မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းအား ပါးရိုက်ခဲ့သော ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေး အမှုအတွက် ကျပ် ၁၅ သိန်း ဒဏ်ရိုက် အရေးယူကြောင်း သိရှိရသည်။
“ပါးရိုက်တဲ့ အမှုအတွက် ဒဏ်ငွေ ၁၅ သိန်း သတ်မှတ် ပါတယ်၊ အသင်းပိုင်ရှင်က ပါးရိုက်သော်လည်း သူ့စည်းကမ်း ဥပဒေအရ အသင်းကိုပဲ ဒဏ်ရိုက်လို့ ရပါတယ်၊ ဒဏ်ကြေးကိုတော့ အသင်းပိုင်ရှင်က ပေးဆောင်ရမှာ ဖြစ်တဲ့ အတွက် သူ့ကို ဒဏ်ရိုက် တယ် လို့ ပြောရင်လဲ ရပါတယ်”ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဌ ဦးခင်မောင်ထွေးက ပြော သည်။
ရန်ကုန်မြို့ အောင်ဆန်းကွင်းတွင် ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပခဲ့သည့် ရတနာပုံ ဘောလုံးအသင်းနှင့် ဇွဲကပင် ဘောလုံး အသင်း တို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဇွဲကပင် အသင်းက ဦးဆောင်ဂိုး ရရှိခဲ့သော်လည်း ရတနာပုံ အသင်းက ပင်နယ်လ်တီ ပြစ်ဒဏ်ဘောများမှ တဆင့် ချေပဂိုးများနှင့် အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် ၂ ဂိုး ၁ ဂိုးဖြင့် ရတနာပုံ အသင်းက အနိုင်ရရှိသွားသည်ကို မကျေနပ်သောကြောင့် ပွဲစဉ်အပြီး ထွက်လာသော ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းကို ဇွဲကပင် ဘောလုံးအသင်း ပိုင်ရှင် ဦးလှဌေး က ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့ခြင်း အပေါ် ပြစ်ဒဏ် ချမှတ်ခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်ကမ်းထိန်းသိမ်းရေး ကော်မတီက ဇွဲကပင် အသင်းအား အရေးယူရာတွင် အစည်းအဝေး နှစ်ကြိမ် ထိုင်ခဲ့ပြီး ဇွဲကပင် အသင်းမှ တင်ပြလာသည့် အသနားခံစာနှင့် ဒိုင် ကော်မတီမှ တင်ပြလာသည့် အစီရင်ခံစာ၊ ဓာတ်ပုံ ဗီဒီယို မှတ်တမ်းများ ကြည့်ရှုပြီးနောက် ဒဏ်ငွေရိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
မြန်မာ နေရှင်နယ်လ် လိဂ်(MNL)ရှိ ဘောလုံးကလပ် အသင်းများတွင် အဆင့်ဆင့် တာဝန်ရှိသူများသည် သတ်မှတ် စည်းကမ်းချက် များ အတိုင်း လိုက်နာ စောင့်ထိန်းရန်၊ အလားတူ ဖြစ်ရပ်မျိုး ထပ်မံ ပေါ်ပေါက်ခဲ့ပါက ကြီးလေးသော ပြစ်ဒဏ် ချမှတ်သွားမည် ဖြစ် ကြောင်း၊ ဒိုင်လူကြီးများ အနေဖြင့် ဘောလုံးပြိုင်ပွဲများ ချောမော ပြေပြစ်စွာ ကျင်းပ သွားနိုင်ရေးအတွက် အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်ရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ထုတ်ပြန်လိုက်သည်။
ဒိုင်လူကြီး တဦး ကိုယ်ထိလက်ရောက် အရိုက်ခံရခြင်းသည် တရားဥပဒေ အရ ဖြေရှင်း၍ ရနိုင်သော်လည်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ လူကြီးများကို လေးစားသောအားဖြင့် ယခု ဆုံးဖြတ်ချက်ကို ကာယကံရှင် ဒိုင်လူကြီးက လက်ခံကြောင်း ဒိုင် ကော်မတီ ဥက္ကဌ ဦးထွန်းလှအောင်က ဧရာဝတီသို့ ပြောသည်။
“ကိုယ့်ဘောလုံး အဖွဲ့ချုပ်က ဆုံးဖြတ်တာ ဆိုတော့ သူလည်း ကျေနပ်ပါတယ်၊ လူကြီးတွေရဲ့ အဆုံးအဖြတ် ဆိုတော့ လိုက်နာရမှာပါ၊ ပြီးတော့ သူတို့နှစ်ယောက်က ဆရာ တပည့်တွေလေ၊ ဇွဲကပင် အသင်းဘက်ကလည်း တောင်းပန်တာမျိုး ရှိပါတယ်၊ ဒီလူတွေ ဒီမျက်နှာတွေက အမြဲ တွေ့နေရမှာ”ဟု ဦးထွန်းလှအောင်က ပြောသည်။
ကွင်းလယ် ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ပါးရိုက်ခဲ့သူ ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးက မြန်မာ နေရှင်နယ်လိဂ်(MNL) ဘောလုံး ပြိုင်ပွဲများတွင် ဒိုင်လူကြီးများသည် အသင်းကြီးများကို ဦးစားပေးလေ့ ရှိပြီး အသင်းငယ်များကို နှိပ်ကွပ်လေ့ ရှိသောကြောင့် သည်းမခံနိုင်တော့ဘဲ ပါးရိုက်လိုက်မိခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်က ဧရာဝတီသို့ တယ်လီဖုန်းမှ တဆင့် ပြောဆိုခဲ့ သည်။
“အသင်းလေး၊ အသင်းငယ် ဆိုပြီးတော့ ဒီလို ဆက်ဆံတာ။ အသင်းလေးလဲ ပိုက်ဆံ အကုန်ခံပြီးတော့ လုပ်ရတာပဲကွာ၊ ကစား အား လည်း အဲဒီနေ့က အခွေတွေ တောင်းကြည့်ရင် သိနိုင်တယ်၊ ဒီကောင်တွေ ကျနော်တို့ကို လုံး၀ မယှဉ်နိုင်ဘူး၊ အခုက သက် သက်မဲ့ ယုတ်မာပြီး ရတနာပုံကို မနိုင် နိုင်အောင် လုပ်ပေးမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်ပေးလိုက်တာ၊ ပင်နယ်လ်တီတွေ လှိမ့်ပေး လိုက်တယ်၊ ဦးတို့ရမယ့် အလုံးကျတော့ ဘာလို့ မပေးတာလဲ၊ မတရားတာတွေ များလို့ စိတ်ထဲမှာ တော်တော်လေးလည်း ခံစားရတယ်၊ ၄ နှစ် လုံးလုံးရှိပြီ၊ တို့အသင်းငယ်တွေကို နှိပ်ကွပ်နေတာ”ဟု ဦးလှဌေးက ပြောပြခဲ့သည်။
ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်ကြီးများက ငွေကြေး သိန်းပေါင်းများစွာ အကုန်အကျခံပြီး မြန်မာ နေရှင်နယ်လိဂ် ဘောလုံး ပြိုင်ပွဲများ ကျင်းပ ပေးခဲ့သော်လည်း မြန်မာ အမျိုးသား လက်ရွေးစင် အသင်း အောင်မြင်မှုမရသည့် အပြင် ယခုကဲ့သို့ ပြဿနာပေါင်းစုံ တက်နေခြင်းကို ဘောလုံး အားကစား အသိုင်းအဝိုင်းက မေးခွန်းထုတ်လျက် ရှိသည်။