ကိုယ်ရေးကိုယ်တာ အကြောင်းကို တင်ပြလိုပါသည်။ ကိုယ်ရေးကိုယ်တာ ဆိုရာ၌ စာရေးသူ၏ ပုဂ္ဂလိက ဆိုင်ရာ ကိုယ်ရေး ကိုယ် တာ မဟုတ်ပါ။ စာရေးသူ၏ မွေးရပ်မြေ ပျဉ်းမနားမြို့၏ “မြို့ရေးမြို့တာ” ဖြစ်ပါသည်။
အကြောင်းကတော့ ပြည်သူပိုင် အားကစား ပြိုင်ဝင်းကို ပြည်သူပိုင် အသိမ်းခံရသည့် အကြောင်း ဖြစ်ပါသည်။ ပျဉ်းမနား နယ်သူ နယ်သားများ ချွေးနှင့်ရင်းကာ ငွေကြေးများစွာ အကုန်အကျ ခံပြီး ဆောက်လုပ်ခဲ့သည့် ပေါင်းလောင်း အားကစား ပြိုင်ဝင်းမှာ ဆိုင်းမဆင့် ဗုံမပါဘဲ နေပြည်တော် ကစားကွင်း အဖြစ် ပြောင်းလဲသွားခြင်းမှ အစပြုသည် ဟု ဆိုရမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ကြေးစားတန်း (Pro) ဘောလုံးစနစ်ကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပါသည်။ Pro စနစ်တွင် ပြိုင်ပွဲဝင် အသင်းများတွင် ကိုယ်ပိုင်ကွင်း ရှိကြရပါမည်။ လက်တွေ့တွင်မူ မည်သည့် ကလပ်အသင်းများတွင်မှ ကိုယ်ပိုင် ဘောလုံးကွင်း မရှိကြပါ။ သို့ဖြစ်၍ အားကစား ဝန်ကြီးဌာနပိုင် ဘောလုံးကွင်းများကို ငှားရမ်း အသုံးပြုနေသည်။ ရတနာပုံအသင်းက ဗထူးကွင်းကို ငှားပါသည်။ ကမ္ဘောဇက တောင်ကြီးဘောလုံးကွင်း၊ ဇေယျာရွှေမြေ အသင်းက မုံရွာအားကစားကွင်း၊ ရန်ကုန် FC က လှိုင်အားကစားကွင်း စသဖြင့် ငှားရမ်း အသုံးပြုပါသည်။
နေပြည်တော် FC ကလည်း ပေါင်းလောင်း အားကစား ပြိုင်ဝင်းကို အားကစား ဝန်ကြီးဌာနမှ ငှားရမ်း အသုံးပြုခဲ့သည်။
ဤတွင် ပြဿနာ စတင်တော့သည်။ ပျဉ်းမနားမြို့ရှိ ပေါင်းလောင်း အားကစား ပြိုင်ဝင်းမှာ အစိုးရပိုင် ကွင်းမဟုတ်၊ ပျဉ်းမနား နယ် သူနယ်သားများ ပိုင်သည့် အားကစား ပြိုင်ဝင်း ဖြစ်သည်။ ပေါင်းလောင်း အားကစား ပြိုင်းဝင်းကို မည်သည့်ခေတ်၊ မည်သည့် ကာ လ တွင် ပြည်သူပိုင် အသိမ်းခံလိုက်ရသည်ကို ပျဉ်းမနား နယ်သူ နယ်သားများ လုံး၀ မသိကြရပါ။ အားကစား ဝန်ကြီးဌာနက ဘော လုံး ကွင်းများကို အငှားချစားလိုက်သည့်အထဲ ပါသွားတော့မှ ပျဉ်းမနား နယ်သူနယ်သားများပိုင် ပေါင်းလောင်းအားကစား ပြိုင်ဝင်း အား ပြည်သူပိုင် အသိမ်းခံလိုက်ရမှန်း သိကြတော့သည်။
သို့ဖြစ်ရာ ပေါင်းလောင်း အားကစား ပြိုင်ဝင်းစသည့် မြစ်ဖျားခံရာကို စူးစမ်း လေ့လာသည့်အခါ အားကစားနှင့် ကာယပညာ ဌာနမှ ထုတ်ဝေသည့် အား/ကာစာစောင်တွင် ပေါင်းလောင်းအားကစား ပြိုင်ဝင်းနှင့် ပတ်သက်သော ဓာတ်ပုံ အထောက်အထား၊ မှတ် တမ်းတင် ဆောင်းပါးအထောက်အထားများကို တွေ့ရှိရပါ။ အားကစားဦးစီးဌာနတွင် လူထု အားကစားဌာန တာဝန်ခံ ဆရာ ဦးသိန်းတင် က အညာ“မြေလတ်ဒေသမှ ခေတ်မီအားကစားကွင်း” အမည်ဖြင့် ပျဉ်းမနား ပေါင်းလောင်း အားကစားပြိုင်ဝင်း စတင် ပေါ်ပေါက်လာပုံကို ဆောင်းပါးရေးသား၍ မှတ်တမ်းတင်ခဲ့ပါသည်။
ပျဉ်းမနား ပေါင်းလောင်း အားကစား ပြိုင်ဝင်း ပိုင်ဆိုင်မှု ပြဿနာကို သိလိုကြသူများ အတွက် ၁၉၇၃ ခုနှစ်၊ ဇူလိုင်လ ထုတ် အား/ကာ စာစောင်ပါ ဦးသိန်းတင် (လူထုအားကစား) ၏ “မြေလတ်ဒေသမှ ခေတ်မီ အားကစားကွင်း” ဆောင်းပါး အပြည့်အစုံကို မူရင်းအတိုင်း ပြန်လည် ဖော်ပြလိုက်ပါသည်။
သက်ဆိုင်သူ အားလုံး စဉ်းစားချင့်ချိန် ဝေဖန် ဆုံးဖြတ်ကြပါကုန်။
ပြည်သူ စုပေါင်းအားဖြင့် တည်ဆောက်လျက် ရှိသော ပျဉ်းမနားမြို့ ပေါင်းလောင်း အားကစားကွင်း ဖွင့်ပွဲ အခမ်းအနားကို ၁၉၇၃ ခု ဇွန်လ ၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဂွမ်ရှိန် ကိုယ်တိုင် တက်ရောက်ဖွင့်လှစ် ပေး ခဲ့ပြီး မိန့်ခွန်း ပြောကြားရာတွင် “ယခုကဲ့သို့ ခေတ်မီ အားကစားကွင်းကြီး တခုကို ပြည်သူ့ လုပ်အားဖြင့် အောင်မြင်စွာ ဖော်ထုတ်နိုင် ခြင်း အတွက် မြန်မာနိုင်ငံ အားကစားနှင့် ကာယပညာ ကော်မတီမှ ဂုဏ်ပြု မှတ်တမ်းတင် ထားရှိမည် ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ညွှန်ကြားရေးမှူးချုပ်၏ မိန့်ခွန်းကို ကြားနာရသည့် အခါ ကျနော့် အနေဖြင့် ငယ်စဉ်က ကျနော် ကြားဖူးသည့် ကျနော့် ဖခင် လက် သုံး စကားဖြစ်သော When there is a will, there is a way (အလိုဆန္ဒ ရှိလေရာမှာ နည်းလမ်း ရှိတယ်) စကားပုံကို သွားရောက် သတိရမိပါသည်။ အဘယ်ကြောင့် ဆိုသော် ပျဉ်းမနား ပြည်သူတရပ်လုံး၏ ပြင်းပြသော လိုအင်ဆန္ဒကြောင့်သာ ဤအားကစားကွင်းကြီး ပေါ်ပေါက်လာရသည်ဟု ကျနော် ဆိုချင် ပါသည်။
လွန်ခဲ့သော ၁၉၇၀ ခုနှစ်ခန့်က ပျဉ်းမနားမြို့တွင် ခေတ်မီအားကစားကွင်းကြီးတခုတည်ဆောက်မည် ဖြစ်ကြောင်း ဆွေးနွေးပွဲ ပြုလုပ်ကြသည်ကို သတင်းစာ တစောင်တွင် ရှေးဦးစွာ တွေ့ရှိရ ပါသည်။ ထိုသတင်း ထွက်ပေါ်လာပြီး နောက် သုံးရက်ခန့်တွင် ပျဉ်း မနားမြို့မှ ကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် ထိုစဉ်က ကျန်းမာရေး ဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဖြစ်သည့် ဒုဗိုလ်မှူးကြီး လှမိုး ထံ လာရောက်တင်ပြ ကြပါသည်။ ထိုတင်ပြ ချက်အရ ဒုဗိုလ်မှူးကြီး လှမိုး ခေါင်းဆောင်သော အဖွဲ့သည် ပျဉ်းမနားမြို့သို့ သွားရောက်၍ ကွင်းဆင်း လေ့လာခြင်းများကို စတင် ပြုလုပ်ခဲ့ပါသည်။
အားကစားကွင်း ဖြစ်မြောက်ရေး ကော်မတီနှင့် စတင် ဆွေးနွေးရာတွင် ပျဉ်းမနား လူထု အလိုရှိသော အားကစားကွင်း အနေ အထား မှာ ယနေ့ နိုင်ငံအသီးသီးတွင် ခေတ်စားနေသော (Sports complex) ခေါ် အားကစားနည်းစုံ လေ့ကျင့် ကစားနိုင်သော အားကစား အဆောက်အအုံမျိုး တည်ဆောက်ရန် ဖြစ်ပေသည်။ ထိုစဉ်က အားကစားကွင်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ငွေရေးကြေးရေး အခြေအနေကို စုံစမ်းသည့်အခါ ဖြစ်မြောက်ရေး ကော်မတီ အနေဖြင့် လောလောဆယ် ငွေ ကျပ် ၅၀,၀၀၀ အလှူခံ ရရှိနိုင်မည် ဖြစ်ပြီး အား/ကာ ဦးစီးဌာနမှ ထိုက်သင့်သလို ထောက်ပံ့ပေးရန် တင်ပြကြပါသည်။
အား/ကာ ဦးစီးဌာနသည် မြိ့နယ် ကစားကွင်းများကို ထောက်ပံ့ကြေးများ ပေး၍ ဖော်ထုတ်လျက်ရှိပြီး ကစားကွင်း တခု အတွက် အများဆုံးငွေ ၂၅,၀၀၀ အထိ ထောက်ပံ့ ပေးနိုင်မည် ဖြစ်ရာ ပျဉ်းမနားတွင် တည်ဆောက်ရန် ရည်ရွယ်သော အာကစားကွင်း အတွက် ငွေ ၇၅,၀၀၀ မတည်နိုင်မည်ဟု ယူဆရန် ရှိပေသည်။
အားကစားကွင်း ဖြစ်မြောက်ရေး ကော်မတီ လိုလားသော အားကစား အဆောက်အအုံမျိုးကို ဆောက်လုပ်ခဲ့ပါလျှင် အနည်းဆုံးငွေ ကျပ် ၁၀ သိန်း၊ ၁၅ သိန်းခန့် မကုန်ဘဲ အောင်မြင်နိုင်စရာ အကြောင်း မရှိသဖြင့် ထိုသို့သော အားကစား အဆောက်အအုံများကို ဆောက် လုပ်ရန် စိတ်ကူးခဲ့ကြသော ပျဉ်းမနား ပြည်သူများအား စိတ်ကူးယဉ်သူများဟု ကျနော်သာမက ဒုဗိုလ်မှူးကြီး လှမိုး ပါ ထင်မြင် မိခဲ့ပေသည်။
ကျနော်တို့မှာ အားကစားကွင်း တည်ဆောက်ရေးတွင် အားပေးအားမြှောက် ပြုလုပ်ရမည့်သူများ ဖြစ်သည့်အတိုင်း စိတ်အား ထက် သန်စွာနှင့် ဆောင်ရွက်နေသူများ၊ စိတ်ဓာတ် မကျဆင်း စေရန်အတွက် အားပေးစကားများသာ တွင်တွင် ပြောခဲ့ရသော်လည်း ထို ကစားကွင်းကြီး ဖြစ်မြောက်လာရေး အတွက်မူ အတော်ပင် ရင်လေးခဲ့မိပါသည်။
ထိုစဉ်က လာမည့် သုံးနှစ်အတွင်းတွင် ယနေ့ တွေ့ရှိရသော “ပေါင်းလောင်း အားကစားကွင်း” အခြေအနေမျိုးကို တွေ့ရှိမည်ဟု လုံး၀ မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့်လည်း ညွှန်ကြားရေးမှူးချုပ်၏ အားကစားဖွင့်ပွဲ မိန့်ခွန်းကို ကြားနာရသည့်အခါ ကျနော်၏ ဖခင်လက်သုံး စကားပုံကလေးကို ပြန်လည် သတိရနေမိခြင်း ဖြစ်ပါသည်။
ပျဉ်းမနား အားကစားကွင်းကို “ပေါင်းလောင်း အားကစားပြိုင်ကွင်း” ဟု အမည် မှည့်ခေါ်ထားပေသည်။ ထိုသို့ အမည်ခေါ်ထားခြင်း မှာ ပျဉ်းမနား မြို့နယ်ကို ဖြတ်ကျော်၍ စီးဆင်းနေသော ပေါင်းလောင်းမြစ်ကို အကြောင်းပြု၍ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ယနေ့အချိန်အထိ ပေါင်းလောင်းကစားကွင်း တည်ဆောက်ရာတွင် ကုန်ကျသည့် ငွေမှာ ၁၈၀,၀၀၀ ဖြစ်ကြောင်း စာရင်းရှင်းတမ်း အရ သိရှိရပါသည်။
စာရင်းရှင်းတမ်း ထုတ်ပြန်ရာတွင် “ပြည်သူ့အားကိုယူ၍ ပြည်သူများနှင့် အတူ ဝိုင်းဝန်းတည်ဆောက် လိုက်ကြသည့် မြို့နယ် အားကစားကွင်း တည်ဆောက်ရေး ရသုံးငွေ စာရင်းရှင်းတမ်း” ဟု ရိုက်နှိပ်ထားသည်ကို တွေ့ရှိရပေသည်။
ယနေ့ အကောင်အထည် ပေါ်နေပြီဖြစ်သော ပေါင်းလောင်းအားကစားကွင်းမှာ အမှန်ပင် ပြည်သူ့အားကိုယူ၍ ပြည်သူအများနှင့် အတူ ဝိုင်းဝန်း တည်ဆောက်ခြင်း၏ ရလဒ်ပင်ဖြစ်ပေသည်။
အားကစားကွင်း တည်ဆောက်ခြင်း၏ မှတ်တမ်းများကို ပြန်လည် ကြည့်ရှုပါလျှင် ကစားကွင်း တည်ဆောက်ရာတွင် အရွယ် မရောက် တရောက် ကလေးမှ အစ လှုပ်ရှားနိုင်သေးသည့် သက်ကြီးရွယ်အိုများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလုပ်သမားများ၊ လယ်သမားများ၊ ကုန်သည်ပွဲစား၊ ဈေးသူဈေးသား အသင်းအဖွဲ့များ၊ လုပ်သားပြည်သူများ၊ ကျောင်းသူကျောင်း သား များ၊ လူမှုရေး အသင်းအဖွဲ့များ စသည်ဖြင့် အားလုံးပါဝင် လုပ်အားပေးကြသည်ကို တွေ့ရှိရပေသည်။
ယနေ့အချိန်တွင် ပျဉ်းမနားသူ၊ ပျဉ်းမနားသားတိုင်း အားကစားကွင်း တည်ဆောက်ရာတွင် လုပ်အားပေးခဲ့ကြသည်ကို ဂုဏ်ယူ ဝင့်ကြွား လျက်ရှိကြပေသည်။ အကြောင်း မညီညွတ်၍ လုပ်အားပေးရာတွင် မပါဝင်ခဲ့မိခြင်း အတွက်ကိုလည်း အားမလိုအားမရ ဖြစ်နေ ကြ သည်ကို တွေ့ရသည်။
ပျဉ်းမနား ပြည်သူတို့၏ လိုလားတောင့်တလျက် ရှိသော အားကစားကွင်းကြီး သည် ယခုအချိန်တွင် လုံးလုံးလျားလျား မပြီးမြောက် သေးစေကာမူ ခေတ်မီ အားကားကွင်းကြီး တခု ဖြစ်မြောက်လာရန် အတွက် လိုအပ်သော အခြေခံ အုတ်မြစ်ကို အခိုင်အမာ တည်ဆောက်ပြီး ဖြစ်ပေသည်။
ပျဉ်းမနားမြို့၊ ရန်ကုန်- မန္တလေးမော်တော်ကားလမ်းနှင့် မီးရထားလမ်းကြား၊ ဧရိယာ ၁၄ ဧကရှိ လယ်ကွင်းပြင်ကို မြေ ၂ ပေခွဲ အမြင့်ဖို့ထားပြီး ဖြစ်၍ ထိုမြေကွက်ကို အုတ်နံရံ အပြည့် ကာရံထားပြီး အတွင်းဘက်တွင် လူ ၈၀၀ ဆံ့ အထူးတန်း ပွဲကြည့်စင်တခု ဆောက်လုပ်၍ ပြီးစီးနေပြီ ဖြစ်ပေသည်။ ကွင်းအရှေ့ဘက်တွင် အလားတူ ပွဲကြည့်စင် ၂ ခုဆောက်လုပ်ရန် အုတ်မြစ်များချထားပြီးဖြစ်၍ ၎င်းပွဲကြည့်စင်များ အောက်တွင် အားကစားသမားများ တည်းခိုရန် အတွက် အခန်းများ ပြုလုပ်ထားမည် ဖြစ်ပေသည်။
ဘောလုံးကွင်းပေါ်တွင် စိမ်းစိုသော မြက်ခင်းပြင် ကွင်းလုံးပြည့် ဖြစ်နေပြီ ဖြစ်သဖြင့် ကွင်းမှာ ရာသီမရွေး ကစားနိုင်သော စံချိန်မီ ဘောလုံးကွင်း ဖြစ်ပေသည်။ ဘောလုံးကွင်း ပတ်လည်ရှိ မီတာ ၄၀၀ ပြေးလမ်းမှာ မြေပြေးလမ်း အဆင့်ပင် ရှိသေးသော်လည်း အောင်ဆန်းအားကစား ပြိုင်ဝင်းရှိ ပြေးလမ်းမှ လွဲလျင် မြန်မာပြည်တွင် အကောင်းဆုံး ပြေးလမ်း ဖြစ်ပေသည်။ ပြေးလမ်းနှင့် ဘော လုံးကွင်းကို သံဆန်ခါ ဝင်းထရံ ကာရံထားပြီး ဖြစ်ပေသည်။
အားကစားကွင်း တည်ဆောက်ရေး ရသုံး ငွေစာရင်းရှင်းတမ်းတွင် ဖော်ပြထားသော ကစားကွင်း အတွက် ကုန်ကျငွေ ၁၈၀,၀၀၀ မှာ ယနေ့ဆောက်လုပ် ပြီးစီးလျက်ရှိသော ကစားကွင်းကြီး၏ တန်ဖိုးကား မဟုတ်ပေ။ မြို့နေလူထု ထည့်ဝင်လှူဒါန်းသော ငွေကို အသုံးပြုခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြသခြင်းမျှသာ ဖြစ်ပါသည်။
မြို့နေလူထုထံမှ လပေါင်းများစွာ ပါဝင်ခဲ့သော လုပ်အားများနှင့် အဖိုးအခ မယူသော ပစ္စည်းတန်ဖိုးများပါ ထည့်တွက် မည် ဆိုပါလျှင် လက်ရှိ ကစားကွင်း၏ တန်ဖိုးသည် ၅၀၀,၀၀၀ ထက်မက တန်ဖိုးရှိသည်ဟု ဆိုရပေမည်။ ယနေ့ ပေါင်းလောင်း အားကစားကွင်းကြီးသည် ပျဉ်းမနား ပြည်သူတို့၏ စိတ်ကူးယဉ် အားကစားကွင်းကြီး မဟုတ်တော့ပေ။
ပျဉ်းမနား မြို့နယ်အနေဖြင့် ဘောလုံးသမားကောင်းများ ဖော်ထုတ်ပေးနိုင်ပြီး ပျဉ်းမနား ပြည်သူတို့သည် ဘောလုံးပွဲကို ကြည့်ရှုအားပေးသူများ ဖြစ်ပါက ပေါင်းလောင်း အားကစားကွင်းကြီးသည် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာ စံချိန်မီ အားကစားကွင်းကြီး တခုအမှန်ပင် ဖြစ်လာပေ တော့မည်။ ထိုသို့ ဆိုခြင်းဖြင့် ပျဉ်းမနား ပြည်သူတို့အား စိတ်ကူးယဉ်သူများဟု ထင်မှားမိခဲ့ခြင်းကို ခွင့်လွှတ်နိုင်ကြလိမ့်မည်ဟ ုမျှော်လင့်ရပါသည်။
ပေါင်းလောင်း အားကစားကွင်းကို ပြည်သူ စုပေါင်း လုပ်အားဖြင့် တည်ဆောက်ခဲ့သည်ဟု ဆိုရာ၌ ထိုသို့သော စုပေါင်းလုပ်အားကို စည်းရုံး ဦးဆောင်ပေးခဲ့သည့် ပါတီ၊ မြို့နယ် လုံခြုံမှုနှင့် အုပ်ချုပ်မှု ကော်မတီ(နလက) တို့၏ ခေါင်းဆောင်ပိုင်း အခန်းကဏ္ဍကို လည်း မှတ်တမ်းတင်ရမည်သာ ဖြစ်ပေသည်။
ထိုသို့ မှတ်တမ်းတင်ရာ၌ အနည်နာမများကို ထုတ်ဖော်၍ မှတ်တမ်းတင် လောက်အောင် စွမ်းဆောင်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများလည်း ရှိပေသည်။ သို့ရာတွင် အမည်နာမများကို ထုတ်ဖော် မှတ်တမ်းတင်ခြင်းထက် ညွန်ကြားရေးမှူးချုပ် မိန့်ကြားခဲ့သည့် အတိုင်း ပျဉ်းမနား ပြည်သူတရပ်လုံးကို မှတ်တမ်းတင် ထားရှိခြင်းသည် ပေါင်းလောင်း အားကစားကွင်းကြီး၏ ဂုဏ်သိက္ခာကိုပိုမို ထည်ဝါစေ မည် ဖြစ်ကြောင်း တင်ပြလိုက်ရ ပေသည်။ ။