အားကစား

မြန်မာအသင်း ဆီးဂိမ်းမှာ ရွှေ ၆၀ ပဲ မှန်းနိုင်တော့

This article has been converted from Zawgyi One to Unicode

မြန်မာက အိမ်ရှင်အဖြစ် လက်ရှိ လက်ခံကျင်းပနေသော အရှေ့တောင်အာရှ အားကစားပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆၀ ခန့် ရယူနိုင်ရန်သာ ခန့်မှန်းတော့ကြောင်း အားကစား ဝန်ကြီးဌာန လူထု/ပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ဧရာဝတီသို့ ပြောသည်။

“အားကစားဝန်ကြီးကတော့ အနည်းဆုံး ရွှေ ၁၀၀ ရအောင် ကြိုးစားဖို့ ပြောထားပေမယ့် လက်ရှိအနေအထားအရ ရွှေ ၆၀ လောက်ရအောင်တော့ ကြိုးစားနေကြတယ်။ ခုချိန်ကျမှ ကစားသမားတွေကို ဘယ်လိုမှ ဖြည့်ဆည်းပေးလို့ မရတော့ဘူး။ ၂၆ ကြိမ်မြောက် ဆီးဂိမ်းတုန်းက ရွှေ ၁၆ ခုပဲ ရခဲ့တာဆိုတော့ အခြအနေ အများကြီးတိုးတက်လာပါတယ် ”ဟု ဦးဌေးအောင်က ဆိုသည်။

နိုင်ငံအလိုက် ရွှေရရှိမှုတွင် မြန်မာကို စတုတ္ထ(သို့မဟုတ်) ပဉ္စမ နေရာလောက်သာ ရရှိရန် ခန့်မှန်းထားပြီး နိုင်ငံ၏ အားကစားသမားများ အဆင့်သင့်မဖြစ်မီ ဆီးဂိမ်းကြီးကို အိမ်ရှင်အဖြစ် ကျင်းပလိုက်ရသည်ဟု ဝါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)က ပြောသည်။

“ကျနော်တို့နိုင်ငံက အဆင့်သင့်မဖြစ်သေးဘဲနဲ့ ပြိုင်ပွဲကြီး ကျင်းပလိုက်ရတာကိုး။ အားကစားသမားတွေ အဆင်သင့် မဖြစ်သေးတာကို ပြောတာ။ ပြေးခုန်ပစ် ၊ ရေကူး ၊ အလေးမတို့မှာ အစကတည်းက မြန်မာက အားနည်းခဲ့တာ ။ ရိုးရာအားကစားတွေ အတင်းထည့်ပြီး ရွှေယူတာလည်း အဓိပ္ပါယ်မရှိဘူး။ ခုချိန်မှ ကယ်လို့မရတော့ဘူး။ နောက်ကစားပွဲတွေကျရင် ပိုဆိုးလာဖို့ ရှိတယ် ။ လှေလှော်မှာလည်း အနောက်တိုင်းလှေက ရဖို့မလွယ်ဘူး။ ရိုးရာလှေလောက်နဲ့လည်း လိုက်မမီပါဘူး ”ဟု ဦးခင်မောင်ထွေး(ပျဉ်းမနား)က ဆိုသည်။

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်(ဆီးဂိမ်း)ပြိုင်ပွဲ ဖွင့်ပွဲကျင်းပပြီး ၆ ရက်မြောက်နေ့ နိုင်ငံအလိုက် ဆုတံဆိပ်ရရှိမှုတွင် မြန်မာအသင်းမှာ ရွှေ ၊ ငွေ ၊ ကြေး တံဆိပ် စုစုပေါင်း ၁၂၂ ခုဖြင့် ပြိုင်ပွဲရလဒ် တန်းစီဇယားတွင် တတိယနေရာသို့  ရောက်ရှိသွားကာ မြန်မာပြည်သူများ မျှော်လင့်ခဲ့သော  အမျိုးသားဘောလုံးအသင်းမှာလည်း ရွှေတံဆိပ်နှင့် လွဲခဲ့ရပြီ ဖြစ်သည်။ အမျိုးသမီးဘောလုံးအသင်းသည်လည်း မျှော်လင့်ထားသလို  ရွှေရရန် မလွယ်ကူပေ။

အင်ဒိုနီးရှားကို ရှုံးပြီး ဆီးဂိမ်းရွှေအိမ်မက်ကို စွန့်လွှတ်လိုက်ရသော မြန်မာ အမျိုးသားအသင်းမှာ အင်ဒိုနီးရှားကို သရေကစားနိုင်ရုံဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်ရမည်ဖြစ်သော်လည်း မြန်မာနည်းပြချုပ် ပတ်ဆောင်ဟွာ၏ နည်းစနစ်ပိုင်း အားနည်းမှု၊ ကစားသမားများ၏ စိတ်လှုပ်ရှားပြီး ကစားကွက် မတည်ငြိမ်မှုများကြောင့် မြန်မာပရိတ်သတ် ၃၀၀၀၀ ကျော်ရှေ့တွင် အင်ဒိုနီးရှာအသင်းကို ပယ်နတီဂိုးဖြင့် အရှုံးပေးခဲ့ရသည်။ ပွဲအပြီး တာဝန်မဲ့ ပြောဆိုခြင်းကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ပတ်ဆောင်ဟွာကို တာဝန်မှ ချက်ခြင်းရပ်စဲလိုက်သည်။

ဒီဇင်ဘာလ ၁၆ ရက် ည ၆ နာရီတွင် ရရှိသော စာရင်းများအရ တတိယနေရာသို့ ရောက်ရှိသွားသော မြန်မာအသင်းမှာ ရွှေ ၃၉ ခု ၊ ငွေ ၃၈ ခု ၊ ကြေး ၄၁ ခု စုစုပေါင်း ၁၁၈ ခုဖြစ်ပြီး စတုတ္ထနေရာတွင် အင်ဒိုနီးရှားက ရွှေ ၃၈ ခု ၊ ငွေ ၅၁ ခု ၊ ကြေး ၁၃၉ ခုဖြင့် ကပ်လိုက်လျက်ရှိကြောင်း တွေ့ရသည်။

ပြိုင်ပွဲရလဒ်များအရ နံပါတ်တစ်နေရာသို့ ရောက်ရှိလာသော အသင်းမှာ ထိုင်းအသင်းဖြစ်ပြီး ရွှေ ၅၉ ခု၊ ငွေ ၄၅ ခု ၊ ကြေး ၄၉ ခု စုစုပေါင်း ၁၅၃ ခုဖြင့် ဦးဆောင်လျက်ရှိကာ ဗီယက်နမ်အသင်းက ရွှေ ၄၃ ခု ၊ ငွေ ၃၆  ခု ၊ ကြေး ၄၃ ခု ဖြင့် ဒုတိယနေရာမှ ဦးဆောင်လျက် ရှိသည်။

“ထိုင်းအသင်းအနေနဲ့ကတော့ နံပါတ်တစ်ဖြစ်လိမ့်မယ်လို့ ထင်မထားဘူး။ ရွှေရရင် အများဆုံး ၁၁၀ လောက်ထိတော့ မှန်းထားတယ်။ ဗီယက်နမ်နဲ့ အင်ဒိုနီရှားတို့က အကောင်းဆုံးဖြစ်လိမ့်မယ် ထင်တယ်”ဟု ထိုင်းနိုင်ငံ အားကစားအဖွဲ့ချုပ်ကို ဦးဆောင်လာသူ Mr Thana Thaitrasnt က ဧရာဝတီနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ ဆီးဂိမ်းပြိုင်ပွဲတခုလုံးတွင် မြန်မာနိုင်ငံမှ မြှားပစ်အားကစားသမား မအောင်ငှိမ်း တစ်ဦးတည်းကသာ ရွှေရရှိရန် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အခြားအားကစားနည်းများတွင် ငွေတံဆိပ်နှင့် ကြေးတံဆိပ်များသာ ရရှိခဲ့သည်။

Loading