ဒုတိယအကြိမ် တက္ကသိုလ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲဝင် အသင်းများ အခက်အခဲရှိနေ
This article has been converted from Zawgyi One to Unicode
ဒုတိယအကြိမ် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ Universities Champions League ကို လာမည့် မေလတွင် ကျင်းပမည်ဟု ဆို သော်လည်း ပြိုင်ပွဲဝင်ရန် အတွက် ကုန်ကျစရိတ် ငွေကြေး အပါအဝင် တက္ကသိုလ်များသို့ မည်သည့် ညွှန်ကြားချက်မှ ရောက်မလာ သေး၍ အခက်အခဲရှိနေကြောင်း သိရသည်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ၏ ခြေစစ်ပွဲများကို လာမည့် ဖေဖော်ဝါရီလတွင် ကျင်းပမည်ဟု သိထားရသော်လည်း တက္ကသိုလ် များတွင် လေ့ကျင့်ရေးကွင်း၊ အထောက်အကူ ပစ္စည်းများနှင့် ပက်သက်ပြီး ငွေကြေး ကုန်ကျမှုများ အပေါ် မည်သို့သုံးစွဲရမည်ကို တိတိကျကျ မသိရသေးကြောင်း သိရသည်။
ကျောင်းသားများ အနေဖြင့် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ချင်သည့် ဆန္ဒများ ရှိကြသော်လည်း တက္ကသိုလ်များမှ ကုန်ကျမည့် စရိတ်ကို စိုက်ထုတ်ရန် ငွေကြေးမရှိ ကြကြောင်း ရန်ကုန် အနောက်ပိုင်း နည်းပညာ တက္ကသိုလ်မှ ကထိက တဦးက ဆိုသည်။
“ကျောင်းတွေရဲ့ အားကစားမှူးတွေ၊ ကျောင်းကောင်စီတွေ မရှိခဲ့တာကြောင့် အခုလို နိုင်ငံတော် အဆင့် တက္ကသိုလ် ပေါင်းစုံပွဲတွေ လုပ်မယ်ဆိုတော့ အခက်တွေ့နေကြရတာ။ အခုအချိန်အထိလည်း ဒီပွဲနဲ့ ပတ်သက်ပြီး ဘယ်သူတွေနဲ့ ဘယ်လိုကော်မတီ ဖွဲ့တယ် ဆိုတာ မသိရသေးဘူး။ ပါမောက္ခချုပ်ကတော့ ဒီအတွက် ကုန်ကျမယ့် ဘဏ္ဍာငွေတွေကို ကျောင်းနဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာနကို တင်ပြထားတယ်လို့တော့ ကြားတယ်။ ဒီနှစ် ဘတ်ဂျက်ကလည်း လွှတ်တော်အထိ တင်နေပြီဆိုတော့ ဒီနှစ်ပွဲမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ရတော့မယ် ထင်တယ်”ဟု ၎င်းက ပြောဆိုသည်။
ယင်းအပြင် ခြေစစ်ပွဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့နှင့် ညှိနှိုင်းကာ သင့်လျော်သည့် ဘောလုံးကွင်းများ တွင်သာ ပြိုင်ပွဲဝင်ရနိုင်ပြီး တက္ကသိုလ် အသင်းများ အတွက် နီးစပ်ရာ စီးပွားရေး လုပ်ငန်းရှင်များမှ ကမကထ ပြုလုပ်နိုင်မည့်သူကို ရှာဖွေရမည်ဟု အထက်ပါ ကထိက က ဆက်ပြောသည်။
တက္ကသိုလ် ဘောလုံးအသင်းများ အတွက် လူရွေးပွဲများကို သင့်လျော်သော နေရာများတွင် လေ့ကျင့် ရွေးချယ်ရမည် ဖြစ်ပြီး ပြိုင်ပွဲနှင့် ပတ်သက်၍ မည်သည့် အကြောင်းအရာမျှ သိထားခြင်း မရှိသေးကြောင်း၊ မိမိတို့ အနေဖြင့် ကိုယ့်တက္ကသိုလ် ဘောလုံး အသင်း အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း အနောက်ပိုင်း နည်းပညာ တက္ကသိုလ် ကျောင်းသား ကိုတင်မောင်ဝင်း က ပြောသည်။
ကိုတင်မောင်ဝင်းသည် ပထမအကြိမ် တက္ကသိုလ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကော်မတီဝင် တဦးလည်း ဖြစ်သည်။
“တက္ကသိုလ်တွေမှာက လေ့ကျင့်ရေးကွင်းတွေအတွက် မြေနေရာရှိပေမယ့် လေ့ကျင့်ရေး အထောက်အကူပြု ပစ္စည်းတွေအတွက်ကြ တော့ ဘာအထောက်အပံ့မှ မရသေးဘူး။ လူရွေးပွဲကိုတော့ အဆင်ပြေမယ့် ကွင်းတွေမှာပဲ လုပ်ရမယ် ထင်တယ်။ ခြေစစ်ပွဲတွေကို ဘယ်လို အစီအစဉ်တွေနဲ့ ဘယ်လို ပြိုင်ပွဲဝင်ရမယ်ဆိုတာ တိတိကျကျ ဘာမှမသိသေးပေမယ့် ကျနော်တို့ကတော့ ကြိုတင်ပြင် ဆင်နေတယ်”ဟု ၎င်းက ဆိုသည်။
တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့်ပတ်သက်၍ မည်သည့်နေရာများတွင် စာရင်းပေးသွင်းရမည်၊ မည်သည့်ပုံစံဖြင့် စီမံဆောင်ရွက် ရမည်ကို တိတိကျကျ မသိရသေးသည့်အတွက် ကြိုတင်ပြင်ဆင်ရေးတွင် အခက်တွေ့ရကြောင်း ရန်ကုန် သူနာပြု တက္ကသိုလ် အားကစားကော်မတီ အဖွဲ့ဝင် ဆေးဝါးဗေဒ ဌာန လက်ထောက် ကထိက ဒေါက်တာ နန္ဒထွန်းကလည်း ပြောသည်။
ကုန်ကျမည့် ဘဏ္ဍာငွေနှင့် ပတ်သက်ပြီး နိုင်ငံတော်မှ ကူညီပံ့ပိုးပေးမည်လား၊ ပြင်ပမှ အကူအညီများ ရှာဖွေရမည်လားကို ရှင်းရှင်း လင်းလင်း သိလိုကြောင်း၊ ယခုနှစ်တွင် ကျင်းပမည့် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲသည် နိုင်ငံတော်အဆင့် ပွဲပုံစံမျိုးဖြစ်လာ သည့် အတွက် တက္ကသိုလ်များ အနေဖြင့်လည်း လေ့ကျင့်ရေးကအစ အဆင့်မီ ပြုလုပ်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“ရန်ကုန်မှာ လေ့ကျင့်ဖို့က ရန်ကုန်တက္ကသိုလ် ဘောလုံးကွင်းမှာ ဆိုရင်လည်း တလလောက် အထိ ကြိုတင် စာရင်းပေးမှ ရတာ။ ကိုယ့်ကျောင်းတွင်းက မြေနေရာ အလွတ်တွေကို ဘောလုံးကွင်း လုပ်ဖို့ဆိုတာလည်း ကုန်ကျစရိတ်က ရှိပြန်တယ်။ ကိုယ့်ဘာသာ ကမကထပြုမယ့်သူကို ရှာဆိုလည်း ရှာလို့ရတယ်။ အထူးသဖြင့် ဖေဖော်ဝါရီလမှာ ခြေစစ်ပွဲ စကန်ရမယ် ဆိုတာတောင် ကျနော်တို့ဆီ ဘာမှအကြောင်း မကြားသေးဘူး။ ဘယ်နေရာမှာ စာရင်းပေးရမယ်၊ ဘယ်လို စည်းကမ်းတွေနဲ့ ဘယ်လို ပြိုင်ပွဲဝင်ရမယ်ဆိုတာ အခုထိ မသိရသေးဘူး”ဟု ဒေါက်တာ နန္ဒထွန်းက ပြောဆိုသည်။
ဒုတိယအကြိမ် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ကျင်းပမည့် အစီအစဉ်နှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၄ ရက်က ကျင်းပသည့် ပညာရေး ဝန်ကြီးဌာန အစည်းအဝေးတွင် နိုင်ငံ တဝန်းရှိ တက္ကသိုလ်များမှ ရွက်ပုန်းသီး ထူးချွန်သည့် ဘောလုံးသမားများ မွေးထုတ်နိုင်ရန် အတွက် ယခုနှစ်မှစတင်ပြီး နိုင်ငံတော် အဆင့် ဘောလုံးပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း က ပြောဆိုထားသည်။
ပထမအကြိမ် တက္ကသိုလ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ မြေး ဖြစ်သူ ကိုနေရွှေသွေးအောင် ခေါ် ဖိုးလပြည့်က ဥက္ကဌ အဖြစ် စီစဉ်ကျင်းပခြင်းဖြစ်သည်။
ကုန်ကျစရိတ် အနေဖြင့် ငွေ ကျပ် သိန်း ၉၀၀ ခန့် အကုန်အကျခံပြီး ပထမဆု အတွက် ကျပ် သိန်း ၅၀၊ ဒုတိယဆု အတွက် ကျပ် သိန်း ၂၀၊ တတိယဆု အတွက် ကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ် ပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ၌ ဖိုးလပြည့်က Miss Universe Myanmar ဆုရှင် မိုးစက်ဝိုင်နှင့် အတူ တက်ရောက်ခဲ့ရာ ဝေဖန်မှုများစွာလည်း ထွက်ပေါ်ခဲ့သည်။
ယင်းဖြစ်ရပ်ကြောင့် မိုးစက်ဝိုင်က ဖိုးလပြည့်နှင့် လုံး၀ ပတ်သက်မှုမရှိကြောင်း သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး မီဒီယာများသို့ ပြန် လည် ရှင်းလင်းခဲ့ရသည်။