အားကစား

ဆီးဂိမ်း ရွှေတံဆိပ် ဆုရှင် အပြေးသမား မဖြူဝါသက်

This article has been converted from Zawgyi One to Unicode

အပြေးမယ် မဖြူဝါသက် ဟာ မီတာ ၅၀၀၀ မှာ ရွှေတံဆိပ်နဲ့ မီတာ ၁၀၀၀၀ မှာ ငွေတံဆိပ် တခု ဆု ၂ ခု ရယူပြီး ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲမှာ နိုင်ငံ့ဂုဏ်ကို ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။

မဖြူဝါသက်ကို ၁၉၈၅ ခုနှစ် က ပဲခူးတိုင်း ဇေယျဝတီမြို့ မှာ မွေးဖွားခဲ့ပါတယ်။ ဟိန္ဒူလူမျိုးတဦးဖြစ်ပြီး ငယ်စဉ်ကတည်းက ပြေး ခုန်ပစ် အားကစားကို ဝါသနာပါသူ တဦးဖြစ်ပါတယ်။

ကျောင်းနေစဉ်ကာလ ကတည်းက ပြေးခုန်ပစ် ပြိုင်ပွဲများစွာ ဝင်ရောက်ခဲ့ပြီး ပဲခူးတိုင်း ကိုယ်စားပြုကာ တိုင်းနှင့် ပြည်နယ်ပွဲများ ဝင်ရောက် ခဲ့ပါတယ်။

မဖြူဝါသက်ဟာ မြန်မာ့ စီးပွားရေး ဦပိုင်လိမိတက်ပိုင် ဇေယျဝတီ အရက်ချက်စက်ရုံမှာ အလုပ်လုပ်ကိုင်နေသူ တဦးလည်း ဖြစ်ပါတယ်။

အခုလို အရှေ့တောင်အာရှ ပြေးခုန်ပစ်ပြိုင်ပွဲတွေမှာ မဖြူဝါသက် ဆုရဖို့ အတွက် လေ့ကျင့်ပေးနေသူကတော့ အပြေးချန်ပီယံ ဟောင်း ဒေါ်ခင်ခင်ထွေး ဖြစ်ပါတယ်။

၄၇ နှစ်ကြာမှ မြန်မာ့မြေမှာ ကျင်းပနိုင်ခဲ့တဲ့ ၂၇ကြိမ်မြောက် ဆီးဂိမ်းမှာ ရွှေတံဆိပ်နဲ့ ငွေတံဆိပ် ရယူပေးနိုင်တဲ့အတွက် “အတိုင်းမသိ ဂုဏ်ယူ ဝမ်းမြောက်တယ်”လို့ မဖြူဝါသက်က ဆိုပါတယ်။

ဒီကနေ့ ညနေမှာ ကျင်းပမယ့် မီတာ ၁၅၀၀ အပြေးပြိုင်ပွဲမှာ မဖြူဝါသက်တယောက် ဝင်ရောက်ယှဉ်ပြိုင်ဦးမှာဖြစ်ပြီး ပြိုင်ဖက် ကောင်းတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားကို ကျော်ကာ ရွှေတံဆိပ် မှန်းထားတယ်လို့ သိရပါတယ်။

ပြေးခုန်ပစ် အားကစားဟာ အရင်ကတည်းက နိုင်ငံအတွက် ဆုတံဆိပ်တွေ အများဆုံးရယူပေးတဲ့ အားကစားတခုလည်း ဖြစ်ပါတယ်။

Loading