မြန်မာလူငယ်များ၏ ဘောလုံးနည်းပညာ ဖွံဖြိုးရေးအတွက် Coca-Cola (ကိုကာကိုလာ)ကုမ္ပဏီနှင့် ကမ္ဘာ့ ဘောလုံးအဖွဲ့ချူပ် (ဖီဖာ) တို့က စီစဉ် ဆောင်ရွက်နေကြောင်း သိရသည်။
“ကိုကာကိုလာက ဖီဖာနဲ့ချိတ်ဆက် လုပ်ဆောင်နေတဲ့ အပိုင်းတွေ ရှိပါတယ်။ တခြား နိုင်ငံတွေမှာ လုပ်ပေးတဲ့ အပိုင်းတွေ ရှိပါတယ်။ ပံ့ပိုးပေးမယ့် အပိုင်းတွေကို သူတို့ဘက်ကနေ တင်ပြပေးဖို့ ပြောထားပါတယ်။ အသေးစိတ် ပေါင်းစပ်လုပ်ပေးဖို့ လုပ်နေကြတယ်။ အဓိကကတော့ လူငယ်ကဏ္ဍပိုင်း ဘောလုံး နည်းပညာကိုပဲ သူတို့က မြေတောင် မြှောက်ပေးပါတယ်”ဟု မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးဘန်နီတင်အောင်က ပြောသည်။
ဖီဖာ အနေဖြင့် ဘောလုံး အဖွဲ့ဝင် နိုင်ငံများအတွက် ပေးအပ်လေ့ရှိသည့် နည်းစနစ်ပိုင်း ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးမှုများအပြင် အမျိုးသမီး ဘောလုံးအသင်း တိုးတက်ရေးအတွက်ပါ ပံ့ပိုးပေးနိုင်မည့် အစီစဉ်များကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်ပြော သည်။
ကိုကာကိုလာ နှင့် ဖီဖာ က ကမ္ဘာ့ ချန်ပီယံ ဆုဖလားကို နိုင်ငံတကာသို့ ပို့ဆောင်ပေးသည့် အစီအစဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြန်မာနိုင်ငံသို့လည်း ရောက်ရှိလာခဲ့သည်။
၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲတွင် ချီးမြှင့်မည့် ချန်ပီယံ ဆုဖလားကို မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ ရက်က စတင်၍ ပထမဆုံး အကြိမ် လာရောက် ပြသလျက်ရှိပြီး ဒီဇင်ဘာ၂၆ ရက် ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင် တွင် မြန်မာ ဘောလုံးပရိသတ်များကို ဆက်လက်ပြသသွားမည် ဖြစ်ကြောင်း ကိုကာကိုလာ ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားမှာ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲ မကျင်းပမီ ကာလအထိ ၉ လတာအတွင်း နိုင်ငံပေါင်း ၉၀ ကို ယူဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆုဖလားကို မြန်မာနိုင်ငံသို့ အိန္ဒိယမှတဆင့် ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။
ကိုကာကိုလာ ကုမ္ပဏီ၏ မြန်မာပြည်ရုံးခွဲမှ မန်နေဂျင်း ဒါရိုက်တာ ရီဟန်ခန်းက“ကမ္ဘာ့ဖလားကို စပွန်ဆာ အဖြစ် တာဝန်ယူပြီး နိုင်ငံ အနှံ့အပြားကို လိုက်လံပြသခွင့် ရခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းသာပါတယ်။ နိုင်ငံတိုင်းကလည်း တခဲနက် ကြိုဆိုကြတဲ့အတွက် ဒီ အစီ အစဉ်ကို ဆောင်ရွက်ရတာ ကျေနပ်စရာပါပဲ။ မြန်မာနိုင်ငံက ဒီလို ပထမဆုံးအကြိမ် လက်ခံတာဟာ ပြောင်းလဲ လာတဲ့ နိုင်ငံရေးကို ဖော်ပြရာ ရောက်ပါတယ်”ဟု ပြောဆိုသည်။
ယင်းဆုဖလား လာရောက်ခြင်းနှင့် ပတ်သက်ပြီး နာမည်ကျော် မြန်မာ ဘောလုံးသမား ဂိုး တင်အောင်က“ဒီလို ရောက်လာဖို့ တခါမှ အိပ်မက် မမက်ဖူးပါဘူး။ ရောက်လာတဲ့အတွက် အရမ်းပျော်ပါတယ်။ ဒီဖလားဟာ ဘောလုံးအားကစားကို ရူးသွပ်သူတွေ အတွက် တကယ့်ကို တန်ဖိုး မဖြတ်နိုင်တဲ့ အရာပါ။ ဒီဟာနဲ့အတူ မြန်မာ့ဘောလုံး လောကကို ကမ္ဘာနဲ့ချိတ်ဆက် နိုင်မယ်ထင်ပါတယ်”ဟုပြော သည်။
ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကို ပြီးခဲ့သည့် စက်တင်ဘာလ ကတည်းက လှည့်လည် ပြသနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ယင်းဆုဖလားအား တကြိမ်တခါမျှ ပြသခွင့်မရရှိခဲ့သည့် နိုင်ငံပေါင်း ၅၁ နိုင်ငံကို ယခုနှစ်တွင် လှည့်လည် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၆ရက်တွင် မနက် ၁၀ နာရီမှ ည ၁၀နာရီအထိ အဆိုပါ ဆုဖလားကို မြန်မာ ပရိသတ်များအား အနီးကပ် ပြသပြီး ဓာတ်ပုံ ရိုက်ကူးခွင့် ပေးသွားမည်ဖြစ်သည့်အပြင် ကိုကာကိုလာ က ဂိမ်းများ၊ ဖျော်ဖြေရေး အစီစဉ်များဖြင့် တင်ဆက်သွားမည်ဟုလည်း ဆို သည်။
အဆိုပါ ဆုဖလားသည် ၃၆ စင်တီမီတာမြင့်ပြီး ၁၈ ကာရက် ရွှေဖြင့်ပြုလုပ်ထားကြောင်း၊ ဆုဖလား အောက်ခြေတွင် အလှဆင် ကျောက်စိမ်းအရစ် ၂ ရစ်ပါဝင်ပြီး အလေးချိန် ၆၁၇၅ ဂရမ် ရှိကြောင်း သိရသည်။ ဖီဖာ ဥပဒေအရ အဆိုပါ ဆုဖလားမှာ မည်သည့် နိုင်ငံ ကမှ ပိုင်ဆိုင်ခြင်းမရှိဘဲ ဖီဖာကသာ ပိုင်ဆိုင်ထားသည့် ဆုဖလားဖြစ်သည်။ ဆုဖလား အောက်ခြေတွင် ၁၉၇၄ ခုနှစ်မှ ယခုအချိန် အထိ ဖီဖာ ကမ္ဘာ့ဖလား ရရှိခဲ့သည့် တနိုင်ငံချင်းစီ၏ အမည်များကို ထွင်းထားကြောင်း တွေ့ရှိရသည်။
ကမ္ဘာ့ဖလား ချန်ပီယံ ဆုဖလားကို သယ်ဆောင်လာသည့် ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လွတ်လပ်ရေး မရမီ ၁၉၂၇ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှု စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၄၉ ခုနှစ်က ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
နှစ်ပေါင်း ၆၀ ကျော် မြန်မာနိုင်ငံနှင့် ဝေးကွာခဲ့သော ကိုကာကိုလာ အချိုရည် ကုမ္ပဏီသည် အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ ၌ ရင်းနှီးမြှုပ်နှံရန် ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။