မြန်မာနိုင်ငံသို့ အသစ်ရောက်လာသည့် နိုင်ငံခြားနည်းပြဆရာ ဆာဘီးယားလူမျိုး ရာဒေါ့(ချ)ကို အဗရာမိုဗစ် (Radojko Avramovic) နှင့် အဖွဲ့အကြောင်းပြု၍ ၁၉၅၃ ခုနှစ်မှ စတင်ရောက်လာသည့် နိုင်ငံခြား နည်းပြဆရာ အေဝီယာမှ စကာ နောက်ဆုံး တာဝန်ထမ်းဆောင် သွားသည့် ကိုရီးယား နည်းပြဆရာ မစ္စတာပတ်ဆောင်ဟွာ အထိ စာရေးသူ မှတ်မိ သမျှ နည်းပြဆရာများအကြောင်းကိုတင်ပြခဲ့ပါသည်။
စာရေးသူသည် အားကစား သတင်းသမား တဦးအနေဖြင့် မစ္စတာအေဝီယာမှ လွဲ၍ ကျန်ဘောလုံး နည်းပြဆရာများ နှင့် ထိတွေ့ခဲ့ပါသည်။ ဆရာကိုဇင်အောင်နှင့် ဆရာဝိုနင်တို့မှလွဲ၍ ကျန်နိုင်ငံခြားသား ဘောလုံးနည်းပြ ဆရာများနှင့် သိကျွမ်းခဲ့ ပါသည်။
၁၉၇၂ ခုနှစ် မြူးနစ် အိုလံပစ် အားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွှေးစင် ဘောလုံးအသင်း နည်းပြဆရာ ဘရော့မန်း အထိ မှတ်မိသမျှ တင်ပြခဲ့ပြီး ဖြစ်ပါသည်။
၁၉၇၂ ခုနှစ် မြူးနစ်အိုလံပစ် အားကစားပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းမှာ အောင်မြင်မှု အထွဋ်အထိပ်သို့ ရောက်ခဲ့ခြင်း ဖြစ်သည်။ ၁၉၇၃ ကျွန်းဆွယ် ပြိုင်ပွဲတွင်လည်း နောက်ဆုံး ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့သည်။ ၁၉၇၅ ဘန်ကောက်ကျွန်းဆွယ် တွင်မူ တတိယတန်း တနေရာသို့ လျှောကျ သွားခဲ့သည်။ မြန်မာ့လက်ရွှေးစင် ဘောလုံးအသင်းနှင့် အတူအရှေ့တောင် အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲသည်လည်း ရပ်နားသွားတော့သည်။
အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို ကျွန်းဆွယ်နိုင်ငံ ၇ နိုင်ငံဖြင့် ကျင်းပနေရာမှ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့က နုတ်ထွက်သွားသဖြင့် ၁၉၇၅ ခုနှစ် ဘန်ကောက် ကျွန်းဆွယ်ပြိုင်ပွဲကို မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ တို့ဖြင့်သာ ကျင်းပခဲ့ရသည်။
သို့ဖြစ်၍ ၁၉၇၇ ခုနှစ်တွင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း နိုင်ငံတို့ဖြင့် ပေါင်းပြီး SEA Games အမည်ဖြင့် အားကစား ပြိုင်ပွဲ စတင် ကျင်းပခဲ့သည်။
ဆီးဂိမ်းပြိုင်ပွဲ အစမှာ မြန်မာ ဘောလုံးလောက၏ အောင်မြင်မှု နိဂုံးပင် ဖြစ်တော့သည်။ ၁၉၇၇ ခုနှစ် ဆီးဂိမ်းဘောလုံး ပြိုင်ပွဲတွင် အုပ်စုတွင်း၌ စင်ကာပူကို ၅ း ၁ ဂိုး၊ ထိုင်းကို ၃ း ၁ ဂိုးဖြင့် နိုင်ပြီး၊ အကြိုဗိုလ်လုပွဲတွင် အိမ်ရှင် မလေးရှား အသင်းကို ၁ း ၉ ဖြင့် ရှုံးသည်။ နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာ့လက်ရွှေးစင် ဘောလုံးအသင်း အနေဖြင့် မရှုမလှ ရှုံးနိမ့်ခဲ့သည့် တပွဲတည်းသော ပွဲပင်ဖြစ်သည်။ တတိယနေရာ လုပွဲတွင်မူ အင်ဒိုနီးရှားအသင်း မကစားသဖြင့် တတိယ ရသည်။ မြန်မာအသင်း နည်းပြဆရာ ဦးမောင်မောင်(ရေတပ်) မှာလည်း တပွဲတည်းဖြင့် အနားပေး ခံလိုက်ရသည်။
၁၉၇၇ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ ၁၆ နှစ် အတွင်း မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် မြန်မာနည်းပြ ဆရာများနှင့်သာ နိုင်ငံတကာ ပြိုင်ပွဲဝင်ခဲ့သည်။ ၁၉၇၈ ခုနှစ် အာရှအားကစားပွဲ ဘောလုံးပြိုင်ပွဲဝင် မြန်မာ လက်ရွေးစင် ဘောလုံးအသင်း နည်းပြဆရာ အဖြစ် ဦးအေးမောင်ကြီး၊ လက်ထောက်နည်းပြ အဖြစ် ဦးကျော်တင့် တို့က ဆောင်ရွက်ခဲ့သည်။
၁၉၇၉ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာဘောလုံး အသင်းကို ဦးတင်ထွန်း (စတိုင်)က တာဝန်ယူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် အင်ဒိုနီးရှား မာလာကလင်ဖလား ပြိုင်ပွဲဝင် မြန်မာအသင်းကို ဦးကိုကိုကြီးက နည်းပြအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၈၁ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းကိုဦးတင်ထွန်း(စတိုင်လ်)က တကျော့ပြန် နည်းပြတာဝန် ယူခဲ့သည်။ ၁၉၈၂ အိန္ဒိယနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှအားကစားပွဲဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွှေးစင် ဘောလုံးအသင်း ဝင်ပြိုင်ခဲ့သည်။ အသင်းနှင့်ပတ်သက်သည့် မှတ်တမ်း ရှာမတွေ့ပါ။
၁၉၈၃ စင်ကာပူ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ့လက်ရွှေးစင် ဘောလုံးအသင်း နည်းပြဆရာ တာဝန်ကို ဦးအေးမောင်ကြီးက တကျော့ပြန် တာဝန်ယူသည်။ ၃ ပွဲကစားရာတွင် နိုင်ပွဲ မရှိပါ။ အရှုံး မှတ်တမ်းဆိုးကြီး တခုတော့ ကျန်ခဲ့သည်။ ဘရူးနိုင်းအသင်းကို ၁ း ၂ ဂိုးဖြင့် ရှုံးခြင်းဖြစ်သည်။
၁၉၈၄ ခုနှစ်တွင် မည်သည့် နိုင်ငံတကာ ပြိုင်ပွဲများတွင်မှ မြန်မာ့လက်ရွှေးစင် ဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါ။
၁၉၈၅ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ့လက်ရွှေးစင် ဘောလုံး အသင်း ပါဝင်ယှဉ်ပြိုင်ခြင်း မရှိပါ။
ပါဝင်ယှဉ်ပြိုင်ခြင်း မပြုရခြင်း အကြောင်းရင်းမှာ စိတ်ဝင်စားစရာ ကောင်းသည်။ ၁၉၈၅ ခုနှစ် ဆီးဂိမ်း သတင်းအဖွဲ့ကို ထိုစဉ်က လုပ်သားပြည်သူနေ့စဉ် အယ်ဒီတာအဖွဲ့ဝင် ဦးထွန်းသာ(မောင်ရဲဝင်း)ကို အဖွဲ့ခေါင်းဆောင် အဖြစ် ရွေးချယ် ထားသည်။
မောင်ရဲဝင်းက မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ခြေစမ်းပွဲများကို ကြည့်သည် ပြီးတော့ လက်ရှိ အနေအထားအရ ဆီးဂိမ်းတွင် အုပ်စုအဆင့်မှာပင် ရှုံးနိမ့်ပြီး ပြန်ခဲ့ရမည် ဟု ဆောင်းပါး ရေးသည်။ မောင်ရဲဝင်း မှတ်ချက်ကြောင့် လက်ရွေးစင် ဘောလုံးအသင်း ဆီးဂိမ်းသို့ မလွှတ်တော့ပါ။
ထိုနည်းတူစွာ မောင်ရဲဝင်းကိုလည်း သတင်းအဖွဲ့ ခေါင်းဆောင် အဖြစ်မှ ဖယ်ရှားခဲ့သည်။ ၁၉၈၆ ခုနှစ် အာရှ အားကစား ပွဲတွင်လည်း မြန်မာဘောလုံးအသင်း ပါဝင် ယှဉ်ပြိုင်ခဲ့ခြင်း မရှိပါ။
အင်ဒိုနီးရှား နိုင်ငံတွင် ၁၉၈၇ ခုနှစ်တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နည်းပြဆရာ အဖြစ် ဦးမောင်မောင်တင်က တာဝန်ယူခဲ့သည်။ ယင်း ဆီးဂိမ်း ဘောလုံးပြိုင်ပွဲသို့ လူငယ်သွေးသစ် ဘောလုံးသမား အင်အားစုဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ အုပ်စုပွဲတွင် မြန်မာအသင်းက မလေးရှားအသင်းနှင့် ၂ ဂိုးစီသရေ၊ စင်ကာပူအသင်းနှင့် ဂိုးမရှိ သရေကျသည်။ သုံးသင်းစလုံး အမှတ်တူသည်။ သွင်းဂိုး ၂ ဂိုးစီ ရထားသော မြန်မာနှင့် မလေးရှားတို့ အုပ်စု ပထမနှင့် ဒုတိယနေရာ အတွက် မဲနှိုက်ရသည်။ မြန်မာ နိုင်သည်။ အုပ်စုပထမ အင်ဒိုနီးရှားနှင့် ကစားရာ ၄ း ၁ ဂိုးဖြင့် ရှုံးသည်။ တတိယနေရာ လုပွဲအတွက် ထိုင်းအသင်းနှင့် ကစားရာတွင် ၄ း ၂ ဂိုးဖြင့် ရှုံးသည်။ ၁၉၈၉ ခုနှစ်တွင် ကျင်းပသည့် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ယှဉ်ပြိုင်ကစားသည်။ နည်းပြဆရာဖြင့် ဦးလှတင်(ကီး) က ဆောင်ရွက်သည်။ ၁၉၉၁ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် မြန်မာ့လက်ရွှေးစင် အသင်း နည်းပြဆရာ အဖြစ် ဦးအေးမောင်နှင့် ဦးမောင်မောင်တင်တို့က ဆောင်ရွက်သည်။
ယင်းသို့ မြန်မာနည်းပြ ဆရာများဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် ခဲ့ရာ အောင်မြင်မှု မရရှိခဲ့သဖြင့် ၁၉၉၂ ခုနှစ်ထဲတွင် နိုင်ငံခြားသား နည်းပြဆရာတဦးကို စတင် ငှားရမ်းခဲ့သည်။ မြန်မာ့ဘောလုံး အဆင့်အတန်း တိုးတက်ရေး အတွက် အထောက်အကူ ဖြစ်စေရန် နိုင်ငံခြား နည်းပြဆရာ ငှားရမ်းခဲ့ရာ ဂျာမနီနိုင်ငံမှ နည်းပြ မစ္စတာဝါနာအက်စ်ဘစ်ကယ်လာသည် မြန်မာနိုင်ငံသို့ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်တွင် ရောက်ရှိလာခဲ့သည်။

၎င်းသည် ဘောလုံးသမား ဘဝကို ၁၉၇၀ ပြည့်နှစ်က အနားယူပြီးနောက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)၏ နည်းပြဆရာ လက်မှတ် ရယူခဲ့သည်။ ၁၉၇၀ ပြည့်နှစ်မှ ၁၉၇၆ ခုနှစ်အတွင်း ဂျာမနီကြေးစား ဘောလုံးလောကတွင် ကလပ်အသင်း နည်းပြဆရာတဦးအဖြစ် ကျင်လည်ခဲ့သည်။
၁၉၇၇ ခုနှစ်မှ ၁၉၉၁ အထိ ၁၄ နှစ်တာကာလ အတွင်း သြစတြီးယား၊ တူရကီ၊ ဘင်္ဂလားဒေ့ရှ်၊ အီဂျစ်၊ ထိုင်း၊ အီရတ် စသည့် နိုင်ငံများတွင် နည်းပြဆရာ အဖြစ် ဆောင်ရွက်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်၌ လက်ရွေးစင် အသင်းကို ၁၉၇၈ နှင့် ၁၉၈၈ ခုနှစ်များက နှစ်ကြိမ်၊ အီဂျစ်သို့ ၁၉၈၀နှင့် ၁၉၈၁ ခုနှစ် များက လည်းကောင်း၊ ထိုင်းနိုင်ငံသို့ ၁၉၇၉ နှင့် ၉၁ ခုနှစ်များက လည်းကောင်း သွားရောက် တာဝန်ယူခဲ့သည်။ ၁၉၉၁ ခုနှစ် မနီလာအရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် ထိုင်းလက်ရွေးစင် အသင်း နည်းပြဆရာ အဖြစ်လည်း တာဝန်ယူခဲ့သည်။
မြန်မာ့ဘောလုံး အဆင့်အတန်း တိုးတက်မြင့်မားရေး အတွက် အထောက်အကူ ဖြစ်စေရန် နိုင်ငံခြား နည်းပြဆရာများ ငှားရမ်းရေး အစီအစဉ်အရ မြန်မာနိုင်ငံသို့ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က ရောက်ရှိလာခဲ့သော ဂျာမန် နည်းပြဆရာ မစ္စတာ ဝါနာအက်စ်ဘစ်ကယ်လာနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်များ အောက်တိုဘာ ၁၅ရက်က တွေ့ဆုံ ညှိနှိုင်းခဲ့ကြသည်။
ယင်း တွေ့ဆုံညှိနှိုင်းမှု၌ မစ္စတာဝါနာက ၎င်းအနေဖြင့် လစဉ်အမေရိကန်ဒေါ်လာ ၅၀၀၀ အသားတင် ရယူလိုကြောင်း၊ မြန်မာနိုင်ငံတွင် နေထိုင်စဉ် ကာလတလျောက်လုံး စားသောက်နေထိုင်သွားလာရေးတို့ အတွက် မြန်မာနိုင်ငံမှ တာဝန်ယူရမည့် အပြင် အသေးသုံး စရိတ်အတွက် မြန်မာကျပ်ငွေကို ရယူလိုကြောင်းနှင့် အသင်းအောင် မြင်မှုရရှိပါက ဘောလုံးအသင်းများအား ချီးမြှင့်သည့် ဆုကြေးငွေ အမျိုးအစားအတိုင်း မိမိရယူလိုကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
မစ္စတာဝါနာသည် မြန်မာနိုင်ငံသို့ ၁၉၉၂ ခုနှစ် အောက်တိုဘာလ ၁၄ ရက်တွင် ရောက်ရှိလာသည်။ နည်းပြတာဝန်ကို လက်ခံခဲ့ပြီးနောက် ပထမဆုံး ပြုပြင်ပြောင်းလဲမှု အဖြစ် မြန်မာနိုင်ငံတွင် လက်ခံကျင့်သုံးနေ ကြသည့် ၄း ၂း ၄ ကစားကွက် နေရာတွင် ၃း ၅း ၂ ကစားကွက်ကို အစားထိုးခဲ့သည်။ နည်းပြ ဝါနာ လက်ထက်တွင် မြန်မာ လက်ရွေးစင် ဘောလုံးအသင်း ၁၉၇၇ ခုနှစ်မှ ၁၉၉၃ အထိ ၁၆ နှစ်လုံးလုံး မရောက်ခဲ့သည့် နောက်ဆုံးဗိုလ်လုပွဲသို့ ၁၉၉၃ ခုနှစ် စင်ကာပူဆီးဂီမ်းတွင် တက်ရောက်နိုင်ခဲ့သည်။
၁၉၉၃ စင်ကာပူဆီးဂိမ်းတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စုအဆင့်၌ လာအိုကို ၇ း ၁၊ မလေးရှားကို ၂ း ၁၊ ဘရူနိုင်းကို ၇ း ၁ ဖြင့် နိုင်သည်။ ထိုင်းအသင်းကိုမူ ၀ း ၂ ဖြင့် ရှုံးသည်။ အုပ်စု ဒုတိယရသည်။ အကြို ဗိုလ်လုပွဲတွင် အိမ်ရှင် စင်ကာပူအသင်းကို ပယ်နယ်တီဂိုး အဆုံးအဖြတ်ကစားရာ ၅ း ၄ ဂိုးဖြင့်နိုင်သည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းကို ၃ း ၄ ဂိုးဖြင့် ရှုံးပြီး ဒုတိယ ရသည်။
မစ္စတာဝါနာမှာ ဘောလုံးပညာ တော်သလောက်၊ စာတို၊ စာရှည်ရေးရာတွင်လည်း ကျွမ်းကျင်သည်။ ဘောလုံး အဖွဲ့ချုပ် အပြစ် အနာအဆာများကို ထိုစဉ်က အတွင်းရေးမှူး ၁ ထံသို့ စာရေးပြီး တိုင်လေ့ရှိသည်။ စာချုပ် စေ့သောအခါ ထပ်မငှားတော့ဘဲ ပြန်လွှတ်လိုက်သည်။
မစ္စတာဝါနာ ရှိနေစဉ်မှာပင် ဟော်လန်နိုင်ငံမှ မစ္စတာ ဂါးဗလော့ဆိုသူကို ထပ်မံငှားရမ်းခဲ့သည်။ ၁၉၉၃ ခုနှစ်ထဲမှာပင် မြန်မာနိုင်ငံသို့ ရောက်သည်။ လူငယ်အသင်းကို လေ့ကျင့်ပေးရသည်။ ဝါနာပြန်သွားသော အခါ လူကြီး လက်ရွေးစင် အသင်းကို ဆက်လက်ကိုင်တွယ်သည်။ ၁၉၉၄ အာရှအားကစားပွဲနှင့် ၁၉၉၅ ဆီးဂိမ်းပြိုင်ပွဲ ဝင်ဘောလုံးအသင်းများကို နည်းပြခဲ့သည်။ သို့ရာတွင် မစ္စတာဂါဗလော့မှာလည်းမှန်ရာ ပြောတတ်သူ ဖြစ်သဖြင့် ထိုစဉ်က ဘောလုံး အသိုင်းအဝိုင်းနှင့် သဟဇာတ မဖြစ်သဖြင့် ၁၉၉၆ ခုနှစ်ထဲမှာပင် ဟော်လန်သို့ ပြန်သွားရသည်။
၁၉၉၇ ခုနှစ်တွင် ယူဂိုဆလားဗီးယားနိုင်ငံမှ နည်းပြဆရာ ရာတိုမာနုဗစ်ချ်ကို ထပ်မံငှားရမ်းခဲ့ပြန်သည်။ တနှစ်သာ ခံသည်၊ ပြန်ရတော့သည်။ ၁၉၉၈ ခုနှစ်တွင် လီယိုနစ်ပရိုကိုင်လော့စကီး ဆိုသူ ရုရှားနည်းပြဆရာကို ငှားပြန်သည်။ သူကတော့ စာချုပ်မစေ့ခင် သူ့သဘောနှင့်သူပြန်သွားပြန်သည်။
၁၉၉၉ ခုနှစ် ဇန်နဝါရီလတွင် ဘရာဇီးလူမျိုး ဘောလုံးနည်းပြ မစ္စတာမော်ရာဆင်စန်ကျူဒီမာယီနို ဆိုသူ ခေတ္တရောက် လာသည်။ ခဏတာ နေပြီးပြန်သွားသည်။ အင်္ဂလန်နိုင်ငံသား မစ္စတာ မာဖီကို ထပ်မံငှားရမ်း ခဲ့သည်။
၂၀၀၀ ပြည့်နှစ်တွင် ဆစ်ဒနီအိုလံပစ် ဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲဝင်သည့် မြန်မာ့လက်ရွှေးစင် ဘောလုံးအသင်းကိုမူ မြန်မာနည်းပြများ ဖြစ်ကြသည့် ဦးအေးမောင်လေးနှင့် ဦးခင်မောင်တင့်တို့က တာဝန်ယူခဲ့သည်။
၂၀၀၁ ခုနှစ်မှ စ၍ ယူ ၂၃ လက်ရွေးစင် အသင်း အာရှဘောလုံးလောကတွင် စတင် ပေါက်ဖွား လာခဲ့သောကြောင့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် နည်းပြဆရာ ဇာတ်လမ်းမှာ ၂၀၀၀ ပြည့်နှစ်မှာ တခန်းရပ်သည်။ ။