အားကစား

ရိုင်းစိုင်းတဲ့ ဘောလုံး အမှိုက်များကို ရှင်းပစ်ပါ

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံတွင် သောင်းကျန်းမှု၊ ဆူပူရမ်းကားမှု တမျိုး ခေတ်စားနေသည်။ ဘောလုံးပွဲများတွင် ဖြစ်သည်။ ယနေ့ကာလ မြန်မာနိုင်ငံတွင် အားကစားလှုပ်ရှားမှု ဟူ၍ ဘောလုံး အားကစားနည်း တမျိုးသာမှန်မှန် လှုပ်ရှားနေ သည်။ ပြည်တွင်း၌  MNL  I ပြိုင်ပွဲ၊ MNL II ပြိုင်ပွဲ၊ MNL လူငယ် ဘောလုံး ပြိုင်ပွဲများ နှစ်စဉ် မှန်မှန် ကျင်းပနေသည်။

ထိုသို့ ဘောလုံးပွဲများ ကျင်းပရာတွင် မလိုလားအပ်သော ဖြစ်ရပ်တချို့ ဖြစ်ပွားနေသည်။ ဘောလုံးပွဲ အားပေးသူများ ထဲမှ လက်တဆုပ်စာမျှ ရှိသော လူတစုက ဘောလုံးပွဲများကို နည်းမျိုးစုံဖြင့် ဖျက်လိုဖျက်ဆီးလုပ်နေကြသည်။ ယင်းတို့၏ လုပ်ရပ်မှာ ဘောလုံး၏ ဂုဏ်သိက္ခာနှင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည်။

မြန်မာနိုင်ငံမှ ဘောလုံးပွဲကြည့် ပရိသတ်မှာ တချိန်တခါက စည်းကမ်းအရှိဆုံး၊ အယဉ်ကျေးဆုံး ပရိသတ်ဟု မြန်မာနိုင်ငံသို့ လာရောက် ကစားခဲ့ကြသည့် နိုင်ငံပေါင်းစုံမှ လက်ရွေးစင်အသင်းများ၊ ကလပ်အသင်းများက ချီးကျူးခဲ့ ကြသည်။ နိုင်ငံတကာ ပြိုင်ပွဲများသာ မဟုတ်ဘဲ၊ ပြည်တွင်း ကလပ်အသင်းပြိုင်ပွဲများ၊ တချိန်တခါက ထင်ရှား ကျော်ကြားခဲ့သည့် ပြည်နယ်နှင့် တိုင်းဘောလုံးပွဲများတွင် အပြိုင်အဆိုင် သူ့အသင်းကိုယ့်အသင်း အားပေးကြသူများ ရှိသည်။

ထိုစဉ်က ဘောလုံးပွဲအားပေးကြသူများသည် နိုင်လိုမင်းထက် အားပေးကြခြင်းမျိုး လုံး၀ မရှိခဲ့ပါ။ ပြီးတော့ အရှုံးကို ရင်ဆိုင်ရဲကြသူများ ဖြစ်သည်။ ခြေသာသည့် အသင်း အနိုင်ရရှိစေ လိုကြသူများ ဖြစ်သည်။ ထိုစဉ်က ဒေသစွဲ အားကြီး စွာဖြင့်  အားပေးကြသည်မှာ မှန်သည်။ သို့သော် ခိုက်ရန်ဒေါသ ဖြစ်ပွားခြင်း မရှိပါ။ အားပေးသူ ပရိသတ်အချင်းချင်း အပြန်အလှန် အော်ဟစ်ဆဲဆိုမှုများ လုံး၀ မရှိကြပါ။  ပြည်နယ်နှင့် တိုင်းဘောလုံးပွဲများတွင် နောက်ဆုံးဗိုလ်လုပွဲနှင့် အသင်းကြီး အချင်းချင်း တွေ့ဆုံကြသည့် ပွဲများဆိုလျှင်  ပွဲကြည့်စဉ် များပေါ်သာမက ကွင်းထဲဆင်းကာ ဘောလုံးကွင်း ဘေးစည်းများအထိ ဆင်းကာ ဘောလုံးပွဲကို အားပေးကြသည်။

ပြည်နယ်နှင့်တိုင်း ဘောလုံး သမိုင်းစဉ်တွင် ပဲခူးနှင့် တနင်္သာရီတို့ ဗိုလ်လုပွဲကစားသည့်ပွဲ၊ အုပ်စုအဆင့် အဆုံးအဖြတ် ဖြင့် ရန်ကုန်တိုင်း၊ မကွေးတိုင်းတို့ ကစားသည့် ပွဲနှစ်ပွဲမှာ စံတင်လောက်အောင်ပင် ကွင်းလုံးပြည့် အားပေးခဲ့ကြသည်။

ပဲခူးနှင့် တနင်္သာရီပွဲ ဆိုလျှင် ပဲခူးတိုင်းအသင်း အတွက် တတိယအကြိမ် ဗိုလ်လုပွဲ ကစားရသည့်ပွဲ ဖြစ်သည်။ သည်တပွဲ နိုင်လျှင် ပြည်ထောင်စု ဒိုင်းကြီးကို တတိယ အကြိမ်မြောက် ဆွတ်ခူးမည့် ပွဲဖြစ်သည်။ သို့ဖြစ်၍ ပဲခူးတိုင်းကို အားပေးကြမည့် ပရိသတ်များ မည်မျှ များပြားမည်ကို ပြောဖွယ်ရာ မရှိပါ။ ယင်းပွဲတွင် တနင်္သာရီတိုင်းက နိုင်ပါသည်။ ပဲခူးတိုင်းက ရှုံးပါသည်။ ယင်းရှုံးနိမ့်မှုကို ပဲခူးတိုင်းကို အားပေးကြသည့် ပရိသတ်ကြီးက လက်ခံသွားကြသည်။

ထို့နည်းတူစွာပင် မကွေးတိုင်းနှင့် ရန်ကုန်တိုင်း အသင်းတို့ အုပ်စုတွင်း အဆုံးအဖြတ်ပွဲမှာပင် ဘောလုံးကွင်း ဘေးစည်း အထိ ပရိသတ်ရောက်သည်။ ရန်ကုန်တိုင်းက သုံးဂိုး သွင်းပြီးသောအခါ ဒိုင်လူကြီးဦးတင်အောင် ဘောလုံးပွဲ ရပ်ပစ်လိုက်သည်။ ပွဲကြည့်ပရိသတ်များကြောင့် ပွဲကို ရပ်ပစ်လိုက်ခြင်း ဖြစ်ပါသည်။ ရှုံးနေသည့် မကွေးတိုင်း အသင်းပရိသတ်များကြောင့် မဟုတ်ပါ။

နိုင်နေသည့် ရန်ကုန်တိုင်း အသင်း၏ ပရိသတ်များကြောင့် ဖြစ်ပါသည်။ ရန်ကုန်ဘက်မှ တဂိုးသွင်းတိုင်း ဘောလုံးကစား နေသည့် ကွင်းထဲပြေးဝင်လာပြီး ခုန်လိုက် ပေါက်လိုက်၊ ထီးမြှောက်၊ ဖိနပ်မြှောက် (ပေါက်ခြင်း မဟုတ်ပါ) လုပ်နေကြသောကြောင့် ဒိုင်လူကြီး ဦးတင်အောင် (ဂိုး) က ပွဲကို ရပ်ပစ်လိုက်ခြင်း ဖြစ်ပါသည်။  နိုင်နေပါလျက်နှင့် ဘာကြောင့်ပွဲရပ်ရ ပါသလဲဟု မည်သူကမှ ဒိုင်လူကြီးကို မဆဲပါ။ မဆိုပါ။ “ဟေ့ နောက်တပွဲ ထပ်ကြည့်ရဦးမယ် ဟေ့” ဆိုပြီး ကွင်းထဲမှ တပြုံးပြုံးဖြင့် ပရိသတ်အားလုံး ထွက်သွားကြပါသည်။

နိုင်ငံတကာ ပြိုင်ပွဲအဆင့်တွင်လည်း အောင်ဆန်းအားကစား ပြိုင်ဝင်းမှာပင် မြန်မာ့လက်ရွေးစင် အသင်းရှုံးနိမ့်ခဲ့ ဖူးသည်။

၁၉၆၁ ခုနှစ်၊ ရန်ကုန်ကျွန်းဆွယ်ပြိုင်ပွဲတွင် မလေးရှားအသင်းကို အုပ်စုပွဲတွင် တကြိမ်၊ နောက်ဆုံး ဗိုလ်လုပွဲတွင် တကြိမ် ရှုံးသည်။

ကျွန်းဆွယ်ပိတ်ပွဲနေ့ ဖြစ်သဖြင့် အောင်ဆန်းကွင်း အပြည့် ပရိသတ်ရှိသည်။ ရှုံးရကောင်းလား ဆိုပြီး ဒိုင်ကိုလည်း ရန်မမူပါ။ မြန်မာအသင်းကို ရန်မပြုပါ။ကျွန်းဆွယ် မီးရှူးတိုင်ငြိမ်းပြီးမှသာလျှင် ကွင်းအတွင်းမှ ပရိသတ်များ စည်းကမ်းရှိစွာဖြင့် ပြန်လည်ထွက်သွား ကြသည်။

ယခင်က မြန်မာနိုင်ငံတွင် ဘောလုံးပွဲများ ယခုထက် ပိုများသည်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ၊ ကမ္ဘာ့အိုလံပစ် ဘောလုံး ခြေစစ်ပွဲ၊ အာရှဖလား ခြေစစ်ပွဲ၊ လေးနိုင်ငံ (မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ သိရီလင်္ကာ) ချစ်ကြည်ရေး ဘောလုံးပွဲများ၊ မပြတ်ရှိနေသည်။ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲများတွင် နိုင်ပွဲရှိသည်။ ရှုံးပွဲများလည်း ရှိသည်။

အရှေ့ဥရောပ နိုင်ငံများဖြစ်သည့် ဆိုဗီယက် ပြည်ထောင်စု၊ ယူဂိုစလားဗီးယား၊ ချက်ကိုစလိုဗက်ကီးယား၊ သြစတြီးယား၊ ဟန်ဂေရီ၊ အရှေ့ဂျာမနီ၊ အနောက်ဥရောပမှ အနောက် ဂျာမနီ၊ အီတလီနှင့် အင်္ဂလန်နိုင်ငံမှ လက်ရွေးစင် အသင်းများရော၊ ကလပ်အသင်းများပါ မြန်မာနိုင်ငံတွင် ချစ်ကြည်ရေး ဘောလုံးပွဲများ ကစားကြသည်။

မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက် ကစားသည့် ဥရောပတိုက်မှ ဘောလုံးအသင်းမှာ ဆိုဗီယက်ပြည်ထောင်စု မှ ဖြစ်သည်။

၁၉၅၅ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့ အောင်ဆန်းကွင်း၌ ကစားသည့် မော်စကို လိုကိုမိုတစ်ဗ် (မီးရထား) အသင်းနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ ကစားသည့် ဆိုဗီယက် – မြန်မာချစ်ကြည်ရေး ဘောလုံးပွဲသို့ မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနုနှင့် အတူဆိုဗီယက်၊ ရှရှားခေါင်းဆောင်ကြီး ခရုရှက်၊ ဆိုဗီယက် ဝန်ကြီးချုပ် မာရှယ်ဘူဂါနင်တို့ပါ ကြည့်ရှု အားပေးသည်။ ၁ ဂိုး ၇ ဂိုးဖြင့် ရှုံးသည်။ ဒီဇင်ဘာ ၁၀ ရက်တွင် ဒုတိယပွဲ ကစားသည်။ လိုကိုမိုတစ်ဗ် အသင်းက ၁၀ ဂိုး ၀ ဂိုး နိုင်သည်။  ပွဲကြည့်ပရိသတ်များက မြန်မာဘောလုံး အသင်း ရှုံးရကောင်းလား ဆိုကာ၊ မဆိုပါ၊ မဆဲပါ။ တွေ့ကရာများနှင့် မပေါက်ကြသည့် အပြင် လက်ခုပ်တီး၍ အားပေးကြသည်။

အရှေ့ဥရောပမှ မြန်မာနိုင်ငံသို့ ဦးစွာ ပထမရောက်သည့် နိုင်ငံလက်ရွေးစင် အသင်းမှာ ယူဂိုဆလပ် လက်ရွေးစင် အသင်း ဖြစ်သည်။ ၁၉၅၅ ခုနှစ်ကို နှုတ်ဆက်သည့် အလား ဒီဇင်ဘာလ ၃၁ရက်တွင် မြန်မာ့လက်ရွေးစင် အသင်းနှင့် ယူဂိုလက်ရွေးစင်အသင်းတို့ ချစ်ကြည်ရေး ဘောလုံးပွဲ ကစားသည်။ အရှုံးအနိုင်ရလဒ် ကတော့ ယူဂို ၉ ဂိုး၊ မြန်မာ ၀ ဂိုး ဖြစ်သည်။ မြန်မာဘောလုံး ပွဲကြည့်ပရိသတ် အပြုံးမပျက်ပါ။ အမုန်းမစွက်ကြပါ။ မြန်မာတို့၏ မြတ်နိုးဖွယ်ရာ အတိ ပြီးသည့် မြန်မာ့ ယဉ်ကျေးမှုကို ကမ္ဘာက သိအောင် ထိန်းသိမ်းခဲ့ကြသည်။

ဤသည်တို့မှာ အတိတ်မှ ဘောလုံး ယဉ်ကျေးမှုပင် ဖြစ်သည်။ သို့ရာတွင် ယင်း အတိတ်မှ ဘောလုံး ယဉ်ကျေးမှုသည် အရိပ်ပင် မကျန်ခဲ့တော့ပါ။

ဘောလုံး ယဉ်ကျေးမှု နေရာတွင် ဘောလုံး ဆူပူရမ်းကားမှု များက အစားထိုး ဝင်ရောက်လာသည်။ ဘောလုံးပွဲများ အတွင်းအော်ဟစ် ဆဲဆိုကြသည်က ပွဲတိုင်း နီးပါးပင် ဖြစ်သည်။ ပြီးတော့ ထစ်ခနဲရှိ ခဲ၊ တုတ်၊ ဖိနပ်စုတ်၊ ရေဘူး၊ ဘီယာဘူး၊ အရက် ပုလင်းခွံပါမကျန် ကစားနေသူများကို ပစ်ပေါက်၍ ရန်ပြုကြသည်။ ဒိုင်လူကြီးများကိုလည်း မချန်ပါ။

မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ်မှ မည်မျှပင် မေတ္တာရပ်ခံ တောင်းပန် တိုးလျှိုးသော်လည်း ဘောလုံး လူရမ်းကား တို့ကတော့  လုံးဝမဖြုံကြပါ။ အမှန်ကတော့ ဘောလုံးပွဲများတွင် နည်းမျိုးစုံဖြင့် ကျူးလွန်နေကြသူများမှာ လူနည်းစုသာ ဖြစ်သည်။ ယင်း လူနည်းစု လုပ်ရပ်ကြောင့် ဘောလုံးပွဲ ကြည့်ကြသည့် ပရိသတ်ကောင်းများ နာမည်ပျက်နေရသည်။ ငါးခုံးမ သုံးလေးကောင်ကြောင့် တလှေလုံး ပုပ်စော်နံနေခြင်း ဖြစ်သည်။ ဆွမ်းဆန် တတင်းတခွဲထဲ ကြွက်ချေး အနည်းငယ် ရောခြင်းပင် ဖြစ်သည်။ နတ်သုဒ္ဓါ တအိုးထဲ၊ မစင် တပဲသား ကျသလို ဖြစ်နေသည်။

အနည်းငယ်မျှသော အဆိုးကြောင့် အကောင်း အားလုံး ပျက်စီးနေသည်။

ဘောလုံးပွဲများမှ ဆူပူ သောင်းကျန်း ရမ်းကားနေသူ လူနည်းစုလေးအား၊ ဘောလုံး ဥပဒေအရရော တရားဥပဒေ အရပါ ပြတ်ပြတ်သားသား အရေးယူချိန် တန်နေပါပြီ။ မီး ဆိုသည်မှာ မလောင်ခင်မှာ စတားထားရမည် ဖြစ်သည်။ အမှိုက်ကစ ပြသာဒ်မီးလောင်မှု မဖြစ်ရအောင် တားဆီးကြရမည် ဖြစ်ပါသည်။ နေမြင့်လေ၊ အရူးရင့်လေ မဖြစ်စေဘဲ၊ မရင့်မီက အရူးတချို့ကို နှိမ်နင်းကြချိန် တန်ပြီ ဖြစ်ပါသည်။     ။

Loading