၂၀၀၉ ခုနှစ် မေလတွင် မြန်မာအမျိုးသားလိဂ် (MNL) ကြေးစားတန်း “Pro”ဘောလုံးပြိုင်ပွဲများကို အသင်း ၈ သင်းဖြင့် စတင်ခဲ့သည်။ ပြိုင်ပွဲ စတင်ကျင်းပစဉ်ကမူ အားပေးကြည့်ရှုသည့် ပရိသတ်အထူးပင် များသည်။ Pro ဆိုသည်ကို လက်တွေ့ ကြည့်လို၊ မြင်လိုကြသဖြင့် လည်းကောင်း၊ ရန်ကုန်တွင် ဘောလုံးပွဲကောင်းများ မရှိကြသဖြင့် လည်းကောင်း၊ သုဝဏ္ဏကွင်း၊ ကွင်းပြည့်ကွင်းလျံသည် အထိ အားပေးခဲ့ကြသည်။
သို့ရာတွင် ဘောလုံးရာသီ တရာသီပင် မခံပါ။ မူလ အတိုင်းဒုံရင်း၊ ဒုံရင်းသို့ ပြန်ရောက်သွားသည်။ ပရိသတ်များ စိတ်ဝင်စားမှု နည်းသွားရခြင်းမှာ မြန်မာနိုင်ငံတွင် ဖွဲ့စည်းတည်ထောင်ယှဉ်ပြိုင်နေကြသည့် ကြေးစားတန်း ဘောလုံး အသင်းများမှာ Pro ဟူသည့် အမည်ခံယူ ထားသော်လည်း လက်တွေ့တွင် အပျော်တမ်း အဆင့်သာ ရှိသည်။ ပြည်တွင်း ဘောလုံးသမား အများစုမှာ ဌာနဆိုင်ရာ အပျော်တမ်းဘောလုံး အသင်းများတွင် ကစားနေကြသူများသာ ဖြစ်သည်။
ပြည်ပမှ ငှားရမ်းခဲ့သည့် ကြေးစား ဘောလုံးသမားများမှာလည်း အိမ်နီးနားချင်း၊ မလေးရှား၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား နိုင်ငံတွင် ကစားနေကြသည့် ကြေးစားတန်း ဘောလုံးသမားများ ဖြစ်ကြသည်။ ကြေးစားတန်း ကမ္ဘာ့အဆင့်နှင့် ဆိုလျှင် စတုတ္ထတန်း၊ တတိယတန်း အဆင့်လောက်သာ ရှိကြသည်။
ဂျပန်နိုင်ငံတွင် ဂျေလိဂ် စတင်စဉ်က ကမ္ဘာကျော် ဘောလုံးသမား ကောင်းကြီးများဖြင့် ပိုင်နီကာ (အင်္ဂလန်)၊ ဇစ်ကို (ဘရာဇီး) စသည်တို့ကို ဈေးခေါ်လက်ဖွဲ့များ သဖွယ် အသုံးပြုခဲ့ကြသည်။
မြန်မာ နိုင်ငံ အနေဖြင့်လည်း ဈေးခေါ်ကြေးစားတန်း ဘောလုံးသမားများကို သုံးချင်ကြသော်လည်း မြန်မာ ဈေးကွက်အရ ကြေးက ခေါင်ခိုက်နေသည်။ မတတ်နိုင်ကြပါ။ သို့ဖြစ်၍ နိုင်ငံခြားသား ဘောလုံးသမားများ ပါလျှင်ပြီးရော သဘောမျိုးဖြင့် ရရာ ကြေးစားတန်း ဘောလုံးသမားများကို ငှားရမ်းခဲ့ကြသည်။
အင်္ဂလန်၊ စပိန်၊ အီတလီနှင့် ဂျာမနီနိုင်ငံမှ ဘောလုံးပွဲများနှင့် ယဉ်ပါးနေကြသော မြန်မာဘောလုံးပရိသတ်ကို မြန်မာ အပျော်တမ်း ဘောလုံးသမားများနှင့် နိုင်ငံတကာတွင် တတိယတန်း အဆင့်လောက်ရှိသည့် နိုင်ငံခြားများ ပါဝင် ကစားနေသည့် MNL ကို အားပေးသူ တဖြည်းဖြည်း နိမ့်ကျလာခဲ့ရသည်။
မြန်မာ အပျော်တမ်း ဘောလုံးလောကမှ ကြေးစား ဘောလုံးအဆင့်သို့ ကူးပြောင်းခဲ့ရာတွင် ဘောလုံးသမားများ၊ နည်းပြဆရာများ၊ ဒိုင်လူကြီးများ၊ အသင်း စီမံခန့်ခွဲအုပ်ချုပ်သူများ၊ အသင်းပိုင်ရှင်များ၊ ဘောလုံးအဖွဲ့ချုပ် ကော်မတီဝင် များသည် “Professional System” ကို စမ်းတဝါးဝါးဖြင့် စတင်ခဲ့ကြခြင်း ဖြစ်သည်။
အမှန်က မြန်မာနိုင်ငံတွင် Pro အဆင့်သို့ ဘောလုံး အားကစားနည်း ကူးပြောင်းရာတွင် မြန်လွန်းအားကြီး သည်။ ပြီးတော့ နောက်ကျနေ သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တာဝန်ကို ဦးဇော်ဇော်က ၂၀၀၆/၂၀၀၇ ဘောလုံး ရာသီတွင် စတင်ရယူခဲ့သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သစ် လက်ထက်တွင် မြန်မာဘောလုံး လောက ကြေးစားတန်း စနစ်သို့ ပြောင်းလဲရေး စတင်ပြင်ဆင်သည်။ ၂၀၀၈ ခုနှစ်တွင် နိုင်ငံတော်က ခွင့်ပြုသည်။ ၂၀၀၉ ခုနှစ် တွင် ကြေးစားတန်း စနစ်စတင် ကျင့်သုံးသည်။ လွန်ရောကျွံရော ၃ နှစ် အတွင်းတွင် မြန်မာနိုင်ငံ၌ နှစ်ပေါင်း ၁၀၀ ကျော် ခိုင်မြဲလျက်ရှိသည့် အပျော်တမ်း စနစ်ကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ ဘောလုံးလောကသား အားလုံးအတွက် အတွေ့အကြုံ ဖြစ်နေသည်။ အားလုံး ကြေးစားတန်းဆိုသည်မှာ ဒီလိုပါလားဟု သိကြသည့် အဆင့်သာ ရှိသည်။
၁ နှစ်တာ ကာလ (၂၀၀၈-၂၀၀၉) အတွင်း ကြေးစားတန်း စနစ်ကူးပြောင်းရေး အတွက် နေ့မအား၊ ညမအား ဆိုသလို ဆောင်ရွက်ခဲ့သည်။ တခါတရံ စည်းဝေးပွဲများ တနေ့တည်း ၃ ကြိမ်ဆက်တိုက် ကျင်းပခြင်းများလည်း ရှိခဲ့သည်။
အမှန်ကတော့ အပျော်တမ်း စနစ်တွင် မွေ့လျော်ခဲ့ကြသည့် ဘောလုံးနှင့် ပတ်သက်သူ (မီဒီယာများ အပါအဝင်) အားလုံး Pro စနစ်ကို ကျေညက်အောင် နားလည်သည် အထိ လေ့လာသင်ကြား ဆည်ပူးကြပြီး နောက်မှ ဘောလုံး လောကကို အပျော်တမ်း စံနစ်မှ ကြေးစားတန်း စနစ်သို့ ကူးပြောင်းသင့်သည်။ အခုတော့ မြန်လွန်း အားကြီး နေသည်၊ စောလွန်းအားကြီးနေသည်။
မြန်မာနိုင်ငံ အနေဖြင့် မြန်လွန်း၊ စောလွန်း နေသည်ဟု ဆိုသော်လည်း၊ အာရှ အဆင့်မှာပင် နှေးနေသေးသည်။ နောက်ကျနေသေးသည်။
အရှေ့တောင် အာရှနိုင်ငံများ ဖြစ်သည့် အင်ဒိုနီးရှား နိုင်ငံဆိုလျှင် Pro စနစ်ကို ၁၉၇၈ ခုနှစ် မတိုင်မီကတည်းက စတင် ကျင့်သုံးခဲ့ သည်။ Semi-pro စနစ်ဖြင့် စတင် ခဲ့သည်။ ထိုစဉ်က ၁၉၉၇-၉၈ ခုနှစ်တွင် Semi-pro အသင်းပေါင်း ၁၇ သင်းဖြင့် စတင်ခဲ့သည်။ ယခုအခါ အင်ဒိုနီးရှားတွင် “Indo League” ကြေးစားတန်း ဘောလုံးအသင်းများ ကစားနေကြပြီ ဖြစ်သည်။ ထိုနည်းတူစွာ မလေးရှား နိုင်ငံကလည်း ၁၉၉၀ ပြည့်နှစ် မတိုင်မီကပင် ကြေးစားတန်း ဘောလုံးကလပ် အသင်းများ ဖွဲ့စည်းယှဉ်ပြိုင်နေကြပြီ ဖြစ်သည်။
စင်ကာပူ နိုင်ငံကလည်း ၁၉၉၆ ခုနှစ် ဧပြီလထဲတွင် ကြေးစားတန်း ဘောလုံးပွဲများ စတင် ကျင်းပခဲ့သည်။ ကြေးစားတန်း အသင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။ စင်ကာပူ “S’ League” စတင် ထူထောင်ရာတွင် အမေရိကန်ဒေါ်လာ ၅ သန်း ရင်းနှီးမြှုပ်နှံ ခဲ့ရသည်။ ယခုအခါ စင်ကာပူနိုင်ငံ၏ ဘောလုံးအဆင့်အတန်းကို အာရှအဆင့်တွင် စောင့်ကြည့်ကြရ မည့် အနေအထား ရောက်ရှိနေပြီ ဖြစ်သည်။
ကျင်းပ ပြီးစီးခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ၊ ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ်များ သိမ်းကြုံး ရယူခဲ့သည်မှာ ထိုင်းနိုင်ငံပင် ဖြစ်သည်။ ကြေးစားတန်း စနစ်ကို ထိုင်းနိုင်ငံတွင် ၁၉၉၅ ခုနှစ် ကတည်းက စတင် ကျင့်သုံးခဲ့သည်။
ဗီယက်နမ် ဘောလုံးကလည်း ယခုအချိန်တွင် အရှေ့တောင် အာရှတိုက်တွင် ပြိုင်ဘက်ကောင်း အသင်းတသင်း ဖြစ်လာသည်။ ဗီယက်နမ်လိဂ် ပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် အသင်း ၁၂ သင်းဖြင့် စတင်ခဲ့သည်။
မြန်မာ အမျိုးသားတဦး ဖြစ်သည့် ဦးလှဒင်နှင့် သူ၏မိတ်ဆွေ ဂျပန်လူမျိုးတစုတို့ ပူးပေါင်းကာ ဘောလုံး ကစားနည်းကို စတင်ခဲ့သည့် ဂျပန်နိုင်ငံမှာ ယခု ကမ္ဘာ့အင်အားကြီး ဘောလုံးနိုင်ငံ တနိုင်ငံအဖြစ် ရောက်ရှိနေပြီ ဖြစ်သည်။ ဂျပန်ဘောလုံး အဆင့်အတန်းသည် အစပိုင်းတွင် အောင်မြင်မှု မရရှိခဲ့ပါ။ အာရှအားကစားပွဲတော် ဘောလုံးပြိုင်ပွဲတွင် မြန်မာလက်ရွှေးစင် ဘောလုံးအသင်းက ၂ ကြိမ်ဆက်တိုက် ရွှေတံဆိပ် ဆွတ်ခူးစဉ်က ဂျပန်ဘောလုံး အသင်းများမှာ အာရှအားကစားပွဲ၊ ဘောလုံးပြိုင်ပွဲတွင် နောက်ဆုံး ဗိုလ်လုပွဲသို့ပင် ၁ ကြိမ်မှ မရောက်ခဲ့ ပါ။
ဂျပန်ဘောလုံး အဆင့်အတန်း တိုးတက်ရေး အတွက် အပျော်တမ်း စနစ်မှ ကြေးစားတန်း စနစ်သို့ ကူးပြောင်းရန် ဂျပန်ဘောလုံး အသိုင်းအဝိုင်းက ယုံကြည်ခဲ့ကြသည်။ ယုံကြည်ကြသည့် အတိုင်း ကြေးစား ဘောလုံးစနစ် ဂျပန်နိုင်ငံတွင် စတင်နိုင်ရန် အတွက် ၁၉၈၈ ခုနှစ်တွင် စတင် ပြင်ဆင်ခဲ့ကြသည်။ လေ့လာစရာ ရှိသည်များကို လေ့လာကြသည်မှာ ၅ နှစ်တိတိ ကြာသည်။ ၁၉၉၃ ခုနှစ်ကျမှ “J’ League” ကို အသင်း ၁၀ သင်း ဖြင့် စတင်ကျင်းပ ခဲ့သည်။
ဘောလုံး အားကစားနည်းကို ဘေ့စ်ဘော ကစားနည်းလောက် စိတ်ဝင်စားမှု မရှိကြသော ဂျပန် အားကစား ပရိသတ်ကို ဆွဲဆောင်သည့် အနေဖြင့် ကမ္ဘာကျော် ဘောလုံးသမားကောင်းများကို “J’ League” အသင်းများက ငှားရမ်း ကစားစေခဲ့သည်။ အင်္ဂလိပ် လက်ရွေးစင် ကစားသမားကောင်း Gary Lineker ၊ ဘရာဇီးလက်ရွေးစင်ဟောင်း Zico တို့ဖြင့် ဂျပန်ပရိသတ်များကို ဆွဲဆောင် နိုင်ခဲ့သည်။
အာရှတိုက်၏ အအောင်မြင်ဆုံး ဘောလုံးနိုင်ငံမှာ တောင်ကိုရီးယား နိုင်ငံ ဖြစ်သည်။ ၁၉၅၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် စတင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ကြေးစားတန်း ဘောလုံးလောကကိုလည်း အာရှတိုက်တွင် အစောဆုံး ကျင့်သုံးသည့် နိုင်ငံဖြစ်သည်။ ၁၉၈၃ ခုနှစ်ကတည်းက “K’ League” ကို စတင်ခဲ့သည်။
တရုတ်နိုင်ငံတွင် ဘောလုံး ကစားနည်းကို စတင်ခဲ့သည် ဟု တရုတ် မှတ်တမ်းများက ဆိုသည်။ သို့ရာတွင် ခေတ်သစ် ဘောလုံးကစားနည်းတွင်မူ တရုတ်ပြည်သည် ဂျပန်၊ တောင်ကိုးရီးယား တို့လောက် အောင်မြင်မှု မရှိခဲ့ပါ။ သို့ဖြစ်သော ကြောင် ကွန်မြူနစ် စနစ်ကို ကျင့်သုံးသော တရုတ်ပြည်တွင် ကြေးစားတန်း ဘောလုံးပွဲများကို ခွင့်ပြုလာခဲ့ရသည်။ ၁၉၉၃ ခုနှစ်တွင် Marlboro စီးကရက် ကုမ္ပဏီ၏ ထောက်ပံ့မှုဖြင့် Marlboro League အမည်ဖြင့် Pro ဘောလုံးများ စတင်ခဲ့သည်။
အာရှတွင်လည်းကောင်း၊ အရှေ့တောင်အာရှတွင် လည်းကောင်း၊ ကြေးစားတန်း စနစ် ဘောလုံးပွဲများ စတင်သည့် နှစ်ပေါင်း ၂၀ ကျော်မျှ စောနေသေည်ကို တွေ့ရမည် ဖြစ်သည်။ တနည်းဆိုသော် မြန်မာနိုင်ငံတွင် ကြေးစားတန်း စနစ် စတင်သည်မှာ နှစ်ပေါင်း ၂၀ ကျော် နောက်ကျနေ ခြင်းပင် ဖြစ်သည်။
မြန်မာ ဘောလုံး လောကထက် ဆယ်စုနှစ်၊ နှစ်စုစာမျှ ရှေ့ရောက်နေသော နိုင်ငံများကို မီရန်မှာ အားလုံး အဆ နှစ်ရာလောက် ကြိုးစားကြရမည် ဖြစ်သည်။ နိုင်ငံတကာ ဘောလုံးမှတ်တမ်းများကို လေ့လာရာတွင် အပျော်တမ်း စနစ်မှ ကြေးစားတန်းစနစ်သို့ ကူးပြောင်းကြရာတွင် “Revolution” (တော်လှန်ရေး) ဟူသည့် စကားလုံးကို နိုင်ငံတိုင်းလိုလိုက သုံးစွဲကြသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မြန်မာဘောလုံး လောက တိုးတက်ရေးကို အမှန်တကယ် ဆောင်ရွက်ကြမည် ဆိုပါက အားကစားတော်လှန်ရေး လမ်းစဉ်ကို အများတကာနည်းတူ ကိုင်စွဲမှသာ ဘောလုံးလောက အောင်မြင်နိုင်ဖွယ်ရှိပါသည်။
ဘောလုံး အဆင့်အတန်းမြင့်မားရေး “ဒို့အရေး” ဟုဟစ်ကြွေး၍ ဘောလုံးလောက တော်လှန်ရေး တရပ် ဆင်နွှဲကြပါစို့။ ။