိုင်ငံက ရွှေတံဆိပ် ၂၀ ဖြင့် ကပ်လိုက် နေသည်။