အားကစား

ရွှေတံဆိပ်များတိုင်း အားကစား အဆင့်အတန်း တိုးတက်ခြင်း မမည်

This article has been converted from Zawgyi One to Unicode

အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးမှာ အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့ပြီ။ ငွေကြေး အမြောက်အများ အကုန်အကျခံ ပြုလုပ်ခဲ့သည့် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား ကလည်း စံတင်လောက်အောင်ပင် ကြီးကျယ် ခမ်းနားလှသည်။ အားကစား သမားများ ကလည်း ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၈၆ ဆု ဆွတ်ခူး နိုင်ခဲ့ကြသည်။ ယင်းတံဆိပ် ဆုအရေအတွက်မှာ ကျွန်းဆွယ်နှင့် ဆီးဂိမ်းပြိုင်ပွဲ တလျှောက်လုံးတွင် မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ဆွတ်ခူးရရှိ ခြင်းပင် ဖြစ်သည်။

၂၇ ကြိမ်မြောက် ပြိုင်ပွဲ၏ အထူးခြားဆုံး ဝိသေသမှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က အားကစားသမားများ ယှဉ်ပြိုင်နေစဉ် အတွင်း ဂုဏ်ပြုသဝဏ်လွှာ ပို့ခြင်း၊ အားကစား ပြိုင်ပွဲတချို့ကို ကိုယ်တိုင်ကိုယ်ကျ တက်ရောက် အားပေးကြည့်ရှုခြင်း၊ ရွှေတံဆိပ်များ ချီးမြှင့်ခြင်းနှင့် ပွဲအပြီးတွင် အားကစား သမားများအား ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခြင်း တို့မှာ ယင်း အရှေ့တောင်အာရှ အားကစားပွဲ၏ ထူးခြားလေးနက်သော ဝိသေသ လက္ခဏာ တရပ်ပင် ဖြစ်သည်။

မပြောပလောက်သော အပြစ်အနာအဆာ တချို့မှတပါး မည်သည့် ပြဿနာ ကြီးကြီးမားမား မရှိဘဲ၊ ပြိုင်ပွဲဝင် ဧည့်သည် ၁၀ နိုင်ငံလုံးအပေါ် “Clean, Green and Friendship” ဆောင်ပုဒ်နှင့် အညီ ပြုမူ ဆက်ဆံနိုင်ခြင်း၊ ကျပ်ငွေရော၊ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာပါ အကုန်ကျခံကာ ပိတ်ပွဲ၊ ဖွင့်ပွဲများ ကျင်းပ ခဲ့ခြင်း စသည်တို့မှာလည်း ၂၇ ကြိမ်မြောက် နေပြည်တော် အရှေ့တောင်အာရှ အားကစားပွဲ၏ ဝိသေသ ထူးခြားသည့် အောင်မြင်မှုများ ဖြစ်သည်။

ယင်း အောင်မြင်မှုများကို အားကစား အောင်မြင်မှုများနှင့် ရောပစ်၍ကား မရပါ။ မြန်မာနိုင်ငံ၏ အားကစား တိုးတက်မှု များမှာ ရပ်တန့်နေဆဲ ဖြစ်ပါသည်။ တိုးတက်လာခြင်း မရှိသေးပါ။ စာရေးသူ ညွွှန်ပြလိုသည့် အားကစားနည်းများမှာ နိုင်ငံတကာ အားကစားနည်း များကို ရည်ညွန်းခြင်း ဖြစ်သည်။

မြန်မာ့ အားကစားသည် တချိန်တခါက နိုင်ငံတကာ အာကစားနည်း (ဝါ) အိုလံပစ် အားကစား နည်းများဖြင့် ကမ္ဘာ့ အားကစား လောကထဲသို့ ဝင်ခဲ့ဖူးသည်။

တပ်ကြပ်ကြီး ထွန်းမောင်က ၁၉၅၄ – ၅၅ ကမ္ဘာ့တံခွန်စိုက် အလေးမ ပြိုင်ပွဲတွင် တတိယ ၂ ကြိမ် ရခဲ့ဖူးသည်။ ကမ္ဘာ့ အိုလံပစ် အလေးမ ပြိုင်ပွဲတွင် ၁၉၅၆၊ မဲလ်ဘုန်းပွဲ၌ အိုလံပစ် မှတ်တမ်း ဝင်ခဲ့သည်။ ထွန်းကြွယ်ကလည်း ၁၉၆၀ ရောမအိုလံပစ် အလေးမ ပြိုင်ပွဲတွင် မှတ်တမ်းဝင်သည်။ အောင်ကြီးကမူ မြူးနစ် အိုလံပစ်တွင် အလေးမ ကမ္ဘာ့စံချိန် တင်သည်။ ပဉ္စမ အဆင့်ဖြင့် မှတ်တမ်းဝင်သည်။ ထိုမြူးနစ် အိုလံပစ်မှာပင် ပါဝင် ယှဉ်ပြိုင်သည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အသန့်ရှင်းဆုံးဆု ချီးမြှင့်ခံခဲ့ရသည်။ သိန်းမြင့်နှင့် တင်ထွန်းတို့က ကမ္ဘာ့အိုလံပစ် လက်ဝှေ့ပြိုင်ပွဲတွင် ကွာတားဖိုင်နယ် အဆင့်အထိ ရောက်သည်။ ကမ္ဘာ့ အိုလံပစ် လက်ဝှေ့ပြိုင်ပွဲ သတ်မှတ်ချက် အရ ကွာတားဖိုင်နယ်တွင် ရှုံးသူ ၄ ဦးစလုံးကို အဆင့် ၅ သတ်မှတ်သည်။ ရေကူး၊ သေနတ်ပစ်၊ ပြေးခုန်ပစ်၊ ရွက်လှေတို့က အာရှအဆင့် ဖြစ်သည့် အာရှ အားကစားပွဲတွင် ရွှေတံဆိပ်များ ဆွတ်ခူးခဲ့ကြသည်။ ဆိုလိုရင်းမှာ ကမ္ဘာ့အားကစား နည်းများတွင် မြန်မာ အားကစားသမားများ အောင်မြင်မှု ရရှိခဲ့ဖူးခြင်းကို တင်ပြလိုခြင်း ဖြစ်သည်။

ယခု နေပြည်တော် အရှေ့တောင်အာရှ အားကစားပွဲတွင် အားကစားနည်း ၃၃ မျိုး ထည့်သွင်း ကျင်းပခဲ့သည်။ ယင်း အားကစားနည်း ၃၃ မျိုးတွင် နိုင်ငံတကာနှင့် အိုလံပစ် အားကစားနည်းများမှာ ပြေးခုန်ပစ်၊ ရေကူး၊ ဘောလုံး၊  ဘော်လီဘော၊ ဘက်စကက်ဘော၊ ဟော်ကီ၊ ဂျူဒို၊ တိုက်ကွမ်ဒို၊ ကနူး/ ကယက်၊ အနောက်တိုင်းလှေ၊ မြားပစ်၊ သေနတ်ပစ်၊ မြင်းစီး၊ နပန်း၊ လက်ဝှေ့၊ အလေးမ၊ ဝါတာပိုလို၊ ဒိုက်ဗင်၊ ကြက်တောင်၊ စားပွဲတင် တင်းနစ်တို့ ဖြစ်ကြသည်။ ဒေသဆိုင်ရာ အားကစားနည်း နှင့် ရိုးရာအားကစားနည်းတို့မှာ ဖူဆယ်ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ ဝူရှုး၊ ကရာတေးဒို၊ ပီတန့်၊ စစ်တုရင်၊ ရိုးရာ၊  မွေ့လက်ဝှေ့၊ ဗိုဗီနမ်၊ ပန်ကြပ်ဆီလယ်၊ ကင်ပို၊ ကာယဗလ၊ ဘိလိယက်၊ စနူကာ၊ ရိုးရာလှေနှင့် ဂေါက်သီးရိုက်တို့ ဖြစ်ကြသည်။ စုစုပေါင်း ၃၄ မျိုးဖြစ်သည်။ ဝါတာပိုလိုနှင့် ဒိုက်ဗင် ပြိုင်ပွဲများကို သီးသန့် သတ်မှတ်ခြင်း ဖြစ်ပါသည်။

နေပြည်တော် ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပနိုင်သည့် နိုင်ငံတကာ သို့မဟုတ် အိုလံပစ် အားကစားနည်း ၂၀ တွင် မြန်မာ အားကစား သမားများက ရွှေတံဆိပ် ဆွတ်ခူးရရှိမှုကို လေ့လာကြည့်လျှင် အောက်ပါအတိုင်း တွေ့ကြရမည် ဖြစ်ပါသည်။

ပြေးခုန်ပစ် ၂၊ ကနူး/ ကယက် ၅၊ ဂျူဒို ၄၊ တိုက်ကွမ်ဒို ၄၊ နပန်း ၃၊ လက်ဝှေ့ ၂၊ ရွက်လှေ ၂၊ လှေလှော် ၁၊ အလေးမ ၁၊ သေနတ် ၁၊ မြားပစ် ၁ တို့ ဖြစ်သည်။ နိုင်ငံတကာ အားကစားနည်း (ဝါ) အိုလံပစ် အားကစားနည်းတို့မှ စုစုပေါင်း ရွှေတံဆိပ် ၂၆ ဆုသာ ဆွတ်ခူးနိုင်ခဲ့ကြသည်။

ရွှေတံဆိပ် မဆွတ်ခူး နိုင်သည့် အားကစားနည်းများမှာ ဘောလုံး (ကျား+မ)၊ ဘော်လီဘော (ကျား+မ)၊ ဘက်စကက်ဘော (ကျား+မ)၊ မြင်းစီး (ကျား+မ)၊ စက်ဘီးစီး (ကျား+မ)၊ ကြက်တောင်ရိုက် (ကျား+မ)၊ စားပွဲတင် တင်းနစ် (ကျား+မ)၊ ဟော်ကီ (ကျား+မ)၊ ဒိုက်ဗင် (ကျား+မ)၊ ဝါတာပိုလို၊ ရေကူး (ကျား+မ)၊ ဂေါက်သီးရိုက် စသည့် အားကစားနည်းများ ဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံက ဆွတ်ခူးရရှိခဲ့သည့် ရွှေတံဆိပ် ၈၆ ဆုအနက် နိုင်ငံတကာနှင့် အိုလံပစ် အားကစားနည်းများက ရွှေတံဆိပ် ၂၆ ဆု ဆွတ်ခူးခဲ့ပြီး ဒေသဆိုင်ရာနှင့် ရိုးရာ အားကစားနည်းများက ဆု တံဆပ် ၆၀ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။

တချိန်က မြန်မာ့ အားကစား လောကကို ဦးဆောင်ခဲ့ကြသည့် ပြေးခုန်ပစ်၊ ရေကူး၊ လက်ဝှေ့၊ အလေးမ၊ သေနတ်ပစ်၊ ဘောလုံး၊ ရွက်လှေ စသည့် နိုင်ငံတကာ အားကစားနည်းများတွင် မူလအဆင့် ပြန်ရောက်အောင် ကြိုးစားကြဖို့ လိုနေ သေးသည် ဆိုခြင်းကို ၂၇ ကြိမ်မြောက် နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ရရှိမှုများက ထင်ထင်ရှားရှား ပြသလျက် ရှိနေကြောင်း တွေ့ကြရမည် ဖြစ်သည်။

၂၀၁၄ ခုနှစ်ထဲတွင် အာရှ အားကစား ပြိုင်ပွဲနှင့် ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ၂၈ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲများ ကျင်းပမည် ဖြစ်သည်။

အာရှ အားကစား ပြိုင်ပွဲတွင် အိုလံပစ် အားကစားနည်း များနှင့်အတူ ဒေသဆိုင်ရာ အားကစားနည်း များကိုလည်း ထည့်သွင်း ကျင်းပဖွယ်ရာ ရှိသည်။ ပိုက်ကျော်ခြင်း၊ ဝူရှုး၊ ကရာတေးဒို တို့မှာ အိုလံပစ် အားကစားနည်းများ မဟုတ်သေးသော်လည်း အာရှ အားကစား ပြိုင်ပွဲဝယ် ထည့်သွင်း ကျင်းပဖွယ် ရှိသည်။ သို့ဖြစ်ရာ အာရှ အားကစား ပြိုင်ပွဲတွင် မည်သည့် အားကစား နည်း၌ မြန်မာ အားကစား သမားများ ပါဝင်ယှဉ်ပြိုင် နိုင်ကြမည်ကိုလည်း နေပြည်တော် ဆီးဂိမ်း ရလဒ်များက ပြဆိုခဲ့ပြီး ဖြစ်သည်။

၂၀၁၅ ခုနှစ်ထဲတွင် စင်ကာပူနိုင်ငံ၌ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ကျင်းပမည် ဖြစ်ပြီး အားကစားနည်း ၃၀ ထည့်သွင်း ကျင်းပရန် ယာယီအားဖြင့် သတ်မှတ်ထားသည်။ ယာယီ သတ်မှတ်ထားသည့် အားကစားနည်း ၃၀ ထဲတွင် မြန်မာနိုင်ငံ၌ ဆီးဂိမ်း ၂၀၁၃ ကျင်းပစဉ်က ထည့်သွင်း ကျင်းပခဲ့သည့် အားကစား နည်းများ ဖြစ်ကြသည့် ဗိုဗီနမ်၊ ကင်ပို၊ ခြင်းလုံး၊ မွေ့လက်ဝှေ့၊ ကာရာတေးဒို၊ စစ်တုရင်၊ အလေးမ၊ လက်ဝှေ့၊ ကာယဗလ၊ ပီတန့်၊ ဖူဆယ် စသည့် အာကစားနည်းများ ထည့်သွင်း ကျင်းပခြင်း မပြုဟု ယာယီ သတ်မှတ်ထားသည်။

စင်ကာပူ ဆီးဂိမ်းတွင် မြန်မာနိုင်ငံ၌ ကျင်းပသည့် ၂၀၁၃ ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပခြင်း မရှိသည့် အားကစား နည်းများ ဖြစ်ကြသည့် ဘိုလင်း၊ အနောက်တိုင်း ဝါးသိုင်း၊ NET BALL ရပ်ဘီ၊ ဆော့ (ဖ်) ဘော၊ စကွပ်ရှ်၊ Water Ski၊ တင်းနစ်နှင့် ကျွမ်းဘား အားကစားနည်းများ ထည့်သွင်း ကျင်းပရန် ယာယီ သတ်မှတ်ထားသည်။ တင်းနစ်နှင့် ကျွမ်းဘားမှ လွဲ၍ တခြားသော အားကစား နည်းများမှာ မြန်မာနှင့် အတန်ငယ် စိမ်းသော အားကစားနည်းများ ဖြစ်ကြသည်။

နိုင်ငံတကာ အားကစားပွဲကြီး များတွင် ရေကူးနှင့် ပြေးခုန်ပစ်မှ အပ ကျန် အားကစားနည်းများကို အားကစားပွဲ လက်ခံ ကျင်းပသည့် အိမ်ရှင်နိုင်ငံ များက စိတ်ကြိုက် ထည့်သွင်း ကျင်းပလေ့ ရှိကြသည်။ အာရှအားကစား အဆင့်၊ နိုင်ငံတကာ အာကစား အဆင့်၊ ကမ္ဘာ့အိုလံပစ် အဆင့်သို့ ရောက်ရှိရေး ဆိုလျင် အာရှ၊ နိုင်ငံတကာနှင့် အိုလံပစ် အားကစား နည်းများ ကိုသာ အရှေ့တောင်အာရှ နိုင်ငံတိုင်းက ကျင်းပသည့် ဆီးဂိမ်းများတွင် ထည့်သွင်းကျင်းပ သင့်ကြသည်။ ရွှေတံဆိပ် များများ ရခြင်းနှင့် အားကစား အဆင့်အတန်း မြင့်မားမှု မတူညီကြောင်းကိုလည်း အရှေ့တောင် အာရှ အားကစားပွဲ လက်ခံကျင်းပသည့် နိုင်ငံများက သိရှိနားလည် သဘောပေါက်ကြဖို့ လိုသည်။

ကမ္ဘာ့အဆင့် တက်လှမ်းရေးမှာ ကမ္ဘာ့အားကစား နည်းများမှ လွဲ၍ တခြားသော ဒေသဆိုင်ရာ အားကစားနည်းများ၊ ရိုးရာ အားကစားနည်းများ ဖြင့် မရောက်နိုင်သည်ကိုလည်း အရှေ့တောင်အာရှမှ နိုင်ငံတိုင်း သိကြရန် အချိန်တန်ပါပြီ။

ရွှေတံဆိပ် များများရတိုင်း အားကစား အဆင့်အတန်း တိုးတက်သည် မမည်ပါ။

Loading