ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပမယ့် ၂၀၁၄ ဘိုင်ယန်မြူးနစ် လူငယ်ဖိတ်ခေါ် ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ အတွက် အသက် ၁၄ နှစ်နဲ့ ၁၆ နှစ်အကြား လူငယ်ကစားသမား ၅ ဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) က ရွေးချယ် လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
ဘိုင်ယန်မြူးနစ် လူငယ်ဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံက ကစားသမား ၅ ဦးစီ ပါဝင်တဲ့ အရှေ့တောင် အာရှ အာဆီယံ နိုင်ငံများကိုယ်စားပြု အသင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပြီး မြန်မာကစားသမား ၅ ဦးကိုတော့ အခုလ ၁၀ ရက် နေ့က အပြီးသတ် ရွေးချယ်လိုက်တာလို့ MFF လက်ရွေးစင် အသင်းများဌာန တာဝန်ခံ ဦးတင်မြင့်အောင်က ပြောပါတယ်။
“ကျနော်တို့ အနေနဲ့ ရွေးချယ်ရေးအဖွဲ့ ဖွဲ့ပြီးတော့မှ ဘောလုံး အခြေခံ နည်းစနစ်ကျွမ်းကျင်မှု၊ ကျန်းမာကြံ့ခိုင်ပြီး လျင်မြန်တဲ့ လူတွေ၊ ဖြတ်ထိုးဉာဏ် ကောင်းတဲ့လူတွေကို သေချာစိစစ် ရွေးချယ်ခဲ့တာပါ”လို့ ဦးတင်မြင့်အောင်က ဧရာဝတီကို ပြောပါတယ်။
ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ကျင်းပမှာ ဖြစ်တဲ့ ၇ ယောက်တသင်းစီ ယှဉ်ပြိုင်ကြမယ့် အဲဒီ့ပြိုင်ပွဲဟာ အရည်အသွေးမြင့် လူငယ် ကစား သမားတွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပြီး ကျင်းပပေးတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အောင်ဆန်းကွင်းမှာ မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူငယ်ကစားသမား ရွေးချယ်ပွဲမှာ မြန်မာနေရှင်နယ်လိဂ် (MNL) ကလပ် အသင်းတွေက ထူထောင်ထားတဲ့ ဘောလုံး အကယ်ဒမီတွေ၊ ကစားသိပ္ပံက လူငယ် ဘောလုံးသမား တွေ အပြင် အသက် ၁၄ နှစ် နဲ့ ၁၆ နှစ် အကြား ပြင်ပ ဝါသနာရှင်လူငယ်တွေလည်း လာရောက်ခဲ့ပြီး စုစုပေါင်း ၉၈ ဦး လာရောက် ရွေးချယ်ခံခဲ့ကြတယ်လို့ သိရ ပါတယ်။
ဘောလုံး ဝါသနာရှင်လူငယ် အများအပြား လာရောက် ရွေးချယ်ခံခဲ့ ကြပေမယ့် ဘောလုံးနဲ့ အမြဲထိတွေ့နေတဲ့ လူငယ်တွေကို ဦးစားပေး ရွေးချယ်ခဲ့တာ လို့လည်း ဆိုပါတယ်။ ရွေးချယ်ထားတဲ့ အထဲမှာ နေပြည်တော် အကယ်ဒမီက အောင်ဖြိုးသာ၊ ဘုန်းသစ္စာမင်း၊ မြန်မာဘောလုံး အကယ်ဒမီ က ဈာနေယျသူ၊ ကျော်လွင်မိုးနဲ့ မန္တလေး အားကစားနဲ့ ကာယပညာသိပ္ပံက မောင်မောင် တို့ ၅ ဦး ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံအနေနဲ့ရော ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ပါ အရင်က မြန်မာနိုင်ငံရဲ့ ဘောလုံး ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ ပျိုးထောင်ပံ့ပိုးမှုတွေ မရှိပေမယ့် အခုလို မြန်မာနိုင်ငံကို ဖိတ်ခေါ်လာတာဟာ လူငယ်ကစားသမားတွေ အတွက် အားတက်စရာ ဖြစ် တယ်လို့ ဦးတင်မြင့်အောင်က ပြောပါတယ်။
“ဒါပထမဆုံး ဖိတ်ခေါ်တာ ဖြစ်ပါတယ်၊ သူတို့ အနေနဲ့ အရှေ့တောင်အာရှ ဈေးကွက်ကို ချဲ့ထွင်ချင်တဲ့ သဘောလည်း ရှိတယ်လို့ ယူဆပါတယ်၊ ဘာပဲဖြစ်ဖြစ် အခုလိုပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရတဲ့အတွက် ကျနော်တို့ နိုင်ငံက လူငယ် ကစားသမားတွေ အတွက် နိုင်ငံတကာ အတွေ့အကြုံတွေ ရလာမှာပါ”လို့ ဆိုပါတယ်။
ရွေးချယ်ထားတဲ့ ကစားသမား ၅ ဦးဟာ ထိုင်းက ရွေးချယ်ထားတဲ့ ၅ ဦးနဲ့ ပေါင်းစပ်ပြီး မေလ ၁၂ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ၄ ရက်ကြာ ထိုင်းကိုသွားပြီး ပူးတွဲလေ့ကျင့်ကြမှာ ဖြစ်ပြီး မေလ ၁၇ ရက်နေ့မှာတော့ ဂျာမနီနိုင်ငံကို ထွက်ခွာကြမှာ ဖြစ်ပါတယ်။
၂၀၁၄ ဘိုင်ယန်မြူးနစ် လူငယ် ဖိတ်ခေါ်ဖလားပြိုင်ပွဲကို မေလ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပြီး ပြိုင်ပွဲမှာ မြန်မာ-ထိုင်း နှစ်နိုင်ငံ ပူးပေါင်း အသင်းဖြစ်တဲ့ အရှေ့တောင်အာရှ အာဆီယံ အသင်း အပါအဝင် အိမ်ရှင် ဂျာမနီ၊ အီတလီ၊ အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ တရုတ် အသင်းတို့ စုစုပေါင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ကြောင်း သိရပါတယ်။