၇ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ကျင်းပရာ၌ မြန်မာနိုင်ငံက စုစုပေါင်း ဆု ၉၆ ဆုဖြင့် နိုင်ငံ အလိုက် ပဉ္စမ နေရာတွင် ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
ယင်း ပြိုင်ပွဲ၌ မြန်မာနိုင်ငံက ရွှေ ၃၄ ခု၊ ငွေ ၂၆ ခု၊ ကြေး ၃၆ ခု ရရှိခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဇန်နဝါရီ ၁၄ ရက်မှ ၂၀ ရက်အထိ ပထမဆုံးအကြိမ် လက်ခံကျင်းပသည့် မသန်စွမ်း အားကစားပြိုင်ပွဲတွင် စစ်မှုထမ်းဟောင်းများ အပါအဝင် မြန်မာအားကစားသမား စုစုပေါင်း၂၀၀ ကျော်ပါဝင်သည်။
ပြိုင်ပွဲမတိုင်ခင် ၂ နှစ်ခန့်အလိုမှသာ မြန်မာနိုင်ငံ မသန်စွမ်း အားကစား အဖွဲ့ချုပ်က အနယ်နယ်အရပ်ရပ်မှ မသန်စွမ်းသူ အား ကစား သမားများ၊ ယှဉ်ပြိုင်လိုသူ မသန်စွမ်းသမားများကို စုစည်းလေ့ကျင့်ပေးနိုင်ရန် မသန်စွမ်းသူများအရေး လှုပ်ရှား ဆောင်ရွက် နေသည့် အဖွဲ့အစည်းများသို့ အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။
တချို့ဆိုလျှင် ပြိုင်ပွဲကျင်းပရန် လပိုင်းအလိုမှသာ ပြင်ဆင် လေ့ကျင့်ခဲ့ရသူများ ရှိသည်ဟုလည်း သိရသည်။
“အိမ်ရှင်နိုင်ငံဆိုတဲ့ အားသာချက်ကလွဲလို့ ဘာမှမရှိဘူး၊ တကယ်ဆို အားကစားသမားတွေကို အစိုးရက မက်လုံးပေးပြီး ယှဉ်ပြိုင် ခိုင်းခဲ့သင့်တာပေါ့၊ အစိုးရက မသန်စွမ်း အားကစားသမားတွေကို ပံ့ပိုးနေတယ်ဆိုတာ သတင်းစာတွေပေါ်မှာပဲ ရှိတာ”ဟု ရွှေမင်း သား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက ပြောသည်။
ရွှေမင်းသား ဖောင်ဒေးရှင်းသည် မသန်စွမ်းသူများ က ဦးဆောင် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတခုဖြစ်ပြီး မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နှင့် အလုပ်အကိုင် စသည့် အခွင့်အလမ်းများကို ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း တခုဖြစ် သည်။
မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပခဲ့သည့် အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားများ၏ လေ့ကျင့် မှု၊ ကြံ့ခိုင်မှုများမှာ အခြားနိုင်ငံများထက် အားနည်းသကဲ့သို့ အစိုးရဘက်က ပံ့ပိုးမှုလိုအပ်ချက်များစွာ ရှိခဲ့ကြောင်း၊ အစိုးက မသန်စွမ်း သူများအပေါ် ခွဲခြားဆက်ဆံခြင်း၊ လျစ်လျူရှုခြင်း ခံနေကြရဆဲဖြစ်သည်ဟု မသန်စွမ်းအဖွဲ့အစည်းများက ပြောသည်။
ထို့ပြင် အထောက်အကူပြု ပစ္စည်းနှင့် နည်းပညာပိုင်းတွင်လည်း ထောက်ပံ့မှု အားနည်းကြောင်း သိရသည်။
“အစပိုင်းကတည်းက အစိုးရက မသန်စွမ်းပြိုင်ပွဲကို အလေးမထားခဲ့တော့ စီးပွားရေးသမားတွေနဲ့ လူထုက ပြိုင်ပွဲတွေအပေါ် ဘယ် စိတ်ဝင်စားတော့မလဲ”ဟု မသန်စွမ်း ရှေ့ဆောင်အဖွဲ့ချုပ် အစီအစဉ် ဒါရိုက်တာ ကိုနေလင်းစိုး က ပြောသည်။
မသန်စွမ်း အားကစားပြိုင်ပွဲ ရွှေဆုရသူများကိုမူ ငွေကျပ် ၁ သိန်း၊ ၂သိန်း ဟူ၍ အများဆုံးချီးမြှင့်ထားပြီး ထိုက်ထိုက်တန်တန် ချီးမြှင့် မည်ဟု တာဝန်ရှိသူများက ပြောဆိုထားကြသော်လည်း မည်သည့်အကြောင်းပြန်ခြင်းမှ မရှိသေးကြောင်း ပါဝင်ယှဉ်ပြိုင်နေကြ သည့် အားကစားသမားများက ပြောဆိုသည်။
လိပ်ပြာပုံစံ ရေကူး အားကစားနည်းတွင် ရွှေတံဆိပ်ဆုရရှိခဲ့သူ ၁၆ နှစ်အရွယ် မသန်စွမ်းကစားသမား မေထူးမွန်က“အရင်တုန်း ကတော့ ရေကူး အားကစားလည်း မလုပ်ခဲ့ဖူးဘူး၊ ဒါပေမယ့် ပထမဆုံးပြိုင်ပွဲမှာ ရွှေတံဆိပ် ဆုလည်း ရခဲ့တော့ ပျော်တယ်၊ ထိုက် ထိုက်တန်တန် ဆုချမယ်တော့ ပြောတာပဲ၊ ဘာမှမကြားသေးဘူး”ဟု ဧရာဝတီသို့ ပြောသည်။
မွေးရာပါ အခြေအနေအဖြစ် လက် ၂ ဘက်၊ ခြေ ၂ ဘက်စလုံး မသန်စွမ်းသော်လည်း ရွှေတံဆိပ်ဆု ရခဲ့သကဲ့သို့ အာရှစံချိန်သစ်ကို ချိုးနိုင်ခဲ့သူ ဖြစ်သည်။
လက်ရှိတွင် ရေကူး အားကစားသမား မေထူးမွန်ကို နိုင်ငံတော်က ရွှေဆုရ အားကစားသမားတဦးအဖြစ် ငွေ ကျပ် ၁ သိန်း ဆုချီးမြှင့် ထားသည်။
အရှေ့တောင်အာရှ မသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာ စီးပွားရေး လုပ်ငန်း ကုမ္ပဏီများ၏ အထောက်အပံ့ပေးမှုလည်း နည်းပါးသည်ဟု သိရသည်။
“အစိုးရ ပေးခိုင်းရင် သူတို့ အကျိုးအမြတ်မရှိရင်တောင် ကြောက်လန့်ပြီး ပေးကြမှာပဲ၊ အခုတော့ အစိုးရကလည်း ဘာမှမပြော ကုမ္ပဏီတွေကလည်း သူတို့အကျိုးမရှိတော့ ဘာစပွန်ဆာမှ မပေးဘူး”ဟု ဦးမြတ်သူဝင်းက ပြောသည်။
ပြိုင်ပွဲတွင် မျက်မမြင် လျှောက်လမ်း၊ ဝှီးချဲ သွားလမ်းများ၊ အိမ်သာများ၊ သင်္ကေတများ အပါအဝင် နေ့စားစရိတ် စီစဉ်ပေးမှုက အစ အားကစား သမားတွေအတွက် အဆင်မပြေကြောင်း သိရသည်။
“မသန်စွမ်းသူတွေကို ဆုတံဆိပ်တွေထက် သူတို့ရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးချင်လို့ လုပ်တဲ့သဘောဖြစ်နိုင်တယ်၊ လူကောင်း တွေ အတွက် လုပ်ခဲ့တဲ့ပြိုင်ပွဲတွေမှာတောင် ဘတ်ဂျက် သုံးစွဲမှုက နည်းခဲ့တာပဲ၊ မသန်စွမ်းသူတွေ အတွက် ဆိုတော့ ပိုဆိုးသွားတာပေါ့” ဟု ဝါရင့် အားကစား ကလောင်ရှင် ဦးခင်မောင်ထွေးက ပြောဆိုသည်။
မြန်မာ အားကစားသမားများအနေဖြင့် နည်းစနစ်၊ ကြံ့ခိုင်မှု တို့တွင် အခြားနိုင်ငံများထက် များစွာနောက်ကျနေသည့် အနေအထား ကိုလည်း တွေ့နေရသည်ဟု သူက ဆိုသည်။
“အစိုးရဘက်က မသန်စွမ်းဘူးဆိုတဲ့ အားနည်းချက်ကိုပဲကြည့်ကြတယ်၊ မသန်စွမ်းတွေလည်း အများနည်းတူ စွမ်းဆောင်နိုင်ပါလား ဆိုတာကို မကြည့်ကြဘူး၊ ကျနော်တို့တွေအတွက် လှုံ့ဆော်ပေးမှုအားနည်းတယ်၊ ပြင်ဆင်ချိန်တွေ အားနည်းခဲ့တယ်”ဟု ကိုနေလင်းစိုးက ပြောသည်။
ရေကူးအားကစားနည်း ရွှေ ၂ ဆုရခဲ့သူ အောင်ငြိမ်းဦးက“မင်းနိုင်ငံခြားခရီးတွေလည်းထွက်ရမယ်လို့ ဆရာတွေကပြောပြခဲ့တော့ သွားချင်လို့ အစွမ်းကုန်ကြိုးစားခဲ့တယ်၊ ရေကူး အားကစားနည်းကို ငယ်ငယ်ကတည်းက ဝါသနာလည်းပါခဲ့တယ်”ဟု ပြောပြသည်။
အောင်ငြိမ်းဦးသည် မန္တလေးဇာတိဖြစ်ပြီး ငယ်စဉ်ကတည်းက လက်နှစ်ဘက်လုံးမရှိသည့် မသန်စွမ်းသူ တဦးဖြစ်သော်လည်း ရေကူး အားကစားနည်းက သူ၏ ငယ်ဘဝရည်မှန်းချက်ဖြစ်သည်ဟု သိရသည်။
၂၀၀၇ ခုနှစ်ကစတင်ကာ ပြိုင်ပွဲဝင်ရန် ကြိုးပမ်းခဲ့ပြီး ၂၀၁၀ ၌ အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သည့် ၆ ကြိမ်မြောက်အာဆီယံ ၁၀ နိုင်ငံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေ ၂ ဆု ရခဲ့သူဖြစ်သည်။
၇ ကြိမ်မြောက်အရှေ့တောင်အာရှ မသန်စွမ်းအားကစားပြိုင်ပွဲတွင် အင်ဒိုနီးရှားက ရွှေ ၉၉ ခု ဆုတံဆိပ်ပေါင်း ၂၁၇ ခုဖြင့် ပထမ နေ ရာတွင်လည်းကောင်း၊ ထိုင်းနိုင်ငံက ရွှေတံဆိပ် ၉၆ ခု ဆုတံဆိပ်ပေါင်း ၂၄၈ ခုဖြင့် ဒုတိယ နေရာနှင့် မလေးရှားနိုင်ငံက ရွှေတံဆိပ် ၅၀ ၊ ဆုတံဆိပ်ပေါင်း ၁၄၀ ဖြင့် တတိယနေရာတွင် ရရှိခဲ့သည်။