နိုင်ငံတိုင်းတွင် အားကစားနှင့် ပတ်သက်လာလျှင် ခံယူကျင့်သုံးကြသည့် အခြေခံမှာ အားလုံး အတူတူပင် ဖြစ်သည်။ နိုင်ငံသူ နိုင်ငံ သားများ အားကစား လိုက်စားကြခြင်းဖြင့် ကျန်းမာကြံ့ခိုင်စေရန် ဖြစ်သည်။ အားကစား လိုက်စားကြသူများထဲမှ အားကစားနည်း အလိုက် ရွေးချယ်ကာ အဆင့်မြင့် အားကစား နည်းပညာရပ်များကို သင်ကြား လေ့ကျင့်ပေးပြီး လက်ရွေးစင် အားကစားသမား အဖြစ် နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် ဝင်ရောက် စေသည်။
နိုင်ငံတနိုင်ငံ၏ အားကစား တိုးတက်အောင်မြင်မှုကို နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် အောင်မြင်မှုများဖြင့် ဆုံးဖြတ်လေ့ ရှိသည်။
နိုင်ငံတကာ အားကစား ပြိုင်ပွဲတွင် အောင်မြင်ခြင်းမှာ ပြည်တွင်း အားကစား လှုပ်ရှားမှုများတွင် အခြေခံသည်။ ပြည်တွင်း၌ အားကစား လှုပ်ရှားမှုများ အားနည်းလျှင် နိုင်ငံတကာ အောင်မြင်မှုများ ရရှိရန် ခဲယဉ်းသည်။
မြန်မာနိုင်ငံသည် ပြီးစီးခဲ့သည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပွဲတွင် ရွှေတံဆိပ် ၈၆ ဆု ဆွတ်ခူးပြီး ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံအနက် ဒုတိယ ရွှေတံဆိပ် အများဆုံး ဆွတ်ခူးနိုင်ခဲ့သည်။
အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ စတင်သည့် ၁၉၅၉ ခုနှစ်မှ စကာ ၂၀၁၁ ဂျကာတာဆီးဂိမ်း အထိ ရွှေတံဆိပ် အများဆုံး ရရှိသဖြင့် ပြိုင်ပွဲအနေဖြင့် အောင်မြင်မှုရသည်။
မြန်မာနိုင်ငံ နေပြည်တော်ကို ဗဟိုပြု၍ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့တွင် ကျင်းပခဲ့သည့် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း) သည် မြန်မာနိုင်ငံ၏ လက်ရှိ အားကစား အခြေအနေကို ဖွင့်လှစ်ပြသခဲ့သည့် အားကစားပွဲ တရပ်ဟု စာရေးသူ အနေဖြင့် သုံးသပ်မိသည်။
ပြိုင်ပွဲတွင် ရွှေတံဆိပ် ၈၆ ဆု ဆွတ်ခူးနိုင်သဖြင့် ဆုရရှိမှုအပေါ် အခြေခံ၍ စဉ်းစားလျှင် မြန်မာအားကစား တိုးတက်သည်။ သို့သော် အားကစား အဆင့်အတန်းကား မတိုးတက်ပါ။ အဘယ်ကြောင့် ဆိုသော် နိုင်ငံတကာတွင် ထည့်သွင်း ကျင်းပလေ့ရှိသည့် နိုင်ငံ တကာနှင့် အိုလံပစ် အားကစား နည်းများတွင် တိုးတက်မှု မရှိခြင်းကြောင့် ဖြစ်သည်။ ရေကူးနှင့် ပြေးခုန်ပစ် အားကစား နည်းတို့မှာ နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် မထည့်မဖြစ် ထည့်သွင်း ကျင်းပသည့် အားကစားနည်း နှစ်မျိုး ဖြစ်သည်။ ယင်း အားကစား နည်း နှစ်မျိုးစလုံး ပြီးခဲ့သည့် နေပြည်တော် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အောင်မြင်မှု မရခဲ့ပါ။ ပြေးခုန်ပစ်က ရွှေတံဆိပ် နှစ်ဆုသာ ရသည်။ ပြိုင်ပွဲတွင် ၄၆ ဆု ပေးသည်။ ရေးကူးက ကြေးတံဆိပ် ၁ ဆုသာ ရသည်။
မြန်မာနိုင်ငံသည် ပြေးခုန်ပစ်နှင့် ရေကူး အားကစား နည်းတို့၌ အာရှအဆင့် အထိအောင်မြင်ဖူးသည့် နိုင်ငံဖြစ်သည်။ ပြေးခုန်ပစ်နှင့် ရေကူး အဆင့်အတန်းမှာရှေ့သို့တက်ရမည့် အစား နောက်သို့သာ ပြန်ကျနေသည်။
ဘောလုံး အားကစားနည်းမှာ ယခုအခါ ကမ္ဘာ့ အားကစားနည်း ဖြစ်နေသည်။ မြန်မာနိုင်ငံကလည်း တချိန်က အာရှ အဆင့် ကျော်လွန်ကာ ကမ္ဘာ့အိုလံပစ် အဆင့်အထိ တက်လှမ်းနိုင်ခဲ့ဖူးသည်။ သို့ရာတွင် အရှေ့တောင် အာရှ အားကစားပွဲ စတင်သည့် ၁၉၇၇ ခုနှစ်မှ စကာ ၂၀၁၃ နေပြည်တော် ဆီးဂိမ်းအထိ ရွှေတံဆိပ် မရဘူးသေး။ ယင်းမှာ အံ့သြစရာ ကောင်းသည်။ အခြား နိုင်ငံများနည်းတူ အပျော်တမ်း စနစ်မှ ကြေးစားတန်း စနစ်သို့ ပြောင်းသော်လည်း မအောင်မြင်သေး သည်မှာ စဉ်းစားစရာ ကောင်းသည်။
တချိန် တခါက ဘောလုံးသမားများ မွေးထုတ်ပေးသည့် တက္ကသိုလ်၊ တပ်မတော် (ကြည်း၊ရေ၊လေ) နှင့် ပြည်နယ်နှင့် တိုင်း ဘော လုံး ပြိုင်ပွဲများမှ ဘောလုံးသမား ကောင်းများ ပေါ်ထွက်မလာသည်မှာ ဆယ်စုနှစ် တခု မကတော့ပါ။ ဘောလုံး အားကစားနည်းမှာ အထက်အဆင့်တွင် အစစအရာရာ ပြည့်စုံလုံလောက် နေသော်လည်း အောက်ခြေတွင်မူ ဘောလုံးကွင်းများပင် မရှိတော့ပါ။
ဘောလုံး အားကစားနည်းတွင် ပုံသေကောက်ချက် ဆွဲဖို့ ခက်သည်။ ဘောလုံး အဆင့်အတန်း ကျဆင်းသည် ဆိုရာဝယ် အမျိုးသား လက်ရွေးစင် အသင်းများသာ ကျဆင်းနေပြီး အမျိုးသမီး ဘောလုံးလက်ရွေးစင် အသင်းကမူ အာရှအဆင့်တွင် နှစ်စဉ်လိုလို ရောက် ရှိနေသည်၊ ရောက်မယ်သာ ရောက်သည် အမျိုးသမီး ကလပ်အသင်း မရှိပါ။ အမျိုးသမီး ဘောလုံးလိဂ် မရှိပါ။ တခါ တခါ ပြည်နယ်နှင့် တိုင်း ဘောလုံးပွဲသာ ရှိပါသည်။
ယခု ၂၀၁၄ ခုနှစ် အတွင်း စိန်ခေါ်မှုများကို အမျိုးသားလက်ရွေးစင် ဘောလုံးအသင်းများ မည်ကဲ့သို့ ရင်ဆိုင်မည်ကို မြန်မာ ဘော လုံး ဝါသနာရှင်များက စောင့်ကြည့်နေ ကြသည်။
၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် လက်ဝှေ့ အားကစားနည်းက ရွှေတံဆိပ် ၂ ဆုသာ ဆွတ်ခူး နိုင်ခဲ့သည်။ အမျိုးသမီး လက်ဝှေ့သမား တဦးက တဆု ဆွတ်ခူးခြင်း ဖြစ်သည်။
ကျားသစ်လို ရဲရင့်၍ ပိတောက်နှစ်လို မာကျောသော (ကျားဘငြိမ်း) လို မြန်မာ လက်ဝှေ့သမားများ ပေါ်ထွက် မလာသည်မှာ ကြာပြီ ဖြစ်သည်။ ပြည်တွင်းမှာပင် ရွှေတံဆိပ် အရနည်းလျှင် ၂၀၁၅ စင်ကာပူ ဆီးဂိမ်း အတွက် ရင်လေးစရာ ကောင်းသည်။
ပုဂ္ဂလိက လက်ဝှေ့ ကလပ်များလည်း မရှိတော့ပါ။ တိုင်းစစ်ဌာနချုပ်များမှ လက်ဝှေ့သမား စစ်သည်တော်များ ကလည်း လက်အိတ် မစွပ်အားသေးကြပါ၊ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ဟု ပြော ပြောနေရင်း တိုက်ခိုက်နေကြဆဲ ဖြစ်သည့် ကိုစစ်သည်တော်များ မအားကြသေးပါ။
အလေးမ အားကစားနည်းတွင် ထွန်းမောင်က ကမ္ဘာ့ပြိုင်ပွဲတွင် ၂ ကြိမ်ဆက်တိုက် တတိယ ရဖူးသည်။ အာရှ အားစား ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးသည်။ အောင်ကြီးကလည်း မြူးနစ် ကမ္ဘာ့ အိုလံပစ်တွင် ကမ္ဘာ့စံချိန် တင်သည်အထိ အောင်မြင်ခဲ့သည်။ ၂၀၁၃ တွင် ရွှေတံဆိပ် ၁ ဆုသာ ရသည်။ အမျိုးသား မဟုတ်၊ အမျိုးသမီး ဖြစ်သည်။ အလေးမ အားကစားနည်းက မျိုးဆက် ၂ ခု ပြတ်သွား သည်။ သင်ကြားပြသမည့် နည်းပြဆရာ မျိုးဆက်နှင့် ယှဉ်ပြိုင်ကြမည့် အားကစားသမား မျိုးဆက် ဖြစ်သည်။
အရှေ့တောင် အာရှအဆင့်တွင် ဘော်လီဘော အားကစားနည်းက မြန်မာနိုင်ငံ အတွက် ရွှေတံဆိပ်များ ဆွတ်ခူးခဲ့သည်။ ထိုင်း၊ အင်ဒိုနီးရှားတို့ကို နိုင်ပြီး ရွှေတံဆိပ် ရဖူးသည်။ ယင်းသည် အတိတ်ကာလ တချိန်က ဖြစ်ပြီး နောက်ပိုင်းတွင်မူ “ရွှေ”နှင့် ဝေးနေ သည်မှာ ကြာပြီ ဖြစ်သည်။ နေပြည်တော် ဆီးဂိမ်းတွင် ထိုင်း၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှား တို့နောက်မှ စတုတ္ထသာ ရသည်။
အရှေ့တောင်အာရှ အားကစားပွဲ၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို မြန်မာအမျိုးသမီး အသင်းက ရွှေတံဆိပ်ဖြင့် စဖွင့်သည်။ ၁၉၆၅ (မလေးရှား)၊ ၁၉၆၇ (ထိုင်းတွင် ဒုတိယ) ဆုနှင့် ၁၉၆၉ (ရန်ကုန်) တွင် စင်ကာပူနှင့် နှစ်သင်းတည်း ပြိုင်ပြီး ပထမရသည်။
ဤသည်တို့မှာ အတိတ်မှ အရိပ်ဖြစ်သည်။ ၂၀၁၃ တွင် စတုတ္ထသာရသည်။ ဘော်လီဘော အဆင့်အတန်းမြှင့်တင်ရေး မြန်မာအမျိုး သမီး ဘော်လီဘောသမား ၂ ဦး ထိုင်းသို့ သွား၍ လေ့ကျင့်မည်ဟု သတင်းကြားရသည်။ ၂ ရှေ့မှ ၁ ပြုတ်ကျန်ခဲ့ဟန် တူသည်။ ဘော်လီဘော အသင်းမှာ ကစားသမား ၁၂ ဦးဖြင့် ဖွဲ့စည်းပြီး ၆ ယောက်ပွဲ ဦးထွက် ကစားရသည်။
သဲသောင်ပြင် ဘော်လီဘောတွင်မူ ၂ ယောက်တည်း ကစားရသည်။ သတင်းထဲတွင် မြန်မာအမျိုးသမီး ဘော်လီဘော ကစားသမား နှစ်ဦး ထိုင်းသွားလေ့ကျင့်မည် ဟုသာ ပါသည်။ သဲသောင်ပြင် ဘော်လီဘောအတွက် ဖြစ်ဟန်တူပါသည်။
သေနတ်ပစ် အားကစားနည်းမှာလည်း အရှေ့တောင်အာရှ အဆင့်တွင် မြန်မာလက်ဖြောင့် သမားများ အောင်မြင်မှု ရရှိခဲ့သည်။ သို့ရာတွင် ၂၀၁၃ တွင် တော့ ရွှေတံဆိပ် ၁ ဆုသာရပါသည်။
နောက်မှ ပေါ်လာသည့် အားကစားနည်း ဖြစ်သော်လည်း မြားပစ် အားကစားနည်းမှာ အောင်မြင်မှု ရှိခဲ့သည်။ ၂၀၁၁ ဂျကာတာ ဆီးဂိမ်း တွင် ရွှေတံဆိပ် ၃ ဆု ဆွတ်ခူးခဲ့သော်လည်း ၂၀၁၃ တွင်မူ ရွှေတံဆိပ် ၁ ဆုသာ ရတော့သည်။ မြန်မာ အမျိုးသမီးမြားပစ် ချန်ပီယံ အောင်ငှိမ်း ကလည်း အနားယူသွားပြီ ဖြစ်သည်။
ဝူရှူးက ရွှေ ၅၊ တိုက်ကွမ်ဒိုက ရွှေ ၄၊ ဂျူဒိုက မူရွှေ ၄ ဆွတ်ခူး ခဲ့သည်။ စင်ကာပူ ဆီးဂိမ်းတွင် အောင်မြင်မှု မည်သို့ ရှိမည်ကို ထပ်မံ ကြည့်ကြရဦးမည်။
မြန်မာနိုင်ငံတွင် အားကစားနှင့်ပတ်သက်၍ နားလည်မှုမှားနေသည့် အရေးကြီးသော အချက်တချက် ရှိသည်။ အများစုက အား ကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် များများရလျှင် အားကစား အောင်မြင်သည်ဟု တွေးထင်မှတ်ယူ ထားကြသည်။ ယင်း အတွေးအခေါ် အယူအဆသည် မှားသည်။
အမှန်မှာ အားကစား အဆင့်အတန်းရှိမှ နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် အပါအဝင် ဆုတံဆိပ်များ ရရှိနိုင်သည်။ အားကစား အဆင့်အတန်း မရှိခဲ့လျှင်၊ အားကစား အဆင့်အတန်း နိမ့်ကျနေခဲ့လျှင် နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှု မရှိနိုင်ပါ။
နိုင်ငံတကာ အားကစား ပြိုင်ပွဲကြီးများတွင် အောင်မြင်၍ ဆုတံဆိပ်များ ရယူလိုကြလျှင် မြန်မာနိုင်ငံတွင် အားကစား လှုပ်ရှားမှုများကို စံနစ်တကျ ပြန်လည် စတင်သင့်ပြီ ဖြစ်သည်။ အများတပြေးညီ ရှိဖို့က သာ၍အရေးကြီး သည်။ ပြည်တွင်း အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာလျှင် နိုင်ငံတကာ ပြိုင်ပွဲများတွင် အောင်မြင်မှု ရရှိလာ မည်မှာ မုချမလွဲ ဧကန်ဖြစ်သည်။
ပြည်တွင်း၌ အားကစားများ တိုးတက်ရန် အတွက် မြန်မာပြည် အိုလံပစ် ကော်မတီ၏ ဦးဆောင်မှု၊ ပြည်ထောင်စု အားကစား ဝန်ကြီးဌာန၏ ပံ့ပိုး ကူညီမှုဖြင့် အားကစား အဖွဲ့ချုပ်များ၊ ပညာရေး၊ ကာကွယ်ရေး စသည့် ဝန်ကြီး ဌာနများ အပါအဝင် ပြည်သူတရပ်လုံးတွင် တာဝန်ရှိနေပါသည်။
အားလုံးညီညီညွတ်ညွတ် စုပေါင်း၍ စိတ်ကောင်း၊ စေတနာကောင်းများ ထားရှိကာ မြန်မာ့ အားကစား အဆင့်အတန်း မြင့်မားရေး ဆောင်ရွက်ကြပါရန် တင်ပြလိုက်ရပါသည်။ ။