ဆီးဂိမ်းကာလအတွင်း မြန်မာဘောလုံး လောကတွင် နည်းပြဆရာ ပြောင်းလဲမှုကြီး တရပ် ဖြစ်ပေါ်ခဲ့သည်။ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ် အဆုံးအဖြတ်၌ ဂိုးကွာဟချက်ဖြင့် ဆုံးဖြတ်မည်လော၊ နှစ်သင်း ယှဉ်ပြိုင်ကစား စဉ်က ထွက်ပေါ်ခဲ့သည့် အရှုံးအနိုင် ရလဒ် (Head to Head) ဖြင့် ဆုံးဖြတ်မည် လော ဆိုခြင်းကို မသိရပါဟု ဆိုသည့် တောင်ကိုရီးယား နိုင်ငံသား ဘောလုံး နည်းပြ မစ္စတာ ပတ်ဆောင်ဟွာ တယောက် ပုဇွန်ဆိတ် တကောင်အဖြစ် ဆိုးလ်သို့ ပြန်သွားပြီ ဖြစ်သည်။
ယူဂိုဆလဗ် နိုင်ငံ တဖြစ်လဲ ဆားဗီးယား နိုင်ငံသား အေဗရာမိုဗစ်ချ်က ပတ်ဆောင်ဟွာ နေရာတွင် အစား ဝင်လာသည်။ ၎င်းသည် ဥရောပတိုက်မှ ဆိုသော်လည်း အရှေ့တောင် အာရှ နိုင်ငံတနိုင်ငံ ဖြစ်သည့် စင်ကာပူသို့ ရောက်နေသည်မှာ ဆယ်စုနှစ် တစုပင် ရှိပြီဖြစ်သည်။ ၂၀၀၃ ခုနှစ် ကတည်းက ဘောလုံး နည်းပြ အဖြစ် ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဆားဗီးယား နည်းပြဆရာ ကိုင်တွယ်သည့် စင်ကာပူ လက်ရွေးစင် အသင်းနှင့် နည်းပြဆရာ ပေါင်းစုံ ကိုင်တွယ်ခဲ့သည့် မြန်မာ လက်ရွေးစင် ဘောလုံးအသင်းကို မကြာခဏ တွေ့ဆုံဖူးသည်။
ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် စင်ကာပူ ရုပ်သံ သတင်းဌာနမှ တာဝန်ခံ အမျိုးသမီး တဦးက မြန်မာအသင်း နည်းပြဆရာ အသစ်ဖြစ်သူ၊ စင်ကာပူအသင်း နည်းပြဆရာဟောင်းအား “ရှင် ဘာဖြစ်လို့ စင်ကာပူက ထွက်ပြီး မြန်မာပြည် လာတာလဲ” ဟု သဘောပါသည့် မေးခွန်းတခွန်း မေးသည်။ ဆားဗီးယားကြီးက “စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ချင်လို့ပါ” ဟု ဖြေသည်။
အေဗရာမိုဗစ်ချ်၏ တာဝန်မှာ ၂၀၁၅ ဆီးဂိမ်း အပြီးအထိ ၁၈ လကြာ ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီ လမှ စကာ ၂၀၁၅ ခုနှစ် အတွင်း မြန်မာ ဘောလုံးလောက အတွက် စိန်ခေါ်ပွဲများ ရှိနေခဲ့သည်။
လက်ရွေးစင် အသင်းကြီးက အာရှဖလား ခြေစစ်ပွဲဖြစ်သည့် AFC Challenge Cup ပြိုင်ပွဲ၊ ပြီးတော့ ဆူဇူကီးဖလား ပြိုင်ပွဲဝင်ရမည်။ အကယ်၍ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့လျင် အင်ချွန် အာရှအားကစားပွဲ၊ ဘောလုံးပြိုင်ပွဲတွင် ယူ ၂၃ လက်ရွေးစင် ဘောလုံးအသင်းက ဝင်ပြိုင်ကြပေလိမ့်မည်။
မြန်မာဘောလုံး အဆင့်အတန်း တိုးတက်ရေး အတွက် နိုင်ငံခြားမှ နည်းပြဆရာများကို ၁၉၅၄ အာရှ အားကစားပွဲ အကြိုကာလမှပင် စတင် ငှားရမ်းခဲ့သည်။ ၁၉၅၄ ခုနှစ်၊ ဧပြီလတွင် အင်္ဂလန် နိုင်ငံသား အေဝီယာ ဆိုသူကို ၁၉၅၄ ခုနှစ်တွင် ကျင်းပမည့် ဒုတိယ အကြိမ်မြောက် အာရှ အားကစားပွဲ ကျင်းပရန် တလ အလိုတွင် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။
အင်္ဂလိပ် နည်းပြဆရာက မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းကို ဘောလုံးပညာ သင်းကြားပေးခြင်းထက် ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းရေးကို ဦးစားပေးခဲ့သည်။ ထိုစဉ်က ရန်ကုန် ဘောလုံး အသိုင်းအဝန်းက မစ္စတာ အေဝီယာကို ဘောလုံးနည်းပြဆရာဟု မခေါ်ကြပဲ ကာယပညာ ဆရာဟုသာ ကွယ်ရာတွင် ခေါ်ခဲ့ကြသည်။
အေဝီယာကလည်း မတ်လထဲမှာပင် ပြင်းပြင်းထန်ထန် လေ့ကျင့်သည်။ အာရှ အားကစားပွဲ အကြိုတွင် မြန်မာ လက်ရွေးစင်အသင်း ခြေစမ်းပွဲ တပွဲကစားသည်။ ဘီအေအေ ပထမတန်းမှ “ပြည်သူရဲ” ဘောလုံး အသင်းနှင့် ဖြစ်သည်။ သရေသာ ကစားနိုင်သည့် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းအပေါ် ဝေဖန်ချက်များ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာသည်။ အင်္ဂလိပ် အလိုတော်ကြီးများကပင် မြန်မာ လက်ရွေးစင် ဘောလုံးအသင်း အင်္ဂလိပ် နည်းပြဆရာ ကိုင်မှ ညံ့ဖျင်းသွားသည်။ အာရှ အားကစားပွဲ၊ ဘောလုံး ပြိုင်ပွဲတွင်လည်း မရှုမလှ ရှုံးမည်ဟု ကြိုတင် နိမိတ်ဖတ်ခဲ့ကြသည်။
သို့ရာတွင် မစ္စတာ အေဝီယာ၏ မြန်မာ လက်ရေးစင် ဘောလုံးအသင်းက ၁၉၅၄ ခုနှစ် ဖိလစ်ပိုင် အာရှ အားကစားပွဲ ဘောလုံးပြိုင်ပွဲတွင် အများ ထင်မထားသည့် အောင်မြင်မှုကို ရယူခဲ့သည်။ လုပ်ပြနိုင်ခဲ့သည်။
အုပ်စုတွင် စင်ကာပူ အသင်းနှင့် တဂိုးစီ သရေကျသည်။ နိုင်ငံတကာ ဘောလုံး ပြိုင်ပွဲများတွင် စင်ကာပူ လက်ရွေးစင် အသင်းနှင့် ပထမဆုံး ယှဉ်ပြိုင်ရသည့် ပွဲပင်ဖြစ်သည်။ ဒုတိယပွဲတွင် ပါကစ္စတန် အသင်းကို ၂း၁ ဖြင့်နိုင်သည်။ အကြို ဗိုလ်လုပွဲတွင် တောင်ကိုရီးယား အသင်းနှင့် ကစားရသည်။ နှစ်ဂိုးစီ သရေကျသည်။ အချိန်ပို မရှိ၊ ပင်နယ်တီဂိုး အဆုံးအဖြတ် ယူသည့်စနစ် မရှိသေးသဖြင့် ဗိုလ်လုပွဲတက်ရန် မဲနှိုက်ရာ မြန်မာအသင်း ရှုံးသည်။ တတိယ နေရာလုပွဲအဖြစ် အင်ဒိုနီးရှား အသင်းနှင့် ကစားရသည်။ ၅း၄ ဂိုးဖြင့် နိုင်သည်။ ကြေးတံဆိပ်ရသည်။ မြန်မာ ဘောလုံးအသင်းနှင့် နှစ်ဂိုးစီ သရေကျခဲ့သော တောင်ကိုရီးယား အသင်းမှာ ၁၉၅၄ ခုနှစ်တွင် ဆွစ်ဇာလန် နိုင်ငံ၌ ဇွန်လထဲတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လေ့ကျင့်နေသည့် အသင်းဖြစ်သည်။
မြန်မာ လက်ရွေးစင် ဘောလုံးအသင်းအတွက် ပထမဆုံး နိုင်ငံတကာ ပြိုင်ပွဲတွင် ဆုတံဆိပ် ရယူပေးခဲ့သော အင်္ဂလိပ် နည်းပြဆရာမှာလည်း စာချုပ် ရက်မစေ့မီခင်ပင် အင်္ဂလန်သို့ ပြန်သွားရသည်။ အင်္ဂလိပ် နည်းပြဆရာမှာ စိတ်အားထက်သန်ရုံသာမက စိတ်လည်း မြန်သည်၊ တိုလည်း တိုသည်။ အင်ဒိုနီးရှားနှင့် အိန္ဒိယ နိုင်ငံများတွင် ကစားသည့် ပွဲများ၌ ကွင်းလယ်ဒိုင်များနှင့် ထိပ်တိုက်တွေ့သည်။ ညင်းသည်။ ပွဲကြည့်ပရိသတ်များကို စိန်ခေါ်သည်။ အင်ဒိုနီးရှား၊ အိန္ဒိယ ပရိသတ်များ ဆူပူကြသည်အထိ ဖြစ်ပွားခဲ့ သည်။ သို့မို့ကြောင့်ပင် စာချုပ် ဖျတ်သိမ်းလိုက်ရသည်။
မစ္စတာ အေဝီယာနှင့် စာချုပ် ဖျတ်သိမ်းပြီးနောက် ၁၉၅၇ ခုနှစ်ထဲတွင် ယူဂိုဆလားဗီးယား နိုင်ငံမှ မီလိုရဒ် မီထရိုဗစ်ချ် (Milorad Mitrovic) ဆိုသူ နည်းပြဆရာကို ထပ်မံငှားရမ်းခဲ့သည်။
ယူရို နည်းပြဆရာမှာ အင်္ဂလိပ် နည်းပြဆရာနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ တည်ငြိမ် အေးဆေးလှသည်။ မီထရိုဗစ်ချ် လက်ထက်တွင် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများတွင် အောင်မြင်မှု မရခဲ့ပါ။ သို့သော် မြန်မာ ဘောလုံးလောက အတွက် မှတ်တမ်းဝင် အောင်မြင်သည့် ဘောလုံးပွဲ တပွဲတော့ ရှိခဲ့သည်။ ၁၉၅၈ ဆွီဒင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ခြေစစ်ပွဲ အဖြစ် တရုတ်နှင့် အင်ဒိုနီးရှား အသင်းတို့က မြန်မာပြည်၊ ရန်ကုန်မြို့၊ အောင်ဆန်း အားကစား ပြိုင်ဝင်းတွင် ခြေစစ်ပွဲ ကစားရသည်။ (ထိုစဉ်က တရုတ်နှင့် အင်ဒိုနီးရှား သံတမန် အဆက်အသွယ် မရှိသေးပါ။) ယင်းပွဲအပြီးတွင် တရုတ်အသင်းနှင့် မြန်မာအသင်းတို့ ချစ်ကြည်ရေး ကစားရာ မြန်မာအသင်းက ၂း၁ ဖြင့် နိုင်သည်။ ယူဂိုနည်းပြ မီလိုရဒ်မီထရိုဗစ်ချ် လက်ထက်တွင် နည်းပြ ဆရာ ရက်တိုသင်တန်း တခုကိုလည်း ဖွင့်လှစ်ခဲ့ သည်။
မြန်မာနိုင်ငံသို့ နောက်ထပ် ယူဂိုဆလဗ် နည်းပြတဦး ရောက်လာသေးသည်။ တပ်မတော်က ငှားရမ်းခဲ့သည့် မစ္စတာ မာကိုဆိုသူ ဖြစ်သည်။ သူက ကာကွယ်ရေး လက်အောက်တွင် တာဝန်ယူခဲ့ရသည်။
တပ်မတော်က မစ္စတာမာကို ၁၉၅၉ ခုနှစ်၊ မတ်လ ၆ ရက်မှ ၁၉၆၃၃ ခုနှစ်၊ မတ်လ ၆ ရက်နေ့အထိ ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ တပ်မတော် ဘောလုံးအသင်းများကိုသာ သင်ကြားပို့ချခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသို့ ပထမဆုံး ဆိုဗီယက် နည်းပြဆရာအဖြစ် ရောက်လာသူမှာ မစ္စတာ ဘိုဇင်ကော့ဗ် ဖြစ်သည်။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၆ ရက်မှ ၁၉၆၅ ခုနှစ်၊ မတ်လ ၁၇ ရက်အထိ တာဝန်ယူခဲ့သည်။ ဘိုဇင်ကော့ဗ် သည် ဆိုဗီယက် ပြည်ထောင်စု၏ ထိပ်တန်း ဘောလုံး ကစားသမား ဖြစ်ရုံသာမက ရေခဲပြင် ဟော်ကီ ကစားသမားဟောင်းလည်း ဖြစ်သည်။ အားကစားသမား ဘဝမှ အနားယူပြီးနောက် ဘောလုံးနည်းပြဆရာ သင်တန်း တက်ရောက်ခဲ့သည်။ အဆင့်မြင့် အောင်မြင်သည်။
၁၉၆၁ ကျွန်းဆွယ် အားကစား ပြိုင်ပွဲဝင် မြန်မာ လက်ရွေးစင် ဘောလုံးအသင်းကို တာဝန်ယူ လေ့ကျင့်ပေးခဲ့ သည်။ မြန်မာ ဘောလုံးအသင်း နောက်ဆုံးဗိုလ်လုပွဲ အထိ ရောက်သည်။ မလေးရှးကို ရှုံးသည်။ ဒုတိယ ငွေတံဆိပ်ရ သည်။
မစ္စတာကိုဇင်ကော့ဗ်က ရုရှားဘာသာဖြင့် ပြုစုပြီး ဆရာမောင်တင်မြ မြန်မာဘာသာပြန်ဆိုသည့် ဘောလုံးနည်းပညာ စာအုပ်တအုပ် ထုတ်ဝေခဲ့သည်။
ဆိုဗီယက် နည်းပြဆရာ ရှိနေစဉ်မှာပင် နောက်ထပ် နည်းပြဆရာ တယောက် ထပ်ငှားရမ်းခဲ့သည်။ ဟန်ဂေရီလူမျိုး ဂျော့ဂျ်ကယ်လ်မား (George Kalmar) ဆိုသူ ဖြစ်သည်။ ဂျော့သည် ငယ်စဉ် ဘောလုံးသမား ဘဝက ပြင်သစ်နိုင်ငံ တွင် ကြေးစားဘောလုံးသမား အဖြစ် ကစားခဲ့ဖူးသူ ဖြစ်သည်။ သူ၏ တာဝန်မှာ ဘောလုံးနည်းပြဆရာ သင်တန်းများ ဖွင့်လှစ်ခြင်းနှင့် လက်ရွေးစင်အသင်းအား ကူညီလေ့ကျင့်ပေးခြင်း ဖြစ်သည်။
ဟန်ဂေရီ ကလပ်အသင်း တာတာဘာညာ (ဘူဒါပက် မော်တော်ယာဉ် ဘောလုံးအသင်း) မြန်မာပြည် လာရောက် ကစားရာတွင် မြန်မာ လက်ရွေးစင် အသင်းက အနိုင်ရအောင် လေ့ကျင့်ပေးခဲ့သည်။ ၁၉၆၄ ခုနှစ် မတ်လ ၁၈ မှ ၁၉၆၆ မတ်လ ၁၈ ရက် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
မစ္စတာကိုဇင်ကော့ဖ် နှင့် မစ္စတာ ဂျော့ကယ်လ်မား တို့ တာဝန်မှ ပြီးဆုံး၍ သက်ဆိုင်ရာ နိုင်ငံအသီးသီးသို့ ပြန်သွားကြ ပြီးနောက် ဆိုဗီယက် ပြည်ထောင်စုမှ နည်းပြဆရာ တဦးဖြစ်သည့် မစ္စတာ ဂါမန်ဇိုနင် ထပ်မံရောက်ရှိ လာသည်။ ၁၉၆၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ၁၉၆၈ ခုနှစ် စက်တင်ဘာ ၂၅ အထိ မြန်မာ့ လက်ရွေးစင် အသင်း နည်းပြဆရာအဖြစ် တာဝန်ယူခဲ့သည်။
မစ္စတာ ဂါမန်ဇိုနင်မှာ ကံကောင်းသည့် နည်းပြတဦး ဖြစ်သည်။ မြန်မာဘောလုံးသမားများ အတွေ့အကြုံရင့်ကျက်ကြပြီး နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများ စတင်အနိုင်ရချိန်တွင် မြန်မာအသင်းကို နည်းပြခွင့် ရရှိခြင်းဖြစ်သည်။ ပင်ကိုယ်အားဖြင့် ထူးချွန်စပြုလာသည့် မြန်မာ ဘောလုံးသမားများအား ဇိုနင်၏ ကုံလုံကြွယ်ဝသော ဘောလုံး ပညာရပ်များ ပေါင်းစပ်လိုက်သည့် အခါ အာရှချန်ပီယံ တို့မြန်မာ ဟူ၍ ဖြစ်လာတော့သည်။
မစ္စတာ ဇိုနင်နှင့် တွဲဖက် တာဝန်ယူရသည့် ဆရာဦးစိန်လှိုင်တို့ လက်ထက်တွင် ၁၉၆၅ ကျွန်းဆွယ် ကစားပြိုင်ပွဲတွင် ထိုင်းနှင့် ပူးတွဲ ပထမ၊ ၁၉၆၆ ခုနှစ်အာရှ အားကစားပြိုင်ပွဲ ဘောလုံးတွင် ရွှေတံဆိပ်၊ ၁၉၆၇ ခုနှစ် ကျွန်းဆွယ် ဘောလုံး ပြိုင်ပွဲတါင် ရွှေတံဆိပ်တို့ကို ဆွတ်ခူးနိုင်ခဲ့သည်။ အာရှဖလားပွဲတွင် ဒုတိယ ရခဲ့သည်။
၁၉၆၉ ခုနှစ် ကျွန်းဆွယ်ပွဲတွင်မူ မြန်မာနည်းပြဆရာ ဦးစိန်လှိုင်ဖြင့်ပင် မြန်မာလက်ရွေးစင် ဘောလုံး အသင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။
၁၉၇၂ ခုနှစ် မြူးနစ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့အိုလံပစ် အားကစား ပွဲတော် ဘောလုံးပြိုင်ပွဲ အတွက် မြန်မာ အသင်း ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။ ခြေစစ်ပွဲအောင် မြန်မာဘောလုံး အသင်း အတွက် နိုင်ငံခြား နည်းပြဆရာအဖြစ် ဂျာမနီ လူမျိုး အင်္ဂလန်သား နည်းပြဆရာ ဟန်းဘတ်ကားလ်ထရော့မန်းကို ခေါ်ယူတာဝန်ပေခဲ့သည်။
ထရော့မန်းမှာ ဒုတိယကမ္ဘာစစ်အတွင်းကပင် ပြင်သစ်စစ်မြေပြင်တွင် မဟာမိတ် တပ်များက သုံးပန်းအဖြစ် အဖမ်းခံခဲ့ရသည့် ဂျာမန် စစ်သားတဦး ဖြစ်သည်။ အင်္ဂလန်နိုင်ငံ စစ်သုံပန်း စခန်းတွင် အချုပ်ခံထားရပြီး ဘောလုံး ကစားသည်။ အင်္ဂလိပ်မြို့ခံဘောလုံး အသင်းတသင်းက သဘောကျပြီး အသင်းတွင် ထည့်သွင်း ကစားရာမှ စကာ အင်္ဂလိပ် ဘောလုံးလောကထဲ ရောက်သွားသည်။
FA ဖလား ဗိုလ်လုပွဲတွင် လက်တဖက်ကျိုးသော်လည်း ပွဲပြီးသည် အထိ ဂိုးစောင့်သွားခဲ့သဖြင့် နာမည်ကြီးခဲ့သည်။ အင်္ဂလန်နိုင်ငံ၏ အကောင်းဆုံး ဘောလုံးသမားဆုကို နိုင်ငံခြားထဲမှ ပထမဆုံး ချီးမြှင့်ခံရသူ ဖြစ်သည်။
မစ္စတာ ထရော့မန်းနှင့် ဦးစိန်လှိုင်တို့၏ မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် မြူးနစ် အိုလံပစ် ဘောလုံးပြိုင်ပွဲ၌ ဆိုဗီယက်ကို ဝး၁၊ မက္ကဆီကိုကို ဝး၁ ဖြင့် ရှုံးသည်။ ဆူဒန် အသင်းကို ၂း၁ ဖြင့် နိုင်သည်။ မြူးနစ် အိုလံပစ် ဘောလုံး ပြိုင်ပွဲ အသန့်ရှင်းဆုံးဆု ရရှိခဲ့သည်။
၁၉၇၃ စင်ကာပူ ကျွန်းဆွယ် ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် ဘောလုံး အသင်း ပထမဆု ရွှေတံဆိပ် ဆွတ်ခူးပြီး ကျွန်းဆွယ် ဘောလုံး ပြိုင်ပွဲတွင် မြန်မာအသင်း ပွဲသိမ်းတော့သည်။ ၁၉၇၅ ထိုင်းကျွန်းဆွယ်ပွဲတွင် တတိယ ကြေးတံဆိပ်သာ ရတော့သည်။ SEA Games စတင်သည့် ၁၉၇၇ ခုနှစ်မှ စကာ ၂၀၁၃ အထိ မြန်မာ ဘောလုံး နလံမထူသေးပါ။ ယင်းကာလအတွင်း အထူးသဖြင့် ဥရောပတိုက်မှ နည်းပြဆရာများ လာရောက်ခဲ့ကြသည့် အနက် ပြောစမှတ် ပြုလောက်သည့် နည်းပြဆရာ ၃ ဦးသာ ရှိခဲ့သည်။ ဝါနာ (ဂျာမနီ)၊ ဂါးဗလော့ (ဟော်လန်) နှင့် ဒေးဗစ်ဘုသ် (အင်္ဂလန်) တို့ ဖြစ်သည်။ (ဆက်လက်ဖော်ပြပါမည်)။ ။