၂၀၁၄ ခုနှစ်မှာ မြန်မာ ဘောလုံးလောက အတွက် စိန်ခေါ်မှုပေါင်း များစွာကို ရင်ဆိုင်ရမည့် နှစ်ဖြစ်သည်။ အာရှ အားကစား ပြိုင်ပွဲ၊ AFC Challenge Cup ၊ ဆူဇူးကီးဖလား ဘောလုံးပွဲ၊ အသက် ၁၄ နှစ်အောက် (AFC U 14)၊ အသက် ၁၆ နှစ်အောက် (AFC U 16) ၊ အသက် (၁၉) နှင့်အောက် (AFC U 19) စသည့် အမျိုးသားများ အတွက် ဘောလုံးပြိုင်ပွဲများ ၂၀၁၄ ခုနှစ် ထဲတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
ထို့အတူ အမျိုးသမီး ဘောလုံးပြိုင်ပွဲများလည်း ရှိနေသည်။
အာရှဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ အမျိုးသမီး အသက် ၁၆ နှစ်နှင့်အောက် ခြေစစ်ပွဲ (AFC U 16) Women Championship 2015 Qualifiers ၊ အမျိုးသမီး ၁၉ နှစ်နှင့်အောက် အာရှတံခွန်စိုက် ပြိုင်ပွဲ၊ (AFC U 19) (Women’s Championship) တို့ ယှဉ်ပြိုင် ကစားရန် ရှိသည်။
အလားတူ အမျိုးသား (AFC U 22) ခြေစစ်ပွဲနှင့် (AFC Futsal) (အားကစားရုံအတွင်း ဘောလုံး ပြိုင်ပွဲ) နောက်ဆုံး ဗိုလ်လုပွဲအဆင့် ပြိုင်ပွဲလည်း ရှိနေသည်။
သို့ဖြစ်ရာ ၂၀၁၄ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားရမည့် ဘောလုံးပွဲပေါင်း ၁၀ ပွဲ တိတိရှိနေသည်။
ယခင်နှစ်များကလည်း ဤပွဲအရေအတွက်မျှ လောက်ပင် နိုင်ငံတကာ ပြိုင်ပွဲများတွင် မြန်မာနိုင်ငံက ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသားသက်တန်းအလိုက် ပြိုင်ပွဲအချို့နှင့် အမျိုးသမီးပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့သည်။ သို့သော် လက်ရွေးစင် အသင်းကြီးနှင့် U 23 အသင်းများမှာမူ အောင်မြင်မှု မရှိခဲ့ပါ။
လွန်လေပြီးသော အတိတ်ကာလ တခု၌ အာရှအားကစားပွဲ ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်း ရွှေတံဆိပ် ဆွတ်ခူး ခဲ့ဖူးသည်။ အာရှအားကစားပွဲ စတင်ကျင်းပသည့် ၁၉၅၁ ခုနှစ်မှပင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ရှုံးထွက်စနစ်ဖြင့် ကစားရသည်။ အီရန်ကို ၀ း ၂ ဂိုးဖြင့် ရှုံးသည်။
၁၉၅၄ ခုနှစ်တွင် ဖိလစ်ပိုင် နိုင်ငံ မနီလာတွင် ကျင်းပသည့် ဒုတိယအကြိမ်မြောက် အာရှအားကစားပွဲ ဘောလုံး ပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ၃ ပွဲနိုင် ၁ ပွဲသရေကျပြီး တတိယ ကြေးတံဆိပ် ဆုဆွတ်ခူးခဲ့သည်။
တရားဝင် ကျင်းပသည့် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွင် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း ပထမဆုံး ဆုတံဆိပ် ရရှိခြင်းပင် ဖြစ်သည်။
၁၉၅၄ ခုနှစ် အာရှအားကစားပွဲ ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် အုပ်စု (က) ၌ ပါကစ္စတန်၊ စင်ကာပူအသင်းတို့နှင့် ကစားရသည်။ စင်ကာပူအသင်းနှင့် တဂိုးစီ သရေကျသည်။ မြန်မာ အသင်း အတွက် ဆင်မြူရယ်သွင်းသည်။
ဒုတိယပွဲတွင် ပါကစ္စတန်ကို ၂ း ၁ ဂိုးဖြင့် နိုင်သည်။ ဆင်ဖြူရယ်နှင့် စိန်ဝေတို့ သွင်းသည်။ အုပ်စု ပထမ ရသည်။
အာရှအားကစား ဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲ အဖြစ် တောင်ကိုရီးယား အသင်းနှင့် ၁၉၅၄ ခုနှစ် မေ ၆ ရက် နေ့တွင် ကစားရ သည်။ ၂ ဂိုးစီသရေကျသည်။ မြန်မာအသင်းအတွက် ဆင်မြူရယ်နှင့် စတူးဝပ် သွင်းသည်။
ထိုစဉ်က အချိန်ပိုကစားခြင်း ပင်နယ်တီဂိုး အဆုံးအဖြတ် စသည်တို့ မရှိသေးသဖြင့် ခေါင်းပန်းလှန်၍ ဆုံးဖြတ်ရာတွင် ရှုံးသည်။ တတိယနေရာ အတွက် အင်ဒိုနီးရှားနှင့် ကစားရာ ၅း၄ ဂိုးဖြင့် နိုင်သည်။ ယင်းနောက် အာရှ အားကစားပွဲများ ဖြစ်သည့် ၁၉၅၈ တိုကျိုပြိုင်ပွဲတွင် အုပ်စုမှ ထွက်ရသည်။ ၁၉၆၂ ဂျာကာတာတွင် ဘောလုံး ဝင်မပြိုင်ပါ။ ၁၉၆၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ပဉ္စမ အကြိမ်မြောက် အာရှအားကစားပွဲ၊ ဘောလုံးပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ပထမဆုံး အာရှအဆင့် နိုင်ငံတကာ ဘောလုံး ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့ခြင်းပင် ဖြစ်သည်။
၁၉၆၆ ခုနှစ် ဘန်ကောက် အာရှအားကစားပွဲ ဘောလုံးပြိုင်ပွဲတွင် မြန်မာလက်ရွှေးစင် ဘောလုံးအသင်းသည် အိမ်ရှင် ထိုင်း၊ တောင် ကိုရီးယား အသင်းတို့နှင့် အတူ အုပ်စု (က) ၌ ကစားရသည်။ အုပ်စု (ခ) ၌ ဂျပန်၊ အီရန်၊ အိန္ဒိယ၊ အုပ်စု (ဂ) ၌ အင်ဒိုနီးရှား၊ စင်ကာပူ၊ တောင်ဗီယက်နမ်၊ တရုတ် (တိုင်ပေ) တို့ပါဝင် ကစားကြရသည်။
ဘောလုံးပွဲ ယှဉ်ပြိုင် ကစားရသည့် စနစ်မှာ အုပ်စုတခုစီမှ ပထမနှင့် ဒုတိယရသည့် အသင်းခြောက်သင်းကို သုံးသင်း တအုပ်စုစီဖြင့် ကွာတားဖိုင်နယ် အဆင့်ကစားရ သည်။ အုပ်စုဒုတိယ အဆင့်တွင် အနိုင်ရကြသည့် လေးသင်းက အကြိုဗိုလ်လုပွဲ ကစားရသည့် စနစ်ဖြစ်သည်။
၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ကစားသည့် ပထမပွဲတွင် မြန်မာက တောင်ကိုရီးယားကို အနိုင်ရရှိခဲ့သည်။ မြန်မာ ၁ ဂိုး (ဟန်သိန်း)၊ တောင်ကိုရီးယား ၀ ဂိုး။ မြန်မာအသင်းတွင် တင်အောင် (ဂိုး)၊ သန်းလွင်၊ ကျော်သောင်း၊ စိုးမြင့် (တင်ဟန်)၊ နောက်တန်း ဗဟာဒူး၊ အေးမောင်ကြီး၊ လှဌေး၊ ဇာပု၊ ဟန်သိန်း၊ လှကြည်၊ အောင်ခင် တို့ ပါဝင်ကစားသည်။
၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ထိုင်းအသင်းနှင့် ကစားသည့် ပွဲတွင် သရေကျသည်။ မြန်မာ ၁ ဂိုး (ဘပု)၊ ထိုင်း ၁ ဂိုး။
ကွာတားဖိုင်နယ် အဆင့် သုံးသင်းပတ်လည် အမှတ်ပေးစနစ်ဖြင့် ကစားရာ အင်ဒိုနီးရှား၊ အီရန် အသင်းတို့နှင့် ကစားရသည်။
ပထမ ကွာတားပွဲတွင် မြန်မာ ၂ ဂိုး (ဟန်သိန်း၊ အောင်ခင်) နှင့် အင်ဒိုနီးရှား ၂ ဂိုး ရရှိသည်။
ဒုတိယ ကွာတားပွဲတွင် မြန်မာက အီရန်ကို အနိုင်ရသည်။ မြန်မာ ၁ ဂိုး (ဗဟာဒူး)နှင့် အီရန် ဂိုးမရှိ။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ကွာတားဖိုင်နယ်အဆင့် အုပ်စုပွဲစဉ်တွင် တပွဲနိုင်၊ တပွဲသရေဖြင့် အုပ်စုပထမဖြင့် အကြိုဗိုလ်လုပွဲ တက်ရောက်သည်။
အကြိုဗိုလ်လုပွဲတွင် တဖက်အုပ်စုမှ ဒုတိယရသည့် စင်ကာပူအသင်းနှင့် ကစားရာ လှကြည်နှင့် ဘပုတို့ သွင်းဂိုးများဖြင့် အနိုင် ရသည်။
၁၉၆၆ ခုနှစ် အာရှအားကစားပွဲ၊ ဘောလုံးနောက်ဆုံး ဗိုလ်လုပွဲကို ထိုင်းနိုင်ငံဘန်ကောက်ရှိသည့် အမျိုးသား အားကစား ပြိုင်ဝင်းတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကစားသည်။ မြန်မာအသင်းက ဘပုအပိုင်ပို့ ပေးသည့် ဘောလုံးကို အောင်ခင်က တိကျသေချာစွာ သွင်းသည့် တလုံးတည်းသော ဂိုးဖြင့် အီရန်အသင်းကို နိုင်သည်။ အာရှ အားကစားပွဲ ဘောလုံးရွှေတံဆိပ်ကို ဆွတ်ခူးခဲ့သည်။
မြန်မာလက်ရွေးစင် ဘောလုံးအသင်း အနေဖြင့် နိုင်ငံတကာ ဘောလုံးပြိုင်ပွဲတွင် ပထမဦးစွာ ဆွတ်ခူးနိုင်သည့် ရွှေတံဆိပ်ပင် ဖြစ်သည်။ ၁၉၆၅ မလေးရှားကျွန်းဆွယ် အားကစားပြိုင်ပွဲတွင် ရရှိသည့် ရွှေတံဆိပ်မှာ ထိုင်းအသင်းနှင့် ပူးတွဲပထမရခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ၁၉၇၀ ပြည့်နှစ်တွင် ကျင်းပသည့် အာရှအားကစားပွဲ၊ ဘောလုံး ပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲ တက်သည်။ တောင်ကိုရီးယား အသင်းနှင့် ပူးတွဲ ရွှေတံဆိပ်ရသည်။
ယခုအခါ အာရှအားကစားပွဲ၊ ဘောလုံးပြိုင်ပွဲများမှာ အသက် ကန့်သတ်လိုက်ခြင်းဖြင့် အဆင့်အတန်းနှိမ့်ချ လိုက်သည်။ ယူ ၂၃ လက်ရွေးစင် အသင်းအနေဖြင့် အာရှ အားကစားပွဲ ဘောလုံးပွဲတွင် ရွှေတံဆိပ် မျှော်လေတိုင်း ဝေးနေဆဲ ဖြစ်သည်။
မည်သို့ပင် ရှိစေကာမူ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့လျှင် မြန်မာ U 23 လက်ရွေးစင် ဘောလုံးအသင်း အင်ချွန် အားကစား ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်စေသင့် ပါသည်။
ဝင်ခွင့်ရသည် ဟုဆိုရခြင်းမှာ အာရှ အားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်း အားလုံးမှာ မြန်မာ အိုလံပစ်ကော်မတီက ရွေးချယ်စေလွှတ်မှသာ ယှဉ်ပြိုင်နိုင် သောကြောင့် ဖြစ်ပါသည်။
ဆူဇူကီးဖလား၏ မူလမြစ်ဖျားခံရာမှာ တိုက်ဂါးဖလား ဘောလုံးပြိုင်ပွဲ ဖြစ်သည်။ ပထမဆုံး စတင်ကျင်းပသည့် တိုက်ဂါးဖလား ဘောလုံးပြိုင်ပွဲကို စင်ကာပူနိုင်ငံ၌ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၁၅ ရက်အထိ ကျင်းပခဲ့သည်။ အာဆီယံ ၁၀ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ၁၉၉၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ မြန်မာ့လက်ရွေးစင် အသင်း ပထမဆု မရရှိခဲ့သေးပါ။
၂၀၁၄ ခုနှစ် ဆူဇူကီးဖလား အတွက် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း ခြေစစ်ပွဲမှ စ၍ ယှဉ်ပြိုင်ရမည် ဖြစ်သည်။ အောက်တိုဘာလ ၁၀ ရက်မှ ၁၁ ရက်နေ့ အထိ လာအိုနိုင်ငံတွင် ကျင်းပမည် ဖြစ်သည်။
ခြေစစ်ပွဲအောင်မှ အုပ်စုပွဲတွင် ဝင်ပြိုင်ရမည် ဖြစ်သည်၊ အုပ်စု အဆင့်ပွဲများကို စင်ကာပူနိုင်ငံတွင် နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၁၉ ရက်အထိ ပြုလုပ်မည် ဖြစ်သည်။ အကြို ဗိုလ်လုပွဲများမှာ အိမ်ကွင်းအဝေးကွင်း စနစ်ဖြင့် ကစားရမည် ဖြစ်သည်။ ဒီဇင်ဘာလ ၆ ရက်မှ ၂၀ ရက်နေ့ အထိ ဖြစ်သည်။
အာရှ U 16 ပြိုင်ပွဲကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၆ ရက်မှ ၂၀ ရက်နေ့ အထိ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပမည် ဖြစ်သည်။ (AFC U 19) ပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် စက်တင်ဘာလ ၉ ရက်မှ ၂၃ ရက် အထိ ကျင်းပမည် ဖြစ်သည်။
မြန်မာနိုင်ငံက ဝင်ရောက်ယှဉ်ပြိုင်မည့် အာရှအဆင့် လက်ရွေးစင် အသင်းကြီး ယှဉ်ပြိုင်ရမည့် ဘောလုံးပွဲ တပွဲနှင့် သက်တမ်းအလိုက် ပြိုင်ပွဲ ၂ ပွဲရှိသည်။
မြန်မာအမျိုးသမီး လက်ရွေးအသင်းကြီးသည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းတွင် ၂၀၁၄ ခုနှစ် မေလ ၁၄ ရက်မှ ၂၅ ရက် အထိ ကျင်းပ မည့် “AFC Women Asia Cup 2014” ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းပြိုင်ပွဲမှ ပထမမှ ပဉ္စမအဆင့် အထိ ရရှိသည့် အသင်း ၅ သင်း၊ ကမ္ဘာ့အမျိုးသမီး ဘောလုံးပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည်။
မြန်မာအမျိုးသမီး (U 16) နှင့် (U 19) အသင်းများလည်း ၂၀၁၄ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာလများ အတွင်း နိုင်ငံတကာ ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားရန် ရှိနေသည်။
နိုင်ငံတကာ ပြိုင်ပွဲများတွင် အမျိုးသမီး အသင်းများ ရွှေတံဆိပ်ဆုများ ဆွတ်ခူးခဲ့ဖူးသော်လည်း အမျိုးသား လက်ရွေးစင် အသင်းကြီးနှင့် (U 23) အသင်းတို့မှာ ရွှေတံဆိပ် မျှော်လေတိုင်းဝေး ဖြစ်နေသည်။
၂၀၁၄ ခုနှစ် အတွင်းမှာ အောင်မြင်မှုများရခဲ့လျှင် ၂၀၁၅ စင်ကာပူ ဆီးဂိမ်းအတွက် ရွှေရောင် မျှော်လင့်ချက်များ ရှိနိုင်သည်။ ။