မြန်မာ-ထိုင်း အမျိုးသမီး ဘောလုံးပွဲစဉ်တွင် ပယ်နယ်တီ အဆုံးအဖြတ်ကြောင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့ရသော်လည်း ကွင်းလယ်ဒိုင်၏ ဆုံးဖြတ်ချက်များ မျှတခဲ့မည် ဆိုပါက မြန်မာအသင်းက နိုင်ချေ ပိုများနိုင်ကြောင်း ဝေဖန် ပြောဆိုမှုများ ရှိနေသည်။
ပွဲစဉ် အချိန်အတွင်း အကြိတ်အနယ် ယှဉ်ပြိုင် ကစားခဲ့ပြီးနောက် ပယ်နယ်တီ အဆုံးအဖြတ်ကြောင့်သာ ရှုံးနိမ့်ခဲ့ရသည့် အမျိုးသမီး အသင်းအပေါ် ပရိသတ်များက အားပေးမှု အများအပြား ရှိခဲ့သလို စိတ်ဓာတ်နှင့် ကစားပုံက မိမိတို့ အသင်း နိုင်သည်ဟု ဆိုသူများလည်း ရှိကြသည်။
ဒီဇင်ဘာလ ၁၈ ရက် ညနေက မန္တလေးမြို့၊ မန္တလာသီရိ ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အမျိုးသမီး ဘောလုံးပြိုင်ပွဲ အကြို ဗိုလ်လုပွဲတွင် ကွင်းလယ် ဒိုင်လူကြီးဖြစ်သည့် မာရီယာမာဘဲလို၏ ဆုံးဖြတ်ချက်များမှာ ဘက်လိုက်မှုရှိနေပြီး တဖက် အသင်းအပေါ် မျက်နှာသာပေးမှု များနေသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ တာဝန်ရှိသူ တချို့နှင့် ပရိသတ် အများစုက ပြောဆိုကြသည်။
မြန်မာအမျိုးသမီး ဘောလုံးအသင်း၏ တာဝန်ရှိသူ တဦးဖြစ်သူ ကိုအိုကိုခြား က “အများ ပြည်သူရှေ့မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်ပါ၊ လူကျွံဘော အနေအထားကို ဂိုး အဖြစ် သတ်မှတ်ခဲ့တာ၊ မြန်မာအသင်း ဂိုးရနိုင်တာ ကို ဂိုး မပေးတာတွေကို ဗီဒီယိုဖိုင်တွေ ပြန်ကြည့်တော့လည်း တွေ့ရတယ်၊ ဒိုင်ရဲ့ အဆုံးအဖြတ်နဲ့ အပြုအမှုက ဘယ်လိုဆိုတာကို ပြောနေဖို့တောင် လိုမယ်မထင်တော့ဘူး၊ တနိုင်ငံလုံး သိကြတယ်”လို့ ဧရာဝတီသို့ ပြောသည်။
မြန်မာ အမျိုးသမီး အသင်းဘက်က ပထမပိုင်း ကစားချိန်တွင် အလွတ်တင် ဘောလုံးဖြင့် ဂိုးဝင်ခဲ့သည့် အချိန်နှင့် ထိုင်းအသင်း၏ လူကျွံသည်ဟု ယူဆရသည့် ဂိုး တို့တွင် ဆုံးဖြတ်ချက် ချခဲ့သည့် ကွင်းလယ်ဒိုင်သည် ဂိုးသွင်းချိန်များ အတွင်း အနီးကပ် ရှိမနေဘဲ ဂိုးဝင်မှသာ အနားသို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း၊၎င်း ၏ မျက်မြင်ကိုသာ ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ဆုံးဖြတ်ချက် ချခဲ့သည့်အပေါ် မြန်မာအသင်း တာဝန်ရှိသူများဘက်က ချက်ချင်း ဆိုသလို တုံ့ပြန် ပြောဆိုသော်လည်း လက်မခံခဲ့ကြောင်း သိရသည်။
“အားလုံးကို ပျော်ရွှင်မှု မပေးနိုင်တာကို ဝမ်းနည်းတယ်၊ အနူးအညွှတ်လည်း ကျနော်တို့တွေ တောင်းပန်ပါတယ်၊ ကစားသမား တွေလည်း မနေ့ကပွဲမှာ ရှုံးခဲ့ရပေမယ့် တတိယ နေရာလုပွဲအတွက် ပြင်ဆင် နေကြပြီ”ဟု မြန်မာ အမျိုးသမီး ဘောလုံးအသင်း တာဝန်ရှိသူ တဦးဖြစ်သည့် ကိုအိုကိုခြားက ပြောသည်။
ဘောလုံး ပွဲစဉ်များတွင် ဒိုင်၏ အဆုံးအဖြတ်သည် မှန်ကန်မှုမရှိဟု သုံးသပ်ပါက အကြောင်းအရာ၊ အချက်အလက်နှင့် တကွ အာရှ ဘောလုံး အဖွဲ့ချုပ်သို့ တိုင်ကြားနိုင်သည့် အခွင့်အရေး ရှိကြောင်း၊ ဒိုင်၏ ဆုံးဖြတ်ချက်များကို မကျေနပ် သည့်အတွက် မြန်မာ အမျိုးသမီးအသင်း နည်းပြ ဖြစ်သူက တိုင်ကြားရန် ဆုံးဖြတ် ထားသော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ အဆုံးအဖြတ်က စောင့်ကြည့်ရန် လိုအပ်သေးသည်ဟု ကိုအိုကိုခြားက ရှင်းပြသည်။
“အိမ်ရှင် အသင်းဘက်က ကြည့်ရင် ဒိုင်ရဲ့ ဆုံးဖြတ်ချက်က မတရားဘူး၊ လူကျွံဘောလို့ ထင်ရတဲ့ အနေအထားကို အမြင်တခုတည်းနဲ့ ဆုံးဖြတ်ပေးလိုက်တယ်၊ မြန်မာ အသင်းသားတွေခမျာ ဒိုင်ရဲ့ မျက်နှာပေးမှုကို မရတာက ဆိုးလွန်းတယ်”ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ မီဒီယာတာဝန်ခံ ဦးစိုးမိုးက ပြောသည်။
ယမန်နေ့ည ပွဲစဉ်တွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်နှင့် ထိုင်း ကစားသမားတချို့၏ ကစားကွက် ကြမ်းတမ်းမှုများ အပေါ် မခံမရပ် ဖြစ်လာကြသည့် ကွင်းအတွင်း ကြည့်ရှု့နေသည့် ပရိသတ်များမှ ရေသန့်ဗူး၊ ဖိနပ်စသည့် အရာဝတ္ထုများနှင့် ပစ်ပေါက်ခဲ့ကြသေးသည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်က ချက်ချင်း ဆိုသလို ပွဲရပ်နား လိုက်ပြီး ကွင်းအတွင်းမှ ထွက်သွားခဲ့သည်ကို တွေ့ရသည်။
မြန်မာနိုင်ငံက အိမ်ရှင် အသင်းဖြစ်သည့် အတွက် ဒိုင်များ၏ မျက်နှာသာပေးမှု မရခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆို ကြသည်။
မြန်မာအမျိုးသမီး ဘောလုံးအသင်း နည်းပြ အနေဖြင့် ဒိုင်၏ အဆုံးအဖြတ်ကို မကျေနပ်သည့် အတွက် အာရှ ဘောလုံး အဖွဲ့ချုပ်သို့ တိုင်ကြားရန် စီစဉ်မည်ဟု ယမန်နေ့ည သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဦး ဇော်ဇော်၏ ဆုံးဖြတ်ချက်ကိုသာ အတည်ပြုနိုင်မည်ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ မီဒီယာ တာဝန်ခံ ဦးစိုးမိုးက ဧရာဝတီသို့ ပြောသည်။
ဒိုင်လူကြီး များကို အာရှ ဘောလုံး အဖွဲ့ချုပ်က သတ်မှတ် ပေးထားသည့် နေ့စားခ နှုန်းထားအတိုင်း မပေးသဖြင့် ဒိုင်လူကြီးများက ဘက်လိုက်သည့် သဘော ဖြစ်နေသည်ဟု ကောလဟလများလည်း ထွက်ပေါ်နေသည်။
ယင်းသို့ ပြောဆိုမှုများအပေါ် ဦးစိုးမိုးက“ကျနော် သိသလောက်တော့ ဒိုင်တွေကို တနေ့ အတွက် ဒေါ်လာ ၁၀၀ ထက် မနည်းပေးထားတယ်၊ အာရှ ဘောလုံး အဖွဲ့ချုပ် သတ်မှတ်ပေးတဲ့ နှုန်းအတိုင်းပေးတာ”ဟု ဆိုသည်။
ထိုင်း ကစားသမား အချို့က မြန်မာ ကစားသမား တချို့၏ မျက်နှာအပေါ် ဖြတ်ရိုက်မိသည့် အနေအထား၊ ခေါင်းဖြင့် တိုက်လိုက်သည့် အနေအထားများသည် ထိုင်း အသင်းဘက်က ပရိသတ်ဆူပူအောင် လှုံ့ဆော်ပေးနေပြီး ပွဲပျက်အောင် လုပ်နေသည့် သဘောမျိုး ဖြစ်နေကြောင်း၊ ထိုင်း ကစားသမားများ၏ ကစားကွက်များသည် ကောင်းလွန်းသော်လည်း စိတ်ဓာတ်ပိုင်း ညံ့ဖျင်းသည်ဟု လူမှုကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာများတွင် သုံးသပ် ပြောဆိုလျက် ရှိသည်။
ဝါရင့် အားကစား ဆောင်းပါးရှင် ဦးခင်မောင်ထွေးက မြန်မာ-ထိုင်း အမျိုးသမီး အသင်း ပွဲစဉ် အပေါ် “ကိုယ့်အသင်း ရှုံးလို့ ပြောတယ် ထင်မှာလည်း စိုးရိမ်တယ်၊ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်က မြန်မာအသင်းကို တကယ်ကို နစ်နာ စေခဲ့တာပါ၊ မနေ့က ကစားပုံတွေမှာ ၂ သင်းစလုံး ကောင်းတယ် ဆိုပေမယ့် မြန်မာအသင်းက နိုင်ခဲ့သင့်တာ”ဟု သုံးသပ်သည်။
အဆိုပါ ပွဲစဉ်တွင် ထိုင်း အသင်းသည် အသင်းလိုက် ကစားကွက် ကောင်းလွန်း သော်လည်း ကစားပုံ ကြမ်းတမ်း လွန်းကြောင်း၊ မြန်မာ ကစားသမား တဦးကို မျက်နှာ ဖြတ်ရိုက်မိသည့် အနေအထားသည် ဘောလုံး စည်းမျဉ်း အရ အနီကတ်ပြပြီး ထုတ်သင့်ခဲ့သော်လည်း ဒိုင်လူကြီးက မျက်ကွယ် ပြုခဲ့ကြောင်း ၎င်းက ဆိုသည်။
မြန်မာ အမျိုးသား အသင်းနှင့် အမျိုးသမီး ဘောလုံး ပွဲစဉ်အချို့ အပေါ် အခြေခံ၍ အားကစား ဆောင်းပါးရှင် ဦးခင်မောင်ထွေးက “ဘောလုံး အားကစားမှာ မြန်မာတွေ အောင်မြင်သွားမှာကို သူတို့တွေ သိပ်ကြောက် ကြသလို စိုးရိမ်ကြတယ် ထင်တယ်၊ မြန်မာဆိုရင် နှိမ်ချင်တဲ့ သဘောမျိုး ဖြစ်နေတယ်”ဟု ပြောသည်။
မြန်မာ အမျိုးသမီး အသင်းသည် ပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့သော်လည်း ပြည်သူ၏ ချစ်ခြင်းကို ရရှိခဲ့ကြောင်း၊ အစွမ်းကုန် ကြိုးစားခဲ့ပြီး သည်းခံစိတ်ဖြင့် ယှဉ်ပြိုင်ခဲ့သည့်အတွက် မိမိတို့စိတ်ထဲတွင် ရှုံးနိမ့်သည်ဟု မသတ်မှတ်ကြကြောင်း ဘောလုံး ပရိသတ် တဦးဖြစ်သူ မပိုးအိထွေးက ဆိုသည်။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် အမျိုးသမီးအသင်း အပေါ် အားပေးမှု အများအပြား တွေ့ရသည်။ ရေကုန် ရေခန်းစိတ်ကို ဦးညွတ်ကြောင်း၊ ပယ်နယ်တီ ဘောလုံး လွဲချော်မှုမှာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမားများပင် ဖြစ်တတ်ကြောင်း၊ ပွဲတွင် အနိုင်မရသဖြင့် ဝမ်းနည်းသော်လည်း ကစားသမားများ၏ စိတ်ဓာတ်နှင့် ကြိုးစားမှုကို ဂုဏ်ယူကြကြောင်း စသည်ဖြင့် ပရိသတ်များ၏ ရေးသားထားမှုများကို တွေ့ရသည်။
ဆီးဂိမ်း အမျိုးသမီး ဘောလုံးပွဲစဉ် တတိယ နေရာလုပွဲ အဖြစ် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း သည် မလေးရှား ဘောလုံးအသင်းနှင့် ဒီဇင်ဘာ ၂၀ရက် ညနေ ၄း၀၀ နာရီတွင်လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် ထိုင်းနှင့် ဗီယက်နမ် အသင်းတို့သည် ယင်းနေ့ ည ရး၃၀ နာရီတွင် လည်းကောင်း အသီးသီး ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။