အားကစား

မြန်မာ့ “ပရို” ဘောလုံး လောကကို လေ့လာခြင်း

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် ကြေးစားစနစ်ဖြင့် အမျိုးသားလိဂ် “MNL” ဘောလုံးပြိုင်ပွဲ စတင်ခဲ့သည်မှာ ၅  နှစ် အတွင်းဝင် ခဲ့ပြီ ဖြစ်သည်။ အကြိမ် အရေအတွက် အားဖြင့် ၅ ကြိမ်ရှိခဲ့ပြီ ဖြစ်၏။

မြန်မာ အမျိုးသားလိဂ် ကြေးစားတန်း ဘောလုံးပြိုင်ပွဲကို ၂၀၀၉ ခုနှစ် မေလ ၁၆ ရက်နေ့တွင် စတင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမ ဆုံးသော Pro ဘောလုံးပွဲကို ၂၀၀၉ ခုနှစ် မေလ ၁၆ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏ အားကစား ပြိုင်ဝင်း၌ ဇေယျာရွှေမြေ အသင်းနှင့် ရန်ကုန် ယူနိုက်တက် ကလပ်တို့ စတင်ကစားခဲ့ကြသည်။

၂၀၁၄ ခုနှစ် MNL ပွဲများကို ဖေဖော်ဝါရီလ ၁ ရက် စနေနေ့တွင် စတင်တော့မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကြေးစားတန်း ဘောလုံးပြိုင်ပွဲကို ၂၀၀၉ ခုနှစ်တွင် စတင်နိုင်ရေးအတွက် ၂၀၀၈ ခုနှစ် ကတည်းက စတင် ကြိုးပမ်း ခဲ့ရသည်။

မြန်မာ့ အားကစားလောကတွင် မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲမှ အပ ကျန် အားကစားနည်းများမှာ အပျော်တမ်းအဆင့်သာ ရှိခဲ့သည်။ အပျော်တမ်း အဆင့်ဖြင့် နှစ်ပေါင်း ၁၀၀ ကျော်မျှ ကျင်းပခဲ့သော ဘောလုံး အားကစားနည်းကို ကြေးတန်းစား စံနစ်သို့ ပြောင်းလဲ ရေး မှာ လွယ်ကူသော အလုပ်တခု မဟုတ်ပါချေ။ ပထမဦးဆုံး လိုအပ်ချက်မှာ တသက်လုံး ဆိုသလို အပျော်တမ်း စနစ်နှင့် ထိတွေ့ နေကြရသည့် နိုင်ငံတော် အာဏာပိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နားလည် သဘောက်ပေါက်ရေးပင် ဖြစ်သည်။

သို့မို့ကြောင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က ထိုစဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်အား တွေ့ဆုံပြီး မြန်မာ ဘောလုံးလောကကို အပျော်တမ်းပုံစံမှ ကြေးစားတန်း ပုံစံစနစ်သို့ ပြောင်းလဲပြီး အကောင် အထည် ဖော်ဆောင်နိုင်ရန် အတွက် တင်ပြအစီရင်ခံခဲ့သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်တွင်ထပ်မံ၍ ထိုစဉ်က ဝန်ကြီးချုပ်ကိုတွေ့ဆုံပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် က Myanmar National League (MNL)ဟု အမည်ပေးထားသော မြန်မာ ကြေးစားတန်း ဘောလုံးပြိုင်ပွဲအတွက် ရေးဆွဲထား သော စည်းမျဉ်းစည်းကမ်း၊ မူကြမ်းများ အသေးစိတ် ရှင်းလင်းတင်ပြ အစီရင်ခံခဲ့သည်။

တပြိုင်တည်းပင် “MNL” အတွက် ရှေ့အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ရှင်းလင်းတင်ပြ အစီ ရင် ခံခဲ့သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ဝန်ကြီးချုပ်၏ သြဝါဒခံယူပွဲသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အတူ၊ မြန်မာအမျိုးသားလိဂ်တွင် ပါဝင် ယှဉ်ပြိုင်ကြရန် ဖွဲ့စည်းမည့် ကလပ်အသင်းများကို တာဝန်ယူ ဖွဲ့စည်းပေးကြမည့် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

ထိုစဉ်က ဝန်ကြီးချုပ်က မြန်မာအမျိုးသားလိဂ်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ကြရန် အတွက် အကြံပေး လမ်းညွှန်ခဲ့သည်။

လိုအပ်လျှင် အစိုးရပိုင်းမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည် ဆိုသည်ကိုလည်း ရှင်းလင်း လမ်းညွှန် မိန့်ကြားခဲ့သည်။

ထိုသို့ ဝန်ကြီးချုပ် ထံမှ သဘောတူညီချက် ရရှိခဲ့ပြီးနောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် အပျော်တမ်း စနစ်မှ ကြေးစားတန်း ဘောလုံးအသွင်ပြောင်းရေး လုပ်ငန်းများကို စတင်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည်။

မြန်မာ အားကစားလောကသည် ကြေးစားတန်း စနစ် “Pofessional System” နှင့် အလှမ်းဝေးသည့် အနေစိမ်းခဲ့သည့် အထဲတွင် ဘောလုံး ကစားနည်း သည်လည်း တခုအပါအဝင် ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံအဖွဲ့ချုပ်သည် မြန်မာဘောလုံးလောက “ပရိုစနစ်”သို့ ပြောင်းလဲရေး အတွက် Pro စနစ်နှင့် ရင်းနှီး ကျွမ်းဝင်ပြီးသော အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်၊ “FIFA” အာရှ ဘောလုံးအဖွဲ့ချုပ် “AFC”၊ အာဆီယံ ဘောလုံး အဖွဲ့ချုပ် “AFF” တို့အပါအဝင် ကြေးစားတန်း ဘောလုံးစနစ် အောင်မြင်ဖြစ်ထွန်းနေပြီ ဖြစ်သော ဂျပန်၊ တောင်ကိုရီးယား စသည့် နိုင်ငံများမှ ဘောလုံး အဖွဲ့ချုပ် ခေါင်းဆောင်များ တာဝန်ရှိသူများ၊ ကြေးစားတန်း ဆိုင်ရာလုပ်ငန်းများတွင် ကျွမ်းကျင်သူများ ထံမှ Pro ဆိုင်ရာ အကြံ ဉာဏ် များ ရယူခဲ့သည်။

ပြည်ပသို့ ထွက်၍လည်းကောင်း၊ ပြည်တွင်းသို့ ဖိတ်၍လည်းကောင်း ကြေးစားတန်း ဆိုင်ရာ အကြံဉာဏ်များကို ရယူခဲ့သည်။

ယင်းကဲ့သို့ နိုင်ငံအသီးသီး၊ အဖွဲ့ အသီးသီး၊ လူပုဂ္ဂိုလ် စုံစုံညီညီထံမှ “Professional System”  နှင့်ပတ်သက်သည့် အကြံဉာဏ်များကို ရယူခဲ့ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မြန်မာ အမျိုးသားလိဂ် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ (Myanmar National League Rule and Regulation) မူကြမ်းကို ရေးဆွဲခဲ့ကြသည်။

ယင်းမူကြမ်းအား ထိုစဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ထံ တင်ပြကာ လမ်းညွှန်ခွင့်ပြုချက် ရယူခဲ့သည်။

ဝန်ကြီးချုပ်ထံမှ ခွင့်ပြုလမ်းညွှန်ချက် ရယူပြီးနောက် ယင်းမူကြမ်းအား ၂၀၀၉ ခုနှစ် မတ်လ ၄ ရက်နေ့တွင် မြန်မာ့ ဘောလုံးရေးရာ ကျွမ်းကျင်သူများ၊ မြန်မာ့ ဘောလုံးလောကမှ ရှေ့မီနောက်မီ ပုဂ္ဂိုလ်ကြီးများ၊ မြန်မာဘောလုံးနှင့် ပတ်သက်သည့် သုံးသပ်ချက် သတင်း ဆောင်းပါးများကို နှစ်ပေါင်းများစွာ ရေးသားခဲ့ကြသည့် ဝါရင့် အားကစား ကလောင်ရှင်ကြီးများ၊ နာမည်ကြီး အားကစား မီဒီယာများပါဝင်သော Think-Tank အဖွဲ့ဝင်များနှင့် ဆီဒိုးနား ဟိုတယ်၌ တွေ့ဆုံပြီး လိုအပ်သည့် အကြံဉာဏ်များ ရယူခဲ့သည်။

မြန်မာ့ ဘောလုံးရေးရာ ကျွမ်းကျင်သူများ၊ မြန်မာ့ ဘောလုံးနှင့် ပတ်သက်သည့် သုံးသပ်ချက်၊ ဝေဖန်ချက်၊ အကြံပြုချက်များ နှစ်ပေါင်း များစွာ ရေးသားခဲ့ကြသည့် ဝါရင့်အားကစား ကလောင်ရှင်ကြီးများ ယခုခေတ် နာမည်ကြီးနေသည့် အားကစား မီဒီယာသမားများ ကို မူကြမ်းများ ဝေငှပေးသည်။

အချိန်ယူဖတ်ရှု၍ လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်ပြီး မတ်လ ၁၁ ရက်တွင် ထပ်မံတွေ့ဆုံ ဆွေးနွေးညှိနှိုင်းကြသည်။ မီဒီယာ သမားများ အပါအဝင် ရေးဆွဲခဲ့ကြသည့် MNL စည်းမျဉ်း စည်းကမ်း ဥပဒေများအတိုင်း လက်ရှိတွင် ကျင့်သုံးနေခြင်း ဖြစ်သည်။

သို့ဖြစ်၍ MNL နှင့်ပတ်သက်သမျှ ကောင်းကျိုးဆိုးကျိုး အားလုံးတွင် မီဒီယာသမားများ၊ အားကစား ကလောင်ရှင်များလည်း မျှဝေ ခံစားကြရမည်ဟု စာရေးသူ မကြာခဏ ရေးနေခြင်း ဖြစ်ပါသည်။

မတ်လ ၄ ရက်နေ့မှာပင် မြန်မာအမျိုးသားလိဂ်နှင့် ပတ်သက်သည့် ပထမဦးဆုံး သတင်းစာ ရှင်းလင်းပွဲကို ဆီဒိုးနားဟိုတယ်မှာပင် ကျင်းပခဲ့ပါသည်။ ယင်း သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ကျင်းပတော့မည့် ကြေးတမ်းစားဘောလုံးပြိုင်ပွဲနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူး ကျင်းပသည့် မြန်မာ အမျိုးသား လိဂ် ကြေးစားတန်း ဘောလုံးပြိုင်ပွဲတွင် တိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖွဲ့စည်းတည်ထောင်ထားသည့် ကြေးစားတန်း ဘောလုံးအသင်း ၈ သင်း ပထမဆုံးသော နှစ် (၂၀၀၉) တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ ကြသည်။

ယင်းအသင်း ၈ သင်းမှာမှ ဧရာဝတီတိုင်း ကိုယ်စားပြု DELTA  အသင်းကို ဧရာဝတီတိုင်းမှ စီးပွားရေး လုပ်ငန်းရှင်များက လည်း ကောင်း၊ ကမ္ဘောဇ “KBZ” အသင်းကို ရှမ်းပြည်နယ် ကိုယ်စားပြုအသင်း အဖြစ် ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း က လည်းကောင်း ဖွဲ့စည်းတည်ထောင် ပိုင်ဆိုင်သည်။

မကွေးတိုင်း အသင်းကိုယ်စားပြု မကွေး FC ကို Asia World ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးထွန်းမြင့်နိုင် က တည်ထောင် ပိုင်ဆိုင်သည်။ Southern Myanmar အသင်းမှာ စတင်ဖွဲ့စည်းစဉ်က ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ကို ကိုယ်စားပြု၍ စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးဌေးမြင့်က ဖွဲ့စည်းခြင်း ဖြစ်သည်။ ယခုအခါ ကရင်ပြည်နယ် ကိုယ်စားပြုအသင်း အဖြစ် ဦးလှဌေးက ဇွဲကပင် FC ကို ထူထောင်ထားသည်။

ပဲခူးတိုင်း ကိုယ်စားပြု အသင်းအဖြစ် IBTC ကုမ္ပဏီ၊ မန်နေဂျင်း ဒါရိုက်တာ ဦးအောင်မိုးကျော်က ဥဿာယူနိုက်တက် အမည်ဖြင့် စတင်ဖွဲ့စည်းသည်။ နောက်ပိုင်းတွင် ဥဿာယူနိုက်တက် အမည်ကို ဟံသာဝတီ အမည် သို့ပြောင်းသည်။

Htoo Group of Companies ဥက္ကဋ္ဌ ဦးတေဇက ရန်ကုန်ယူနိုက်တက် FC ကို ပိုင်ဆိုင်သည်။ Alpine သောက်ရေသန့် ပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက မန္တလေးတိုင်း ကိုယ်စားပြု အသင်းအဖြစ် ရတနာပုံဘောလုံးအသင်းကို စတင်ထူထောင်သည်။ ရတနာပုံ အသင်းသည် Pro အသင်းတသင်းတွင် ရှိသင့်ရှိထိုက်သည့် အင်္ဂါရပ်များဖြစ်သည့် ဘောလုံးအသင်းနှင့် သက်ဆိုင်သည့် စာစောင် ထုတ်ဝေခြင်း အသင်းပိုင်ဆိုင်မှု အစုရှယ်ယာများ စုဆောင်းမှုများ ပြုလုပ်ခဲ့သေးသည်။ အောင်မြင်မှု ရှိဟန် မတူပါ။

စစ်ကိုင်းတိုင်း ကိုယ်စားပြု ဇေယျာရွှေ မြေအသင်းမှာ စစ်ကိုင်းတိုင်း ကိုယ်စားပြု Pro အသင်းဖြစ်သည်။ ပိုင်ရှင်မှာ စတင် ထူထောင်စဉ်က ရွှေနဂါးမင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဝင်းမြင့်ပိုင်သည့် အသင်းဖြစ်သည်။ ဦးဝင်းမြင့် ပြည်ထောင်စု ဝန်ကြီး ဖြစ်သွားသော အခါ သားဖြစ်သူက ဥက္ကဋ္ဌ တာဝန် ဆက်လက်ထမ်းဆောင်သည်။

ယင်းအသင်း ၈ သင်းဖြင့် Professional System ဘောလုံးလောကကို မြန်မာနိုင်ငံတွင် စတင်ခဲ့သည်။ ယင်း Pro အသင်းများတွင် ပါဝင်လာကြသည့် ဘောလုံးသမား အားလုံးမှာ အောင်ဆန်း ပရီးမီးယားလိဂ်တွင် ပါဝင်ကစားနေကြသည့် ဌာနဆိုင်ရာနှင့် ပုဂ္ဂလိက အသင်းတချို့မှ ဘောလုံးသမားများ ချည်းသာဖြစ်သည်။

Pro ဘောလုံးပြိုင်ပွဲ မူလက ၂၀၀၉ ခုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလ လောက်တွင် ကျင်းပရန် လျာထားခဲ့သည်။ သို့ရာတွင် မြန်မာလေကောင်းလေ ဟူသော မှားယွင်းသည့် အယူအဆဖြင့် ၂၀၀၉ ခုနှစ် မေလအလယ်တွင် မြန်မာနိုင်ငံ၌ ကြေးစား တန်း Pro ဘောလုံးစနစ် စတင်ပေါက်ဖွား လာခဲ့တော့သည်။

ပထမဆုံးနှစ် အတွက် ပြိုင်ပွဲအမည်ကို မြန်မာဘောလုံး တိုးတက်ရေး အတွက် အပျော်တမ်းဘဝမှာပင် အထောက်အပံ့ မြောက်များစွာပေးခဲ့ပြီး Pro စံနစ်တွင်လည်း အဓိကပံ့ပိုး ကူညီသည့် IBTC ၏ အဓိကထုတ်ကုန် ဖြစ်သည့် Grand Royal ကို အသုံးပြု၍ MNL Cup Grand Royal 2009 ပြိုင်ပွဲကို ၂၀၀၉ ခုနှစ် မေလ ၁၆ ရက်တွင် စတင်ကျင်းပ ခဲ့သည်။

မြန်မာနိုင်ငံတွင် ဘောလုံး အားကစားနည်းကို Pro အဖြစ်သို့ ပြောင်းခဲ့သော်လည်း Pro အဆင့်သို့ လက်တွေ့တွင် လုံးဝရောက် မလာသေးပါ။

ဌာနဆိုင်ရာမှ ဘောလုံးသမားများအား လစာငွေပေးပြီး ဘောလုံးကစားစေသည်မှ လွဲ၍ ဤလုပ်ထုံးလုပ်နည်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင်မူ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ကြေးစားတန်း စနစ်များနှင့် မတူကွဲပြား ခြားနားလျက် ရှိနေပါသည်။

ပထမဆုံး ကွဲပြားချက်မှာ ကြေးစားတန်း ဘောလုံးအသင်းများသည် ပြိုင်ပွဲကို အိမ်ကွင်း အဝေးကွင်း စနစ်ဖြင့် နှစ်ကျော့ ကစားရပါသည်။ မြန်မာနိုင်ငံတွင် ဘောလုံးပွဲအားလုံးမှာ သုဝဏ္ဏ လူငယ်လေ့ကျင့်ရေးကွင်း “YTC” နှင့် အောင်ဆန်း အားကစားပြိုင်ဝင်း တို့တွင်သာ ပြုလုပ်နိုင်ခဲ့ပါသည်။

အသင်းများ ကလည်း ပြည်နယ်နှင့် တိုင်းများကို ကိုယ်စားပြုသည်ဟု ဆိုသော်လည်း အသင်းအားလုံးမှာ ရန်ကုန်တွင်သာ စခန်းချ နေထိုင်ပြီး ယှဉ်ပြိုင်ကစားနေကြရ ပါသေးသည်။

ပထမဆုံး စတင်ဖွဲ့စည်းသည့် Pro ဘောလုံး အသင်းများသို့ ကူးပြောင်း ရောက်လာသည့် ဌာနဆိုင်ရာများမှ အစိုးရ ဝန်ထမ်း ဘောလုံး သမားများ၏ လစာငွေမှာ Delta United FC တွင် ကစားသမားတဦး အနည်းဆုံး လစာမှာ ကျပ် ၂ သိန်း မှ အများဆုံး လစာငွေ ၁၀ သိန်း ရရှိပါသည်။

ကမ္ဘောဇ အသင်းတွင်လည်း အများဆုံး လစာငွေမှာ ကျပ် ၁၀ သိန်း ဖြစ်ပါသည်။ ဘောလုံးသမား ၇ ယောက် ခံစားရပါသည်။ အနည်းဆုံးလစာငွေမှာ ကျပ် ၂ သိန်း ဖြစ်ပါသည်။ မကွေး FC တွင်မူ အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၁၀ သိန်းပင် ဖြစ် ပါသည်။

ဥဿာ FC ကမူ ဘောလုံးသမား ကြေးငွေ အနိမ့်ဆုံး ပေးပါသည်။ အမြင့်ဆုံး လစာငွေမှာ အများဆုံး ကျပ် ၃ သိန်းနှင့် အနည်းဆုံး ကျပ် ၁ သိန်းဖြစ်ပါသည်။ Southern Myanmar ကလပ်အသင်းကလည်း အမြင့်ဆုံး လစာငွေမှာ ကျပ် ၃ သိန်း၊ အနိမ့်ဆုံး လစာငွေမှာ ကျပ် ၂ သိန်း ဖြစ်ပါသည်။

ရတနာပုံ အသင်းကလည်း အနည်းဆုံး လစာငွေ ကျပ် ၃ သိန်း၊ အမြင့်ဆုံး ကျပ် ၁၀ သိန်းဖြစ်ပါသည်။

ရန်ကုန်ယူနိုက်တက် အသင်းကလည်း အမြင့်ဆုံးလစာငွေမှာ ကျပ် ၁၀ သိန်း၊ အနည်းဆုံး လစာငွေမှာ ကျပ် ၃ သိန်း ဖြစ်ပါသည်။

ဇေယျာရွှေမြေ အသင်းကလည်း အများဆုံးလစာငွေမှာ ကျပ် ၁၀ သိန်း၊ အနည်းဆုံး လစာငွေမှာ ကျပ် ၃ သိန်း ဖြစ်ပါသည်။

ယင်းကဲ့သို့ လစာငွေ သတ်မှတ်ချက်များနှင့်အတူ ဆောင်ရန်ရှောင်ရန် အချက်များပါဝင်သည့် ကြေးစား ဘောလုံးသမား ကန်ထရိုက် စာချုပ်ကို ပထမဦးဆုံး တရားဝင် လက်မှတ်ထိုးခဲ့သူမှာ ဌာနဆိုင်ရာ စီးပွားကူးသန်း အသင်းမှ Pro အသင်း ဖြစ်သည့် ဥဿာ FC အသင်းသို့ ပြောင်းလာသည့် ဂိုးသမား သီဟစည်သူပင် ဖြစ်သည်။ ၂၀၀၉ ခုနှစ် မတ်လ ၁၇ ရက်တွင် ပြောင်းရွှေ့ ကြေး ကျပ် သိန်း ၂၀၊ လစာငွေ ကျပ် ၅ သိန်း ဖြင့် သဘောတူကြောင်း လက်မှတ်ရေးထိုးခဲ့သည်။

ဌာနဆိုင်ရာ အပျော်တမ်း ကလပ်အသင်းမှ ကြေးစားတန်း ကလပ်အသင်းသို့ ပြောင်းရွှေ့ရာတွင် ဈေးအကြီးဆုံး ရရှိသည့် ဘောလုံး သမားမှာ ထိုစဉ်က မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင် စိုးမြတ်မင်းပင် ဖြစ်သည်။ ပြောင်းရွှေ့ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးခ ကျပ် သိန်း ၇၀ တိတိ ကမ္ဘောဇကလပ် အသင်းက စိုးမြတ်မင်းကို ပေးခဲ့ရသည်။ လစာငွေမှာလည်း ထိုစဉ်က အမြင့်ဆုံး ဖြစ်သည့် ၁ လ ကျပ် ၁၀ သိန်း ဖြစ်သည်။

ဤကဲ့သို့ လူပင်ပန်း စိတ်ပင်ပန်း ငွေကြေး အမြောက်အများ အကုန်ကျခံကာ မြန်မာနိုင်ငံတွင် စတင်ထူထောင်ခဲ့သည့် Professional System ဘောလုံးပြိုင်ပွဲမှာ အောင်မြင်မှု ရရှိနေပါသလော၊ ရရှိခဲ့ပါ၏လော၊ ရရှိရန် အလားအလာ ရှိပါသလော ဟူသည့် အချက်များမှာ စဉ်းစားစရာကောင်းသည်၊ ဆွေးနွေးစရာလည်း ကောင်းသည်။

ပရိုဘောလုံးနှင့် ပတ်သက်၍ စာရေးသူ သိသမျှ၊ မြင်သမျှ၊ ကြားသမျှကို ဆက်လက်တင်ပြ သွားပါမည်။     ။

Loading