မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ မြန်မာ အမျိုးသမီး အားကစားသမားတွေက အမျိုးသား အားကစားသမားတွေထက် ပရိသတ်တွေကို စိတ်လှုပ်ရှားစေပြီး ပျော်ရွှင်မှု ပိုပြီး ပေးနိုင်တဲ့ အနေအထားပါ။
အလေးမ၊ လက်ဝှေ့၊ ပြေးခုန်ပစ်၊ တိုက်ကွမ်ဒို၊ ကာရာတေးဒို၊ ခြင်းခတ်၊ ဗိုဗင်နမ်၊ လှေလှော် နဲ့ စစ်တုရင် စတဲ့ အားကစား နည်းတွေမှာလည်း အမျိုးသမီးအားကစားသမား တွေက ရွှေတံဆိပ်ဆုတွေ ရရှိထားကြပါတယ်။
အရင်က အများအားဖြင့် အဲဒီကစားနည်းတွေဆိုတာ အမျိုးသားတွေကသာ စိတ်ဝင်စားမှုရှိပြီး ယှဉ်ပြိုင်ကြ၊ ဆုရခဲ့ကြတာ များခဲ့ပေမယ့် အခုတော့ အမျိုးသမီးတွေရဲ့ ရွှေတံဆိပ်ရရှိမှုက ဦးဆောင်နေတာပါ။
ထိုင်းအသင်းကို ခြေကုန်ကန်ပြီး ပယ်နယ်တီနဲ့ ရှုံးပေမယ့် မနေ့ညက ယှဉ်ပြိုင်ခဲ့ကြတဲ့ အမျိုးသမီးဘောလုံးပွဲစဉ် တတိယနေရာလုပွဲမှာ မလေးရှားအသင်းနဲ့ ကန်ရာမှာ မြန်မာအမျိုးသမီး အသင်း ရဲ့ ကစားကွက်တွေက မိနစ် ၉၀ လုံး ပရိသတ်တွေအတွက် စိတ်လှုပ်ရှားမှု၊ ကျေနပ်မှုနဲ့ ပျော်ရွှင်မှုအပြည့်အဝ ပေးနိုင်ခဲ့ပါတယ်။
အမျိုးသားလက်ရွေးစင်ဘောလုံးအသင်း က အုပ်စုအဆင့်နဲ့ ရှုံးနိမ့်ခဲ့ရပြီးတဲ့အချိန်မှာ အမျိုးသမီးလက်ရွေးစင်ဘောလုံး အသင်းကို ပရိသတ်တွေရဲ့ စိတ်ဝင်စားမှု၊ အားပေးမှု နဲ့ မျှော်လင့်ထားမှုတွေက ပိုများလာတာပါ။
ဒါကြောင့် လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွေထက်မှာ အမျိုးသားအသင်းထက် အမျိုးသမီးအသင်းရဲ့ စွမ်းဆောင်ရည် က ပိုပြီး ကောင်းမွန်နေတာကြောင့် အားပေးသူ အများအပြားရှိလာတဲ့အပြင် ကွင်းလယ်ကစားသမားသန်းသန်းထွေး ရဲ့ ပရိသတ်များ စာမျက်နှာတွေတောင် ထွက်ပေါ်လာခဲ့ပါတယ်။
ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေးကလည်း အမျိုးသမီးအားကစားသမားတွေက အမျိုးသားတွေထက်ကို သာသွားတဲ့အခြေအနေကို ရောက်နေပြီလို့ သုံးသပ်ပါတယ်။
“အမျိုးသမီးတွေက အမျိုးသားတွေကို ကျော်သွားတာကြာပေါ့၊ ပြေးခုန်ပစ်၊ ရေကူး၊ လက်ဝှေ့ စတာတွေမှာဆိုလည်း အမျိုးသမီးတွေက ရှေ့တန်းရောက်နေပြီ၊ အဓိက ကတော့ အမျိုးသမီးအားကစားသမားတွေက ဆေးလိပ်၊ အရက် စတာတွေ ကင်းအောင်နေကြတာများတော့ သူတို့က ပိုပြီး သာသွားတဲ့အချက်လည်း ဖြစ်နိုင်တယ်”လို့ ဦးခင်မောင်ထွေးက ရှင်းပြပါတယ်။
ဒီနှစ်ပိုင်းမှာ နိုင်ငံရေးနယ်ပယ်အသီးသီးက လှုပ်ရှားနေကြတဲ့ အမျိုးသမီးတွေကလည်း အမျိုးသားများနည်းတူ တန်းတူအခွင့်အရေးရရှိရေး၊ နိုင်ငံရေးစားပွဲဝိုင်းတွေမှာ ပါဝင်ဆွေးနွေးခွင့်ရရှိရေး စတဲ့ အကြောင်းအရာ အများစုမှာ ပါဝင်ခွင့်ရရေး လှုပ်ရှားမှုတွေ လုပ်လာကြသလို အားကစားမှာလည်း အမျိုးသမီးတွေ အောင်မြင်လာကြတာတွေ့ရတော့ ကြက်ဖတွန်မှ မိုးလင်းမယ်ဆိုတဲ့ အယူအဆ မြောင်းထဲရောက်သွားပြီလို့တောင် ပြောရပါတော့မယ်။
“အားကစားသမားတယောက်မှာ ပရိသတ်နဲ့ ကိုယ့်နိုင်ငံကို ပေးဆပ်ချင်တဲ့စိတ်ရှိနေရင် ရာနှုန်းပြည့် မအောင်မြင်ရင်တောင်မှ အထိုက်အလျောက်တော့ အောင်မြင်မှာပါ၊ အမျိုးသမီးအားကစားသမားတွွေရဲ့ စိတ်ဓာတ်တွေကလည်း အရင်တုန်းကထက် ပိုပြီးတော့ ခိုင်မာလာကြတာကို တွေ့ရတယ်”လို့ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းရဲ့ ကွင်းလယ် ကစားသမား မသန်းသန်းထွေးက ဧရာဝတီကို ပြောပါတယ်။
သူတို့ အသင်းအနေနဲ့ ထိုင်းနဲ့ပွဲစဉ်တုန်းက ဒိုင်ရဲ့ဆုံးဖြတ်ချက်တချို့ဟာ အနိုင်ကျင့်နေသလို ခံစားခဲ့ရတာကြောင့် မလေးရှားနဲ့ ပြိုင်ပွဲမှာ အရင်ထက် ပိုပြီး ကြိုးစားခဲ့သလို ယှဉ်ပြိုင်စဉ်အချိန်တွင်းမှာလည်း စက္ကန့်တိုင်း တန်ဖိုးရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကစားခဲ့ကြလို့ ပရိသတ်တွေရဲ့ အားပေးမှုကို ပိုပြီးရခဲ့တယ်လို့ မသန်းသန်းထွေးက ဆိုပါတယ်။
အမျိုးသမီး ဘောက်ဆင်လက်ဝှေ့ပြိုင်ပွဲ ၅၇ ကီလိုတန်းမှာ ရွှေတံဆိပ်ဆုရရှိခဲ့တာကတော့ အသက် ၁၉ နှစ် အရွယ်ရှိတဲ့ မနွယ်နီဦးဖြစ်ပါတယ်၊ သူက မိသားစု စီးပွားရေးအခြေအနေကြောင့် ကျောင်းပညာရေး ၄ တန်း မှာ ကျောင်းထွက်ခဲ့ရပြီး လက်ဖက်ရည်ဆိုင်မှာ ပန်းကန်ဆေး၊ စားပွဲထိုး အလုပ်တွေလုပ်ခဲ့ရတယ်လို့ သိရပါတယ်။
“ကိုယ်က ပညာနဲ့ လုပ်စားလို့မရဘူးဆိုတာ တွေးမိတော့ ဝါသနာပါတဲ့ အားကစားနည်းနဲ့ ထူးချွန်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ထားခဲ့တယ်၊ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ရင်း ရပ်ကွက်လက်ဝှေ့ပြိုင်ပွဲလေးတွေမှာ လိုက်ထိုးတာ ကြာတော့ ဆိုင်ရှင်က ကြည့်မရတော့ဘဲ အလုပ်ထုတ်ပစ်လိုက်တော့ ကိုယ့်ရဲ့ ဝါသနာကို သေချာ အကောင်အထည် ဖော်ချင်စိတ်ဖြစ်လာတာပဲ”လို့ မနွယ်နီဦးက ဧရာဝတီကို ပြောပြပါတယ်။
ပြည်တွင်းလက်ဝှေ့ပြိုင်ပွဲတွေမှာသာ ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးခဲ့တဲ့ မနွယ်နီဦးအတွက် ဆီးဂိမ်းမှာ ပါဝင်တဲ့ အမျိုးသမီးဘောက် ဆင်ပြိုင်ပွဲဟာ သူမအတွက် နိုင်ငံတကာပြိုင်ပွဲအနေနဲ့ ပထမဆုံး အတွေ့အကြုံလို့ သိရပါတယ်။
သူမက အကြိုဗိုလ်လုပွဲမှာ အင်ဒိုနီးရှားနိုင်ငံပြိုင်ဘက်ကို အနိုင်ထိုးသတ်နိုင်ခဲ့သလို ဗိုလ်လုပွဲမှာလည်း ဖိလစ်ပိုင်နိုင်ငံက ပြိုင်ဘက်ကို အနိုင်ရပြီး သူမအတွက် ပထမဆုံး ပြိုင်ပွဲမှာ ပထမဆုံး ရွှေတံဆိပ်ဆုရရှိခဲ့တာပါ။
“လက်ဝှေ့ဆိုတာ အမျိုးသမီးတွေနဲ့ မကိုက်ညီဘူး ထင်တာတွေရှိတော့ ပိုကြိုးစားချင်စိတ်ဖြစ်လာတယ်၊ အမျိုးသားတွေလုပ်တဲ့ အလုပ်မျိုး အမျိုးသမီးတွေလည်း လုပ်နိုင်ပါလားဆိုတာ သိစေချင်တယ်၊ ရုပ်သံတွေမှာလည်း အမျိုးသမီးလက်ဝှေ့ ပြိုင်ပွဲမျိုး ပြစေချင်တယ်”လို့ မနွယ်နီဦးက ဆိုပါတယ်။
ယမင်းကေခိုင်ကလည်း အသက် ၂၀ အရွယ်ရှိ နိုင်ငံ့လက်ရွေးစင် လူငယ် တိုက်ကွမ်ဒို အားကစားသမားတဦးဖြစ်ပါတယ်၊ သူ ၁၁ နှစ် အရွယ်မှာ စတင်ပြီးတော့ တိုက်ကွမ်ဒို ကစားနည်းကို သင်ယူလေ့ကျင့်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ နိုင်ငံလက်ရွေးစင် တယောက်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီနှစ်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာအားကစားပြိုင်ပွဲတခုမှာ ရွှေတံဆိပ်ဆု စတင် ရရှိခဲ့တယ်လို့ သိရပါတယ်။
“အမျိုးသမီးတွေလည်း အမျိုးသားတွေနည်းတူ တန်းတူအခွင့်အရေးတွေရလာပြီ၊ ရင်ဘောင်တန်းလာနိုင်ပြီလို့ ထင်တယ်၊ မိန်းကလေးတယောက်ဆိုပေမယ့် ငယ်ငယ်ကတည်းက ကန်ရ၊ ချရ တာကို ဝါသနာပါခဲ့လို့ တိုက်ကွမ်ဒိုကစားရတာပျော်တယ်၊ အမျိုးသမီးဘောလုံးအသင်းဆိုရင် သူတို့ရဲ့ ကစားကွက်၊ ကစားပုံတွေကအစ အမျိုးသားအသင်းထက်ကို ပိုကောင်းတယ်လို့ မြင်တယ်”လို့ မယမင်းကေခိုင်က ဧရာဝတီကို ပြောပါတယ်။
ဆီးဂိမ်းစတင်ကျင်းပတဲ့နေ့မှာ ရွှေတံဆိပ်ရရှိခဲ့တဲ့ ခြင်းခတ်အားကစားသမား မဖြူဖြူဝင်းကလည်း ခြင်းခတ်အားကစား နည်းမှာ အမျိုးသမီးဝါသနာရှင်တွေ ရှိနေပေမယ့် မိဘတွေရဲ့ ခွင့်ပြုချက်မရတာကြောင့်နဲ့ စီးပွားရေးအခြေအနေကြောင့် ခြင်းခတ်ကစားနည်းမှာ အမျိုးသမီးတွေ နည်းနေသေးတယ်လို့ ဆိုပါတယ်။