ငွေကြေး ချမ်းသာတဲ့ ခရိုနီကြီးတွေ ကြီးစိုးထားတဲ့ မြန်မာ နေရှင်နယ်လိဂ် (MNL) ရဲ့ ကြေးစားတန်း စနစ် ဘောလုံးပြိုင်ပွဲ တွေမှာ တာဝန်ယူ ကိုင်တွယ်ရတဲ့ ကွင်းလယ်ဒိုင် နှစ်ဦးဟာ ၂၀၁၄ ခုနှစ် အစောပိုင်း ကာလ အတွင်းမှာပဲ ရှေ့ဆင့် နောက်ဆင့် ဆိုသလို အသင်း တာဝန်ှရှိသူ တချို့ရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှု တွေကို ခံခဲ့ရပါတယ်။ ဒီ ဖြစ်ရပ်တွေဟာ ဥပဒေပ လုပ်ဆောင်မှု မျိုးတွေ ဖြစ်ပြီး မြန်မာဘောလုံး လောက အတွက်လည်း အရုပ်ဆိုး အကျည်းတန် သွားစေတဲ့ ဖြစ်ရပ် ဖြစ်ပါတယ်။
ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဇွဲကပင်အသင်းနဲ့ ရတနာပုံအသင်းတို့ ကစားခဲ့တဲ့ MNL ပွဲစဉ်မှာ လွဲမှားတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တယ် ဆိုပြီး အဲဒီပွဲကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ် ဒိုင်လူကြီး တဦးကို ဇွဲကပင် အသင်း တာဝန်ရှိသူ တဦးက ပွဲအပြီးမှာ ဒေါသတကြီးနဲ့ ပါးရိုက်ခဲ့ပါတယ်။
အလားတူပဲ ရန်ကုန်မြို့ ပဒုမ္မာ အားကစားကွင်းမှာ မတ်လ ၂၃ ရက်နေ့က MNL ဒုတိယတန်းပွဲစဉ် တရပ်ဖြစ်တဲ့ ရခိုင် ယူနိုက်တက် နဲ့ ဟံသာဝတီ ယူနိုက်တက်တို့ ပြိုင်ပွဲမှာလည်း တခြားအသင်းကို ဘက်လိုက် ဆုံးဖြတ် ခဲ့တယ် ဆိုပြီး ကွင်းလယ် ဒိုင်လူကြီး တဦး ကို ရခိုင်ယူနိုက်တက် အသင်း အုပ်ချုပ်သူ တဦးက ကစားကွင်း အတွင်းထိ ဝင်ပြီး ထိုးကြိတ်ခဲ့ပါတယ်။
ဒီ ဖြစ်ရပ် နှစ်ခုလုံးရဲ့ ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းတွေဟာ အင်တာနက် ဝက်ဘ်ဆိုက်တွေနဲ့ လူမှု ကွန်ရက် Facebook တွေပေါ်မှာ ပျံ့နှံ့ခဲ့ ပါတယ်။ ဒီ အဖြစ်အပျက်တွေမှာ ဒိုင်လူကြီးတွေ အနေနဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာကို ခံခဲ့ရသလို ပုဂ္ဂိုလ်ရေး အရ လည်း ဂုဏ်သိက္ခာ ထိခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။
ဒိုင်လူကြီးတွေ ဟာလည်း လူသားတွေ ဖြစ်တာမို့ အမှားကင်းတဲ့ ဒိုင်ရယ်လို့ မရှိသလောက် ရှားပါတယ်။ ဒီလိုအဖြစ် အပျက်တွေဟာ MNL မှာတင် မဟုတ်ပါဘူး၊ အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ ပြင်သစ် စတဲ့ နိုင်ငံတွေက ကမ္ဘာကျော် ကြေးစားတန်း ဘောလုံး ကလပ် အသင်းတွေရဲ့ ပြိုင်ပွဲတွေ မှာလည်း ရှိပါတယ်။
ပြီးခဲ့တဲ့လက အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ကစားတဲ့ ပွဲစဉ်တခုမှာ ချဲလ်ဆီး ကစားသမား က ဂိုးထဲ ကန်သွင်းလိုက်တဲ့ ဘောလုံးကို အာဆင်နယ် ကစားသမားတဦးက လက်နဲ့ ပုတ်ထုတ်လိုက် သလို ဖြစ်သွားလို့ ဒိုင်လူကြီး က ကစားသမားတဦးကို အနီကတ်ပြ ထုတ်ပယ်လိုက်ပါတယ်။
ဒါပေမယ့် ထုတ်ပယ်လိုက်တဲ့ ကစားသမားဟာ လက်နဲ့ထိတဲ့ ကစားသမား မဟုတ်ဘဲ တခြားကစားသမား တဦးဖြစ်နေ ပါတယ်။ ဒါဟာ ဒိုင်လူကြီးရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပါ။
အဲဒီ အဖြစ်အပျက်ကို အင်္ဂလန် ဘောလုံး အဖွဲ့ချုပ်က နောက်တနေ့မှာ စိစစ်ပြီး အမှန်တကယ် လက်နဲ့ ထိခဲ့သူကိုပဲ ပြစ်ဒဏ် သတ် မှတ်ခဲ့ရာ လွဲမှားပြီး ပြစ်ဒဏ်ပေး ခံခဲ့ရ သူကိုတော့ ပြစ်ဒဏ်က ကင်းလွတ်ခွင့် ပြုပြီး နောက်ပွဲတွေမှာ ကစားခွင့် ပြုခဲ့ပါတယ်။ ဒိုင် လူကြီးတွေလည်း အမှားမကင်းဘူး ဆိုပေမယ့် သူတို့ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက် တွေကြောင့် ကမောက်ကမတွေ ဖြစ်ပြီး ရသပျက် သွားတဲ့ ပွဲတွေလည်း ရှိခဲ့ပါတယ်။ အရေးပါတဲ့ အဆုံးအဖြတ် ပွဲတွေမှာလည်း ဒိုင်တွေရဲ့ အားနည်းတဲ့ ဆုံးဖြတ်ချက်တွေ၊ ပွဲတပွဲကို ကိုင်တွယ်တဲ့ အပေါ်မှာ ညံ့ဖျင်းမှုတွေကြောင့် ကွင်းအတွင်း ကွင်းအပြင်ကူးစက်ပြီး ခိုက်ရန် ဖြစ်ပွားမှုတွေ ဖြစ်ခဲ့တာတွေလည်း မနည်းပါဘူး။
ဇွဲကပင်နဲ့ ရတနာပုံပွဲမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခံလိုက်ရတဲ့ ဒိုင်လူကြီးဟာ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် FIFA ရဲ့ အသိအမှတ်ပြု ဒိုင်လူကြီးတဦးပါ။ ဒါပေမယ့် ဘောလုံး ဖွံ့ဖြိုးတိုးတက်မှု အဘက်ဘက်မှာ အားနည်းမှုတွေ ရှိနေသေးတဲ့ မြန်မာ့ ဘောလုံး လော က မှာလည်း FIFA အသိအမှတ်ပြု ဒိုင်လူကြီးတွေ ရှိနေလင့်ကစား ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တိုင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေ ဖြစ်တယ်လို့ မှတ်ယူလို့ မရနိုင်ပါဘူး။
နှစ်ဖက်အသင်းတွေ ယှဉ်ပြိုင်နေကြတဲ့ ပွဲစဉ်ကို ကိုင်တွယ်နေရတဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းခဲ့သည် ရှိဦးတော့ အသင်း တာဝန်ရှိသူတွေ၊ ကစားသမားတွေနဲ့ ပရိတ်သတ်တွေက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ဥပဒေပ တိုက်ခိုက်မှုမျိုးတွေနဲ့ ဒိုင်လူကြီးတွေကို စီရင်လို့ မရပါဘူး။
MNL က အသင်း တာဝန်ရှိသူ တချို့အနေနဲ့ ဒေါသအလျောက် ဒိုင်တွေအပေါ်မှာ ကိုယ်တိုင် စီရင်ချက် ချပြီး ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေဟာ ဘောလုံးယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်တဲ့ ဖြစ်ရပ် ဖြစ်နေသလို မလုပ်သင့် မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။ ဒါ့အပြင် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) က ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ရာလည်း ရောက်နေပါတယ်။
FIFA က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ အရ ဒိုင်လူကြီးတွေကို ကိုယ်ထိလက်ရောက် အပါအဝင် တရားလက်လွတ် စကားတွေနဲ့ တိုက်ခိုက်ခွင့် မရှိပါဘူး။ ပွဲကစားစဉ် အချိန်အတွင်းမှာ ဒိုင်လူကြီးတွေ အနေနဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့ရင်၊ ကစားသမားနဲ့ အသင်း တာဝန်ရှိသူတွေ အပေါ်မှာ ဥပဒေမဲ့ ပြောဆိုမှုတွေ ရှိခဲ့ရင် သက်ဆိုင်ရာနိုင်ငံရဲ့ ဘောလုံးအဖွဲ့ချုပ် တာဝန် ရှိသူတွေကို အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။
ထိုနည်းတူပဲ ဒိုင်လူကြီးတွေ အနေနဲ့လည်း ကိုယ့်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခံရသည် ဖြစ်စေ၊ ကိုယ်အမူအရာ၊ နှုတ်အမူ အရာနဲ့ ဖြစ်စေ ကျူးလွန် ခံခဲ့ရတယ် ဆိုရင် ဒေါသအလျှောက် စီရင်တုံ့ပြန်လို့ မရပါဘူး။ ဖြစ်စဉ် မှတ်တမ်းတွေကို ပြုစုပြီး ဘောလုံး အဖွဲ့ချုပ်နဲ့ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို အစီရင်ခံ တင်ပြရမှာ ဖြစ်ပါတယ်။
တင်ပြချက်တွေ အပေါ်မှာ တာဝန်ရှိသူတွေက စိစစ်ပြီး FIFA စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေနဲ့ အရေးယူမှာ ဖြစ်ပါတယ်။ အရေး ယူတဲ့ နေရာမှာလည်း ဘက်မလိုက်တမ်း ဥပဒေအရ အရေးယူပေးဖို့ လိုအပ်ပါတယ်။
ဇွဲကပင်နဲ့ ရတနာပုံ အသင်း ပွဲစဉ်မှာ ဒိုင်လူကြီးကို ပါးရိုက်ခဲ့တဲ့သူကို သက်ဆိုင်ရာ တာဝန်ရှိတဲ့ သူတွေက ကျပ် ၁၅ သိန်း ဒဏ်ကြေး ဆောင်ဖို့ ဆုံးဖြတ်ခဲ့ကြ ပါတယ်။ ဒါဟာ သက်ညှာတဲ့ ကိုယ့်နည်းကိုယ့်ဟန် ဥပဒေတွေ ဖြစ်နေပြီး ဒီ ဆုံးဖြတ်ချက်ဟာ ဒိုင်လူကြီးတွေ အတွက် အကာအကွယ် မဲ့လာတဲ့ စိုးရိမ်စရာ ဖြစ်ရပ်လည်း ဖြစ်ပါတယ်။
ဒိုင်လူကြီးတွေကို ဥပဒေပ တိုက်ခိုက်တဲ့ သူတွေဟာ ချမ်းသာ ကြွယ်ဝသူပဲ ဖြစ်ဖြစ်၊ ဆင်းရဲသားပဲ ဖြစ်ဖြစ် သက်ဆိုင်ရာ တာဝန် ရှိသူတွေ အနေနဲ့ ဥပဒေအတိုင်း ထိထိရောက်ရောက် အပြစ်ပေး ဆောင်ရွက်ရမှာပါ။ လက်ထဲမှာ FIFA က ချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်း ဥပဒေတွေ ရှိနေရက်နဲ့ သက်ညှာတဲ့ စီရင်ချက်တွေ ချနေမယ်ဆိုရင် ဒိုင်လူကြီးတွေ အနေနဲ့ အကာအကွယ် မဲ့နေပြီး နောက်ပွဲစဉ်တွေ ကိုင်တွယ်ရာမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချဖို့ လက်တွန့် သွားရင် မြန်မာ့ဘောလုံး တိုးတက်ရေး အတွက် လည်း တဖက်က ထိခိုက်မှုတွေ ဖြစ်လာစေမှာ ဖြစ်ပါတယ်။
ပထမ ဖြစ်ရပ်ဖြစ်ပွားပြီး တလ အကြာမှာပဲ ရခိုင် ယူနိုက်တက်နဲ့ ဟံသာဝတီ ယူနိုက်တက်ပွဲမှာ ဒိုင်လူကြီးတဦး ထိုးကြိတ် ခံလိုက်ရ တာပါ။ ပထမ ဖြစ်စဉ်မှာ ဒိုင်လူကြီးက ကွင်းပြင်ရောက်မှ ပါးရိုက်ခံခဲ့ရတာပါ။ ဒုတိယ ဖြစ်စဉ်မှာတော့ ရခိုင်ယူနိုက်တက် အသင်း တာဝန်ရှိသူက ဒိုင်ကို ကစားကွင်းစည်း အတွင်းအထိ ကျော်ဝင်ပြီး ထိုးကြိတ်ခဲ့ တာပါ။
မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ ပွဲစဉ်တိုင်းမှာ လုံခြုံရေး အလုံအလောက် ချပေးထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခု ဖြစ်ပွားသွားခဲ့တဲ့ ဖြစ်စဉ် နှစ်ခုလုံးမှာ လုံခြုံရေးတွေက အချိန်မီ တားမြစ်ဖို့ အားနည်းခဲ့ကြ ပါတယ်။ ဒါဟာလည်း ဒိုင်တွေကို အကာ အကွယ် မပေးနိုင်တဲ့ အားနည်းချက်တခု ပါပဲ။
ဒုတိယ ဖြစ်စဉ် အပြီးမှာတော့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က ဖြစ်စဉ် တရပ်လုံးကို ဓာတ်ပုံ၊ ဗွီဒီယို မှတ်တမ်းတွေ၊ အစီရင် ခံစာတွေ၊ သက်သေတွေကို စိစစ်ပြီး FIFA ရဲ့ စည်းမျဉ်း၊ စည်းကမ်း ဥပဒေ ပုဒ်မတွေ အတိုင်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် လိုက်ပါတယ်။
MFF စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ဒိုင်လူကြီး အပေါ် ထိုးကြိတ်ခဲ့တဲ့ အသင်းတာဝန်ရှိသူကို “ဘောလုံးနှင့် ပတ်သက် သည့် မည်သည့် လှုပ်ရှားမှုများတွင် မဆို ရာသက်ပန် ပါဝင် ပတ်သက်မှု မရှိစေရ”ဆိုပြီး FIFA က ချမှတ်ထားတဲ့ ဥပဒေ ပုဒ်မ အတိုင်း အရေးယူ ဆောင်ရွက်ခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ယူနိုက်တက်အသင်းရဲ့ အုပ်ချုပ်/စီမံ သူကိုလည်း စည်းကမ်းထိန်းသိမ်းမှု ပေါ့လျော့မှုနဲ့ သုံးလ အတွင်း ကွင်းအတွင်း ဝင်ရောက်မှု ပိတ်ပင်ခဲ့သလို ကျပ် ငါးသိန်းကိုလည်း ငွေဒဏ်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ အလားတူ ပွဲဆူစေခဲ့တဲ့ ကစားသမားတွေ ကိုလည်း ပွဲပယ် ပြစ်ဒဏ်နဲ့ ဒဏ်ငွေတွေ အသီးသီး ချမှတ်ခဲ့ပါတယ်။ ပွဲကစားချိန်မှာ ရခိုင် ယူနိုက်တက် ပရိတ်သတ်တွေဟာ ကွင်း အတွင်းကို အရာဝတ္ထု မျိုးစုံနဲ့ ပစ်ပေါက်ခဲ့တဲ့ အတွက် အသင်းကို စည်းကမ်း ထိန်းသိမ်းရေးမူ အရ ကျပ် ဆယ့်ငါးသိန်း ဒဏ်ငွေ သတ်မှတ်လိုက်ပါတယ်။
အဲဒီ ပွဲစဉ်မှာ ကွင်းလယ်ဒိုင် အထိုးခံရလို့ ဆိုပြီး ဒိုင်ဘက်ကနေပြီး ပြန်ထိုးတဲ့ စတုတ္ထဒိုင်လူကြီး တဦးကိုလည်း ဒိုင်လူကြီးတဦး စောင့်ထိန်းရမယ့် ဂုဏ်သိက္ခာကို မစောင့်ထိန်းဘဲ စိတ်လိုက်မာန်ပါ ပြုမူဆောင်ရွက်တဲ့ အတွက် သူ့ကိုလည်း ၂၀၁၄ ခုနှစ် အတွင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ပွဲစဉ်တွေ အားလုံးကို ကိုင်တွယ်ခွင့် ပိတ်ပင်လိုက်ပါတယ်။
ဒီလို ဥပဒေအတိုင်း ကျောသား၊ ရင်သား မခွဲခြားဘဲ ဘက်မလိုက်တမ်း ဆောင်ရွက်ရင် ဒိုင်တွေ၊ ကစားသမားတွေ အတွက်သာ မကဘဲ ကွင်းအတွင်း ပြဿနာတွေလည်း နည်းသထက် နည်းလာပြီး ပိုပြီး စည်းကမ်း ရှိလာနိုင်သလို မြန်မာ့ ဘောလုံးလောက တိုးတက်ဖို့ အတွက်လည်း အထောက်အကူ ဖြစ်စေမှာ အမှန်ပါ။
MNL မှာ ကစားနေကြတဲ့ အသင်းတွေ အပါအဝင် အသင်းအများစုဟာ ကိုယ်ချင်းစာနာမှု၊ တရားမျှတာစွာ ယှဉ်ပြိုင် ကစားလိုမှု အပြန်အလှန် သည်းခံ ရိုသေမှု၊ တာဝန်ယူမှုနဲ့ စည်းကမ်းပိုင်း ဆိုင်ရာတွေမှာ အားနည်းချက်တွေ ရှိနေဆဲ ဆိုတာကို တွေ့မြင် နေရ တုန်းပဲ လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ အား ကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ရှင်းပြပါတယ်။
“ရှုံးတာ မခံရဲကြရင်တော့ ဘယ်လို အားကစားမျိုးနဲ့ ဖြစ်ဖြစ် မပတ်သက်ကြတာ ကောင်းတယ်၊ ကစားပွဲဆိုတာ အရှုံးအနိုင် ရှိမှာကိုး၊ နိုင်ရင်တော့ ပြုံးပြီး ရှုံးရင်တော့ ဟိုလူ့ထိုး၊ ဒီလူ့ပါးရိုက်ဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ”လို့ ၎င်းက ဆိုပါတယ်။
MFF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးကတော့ “ဘာပဲဖြစ်ဖြစ် ကွင်းထဲမှာတော့ ဒိုင်က တရားသူကြီးပဲလေ၊ မမှန်မကန် ဆုံးဖြတ်ရင် သူ့ကို စည်းကမ်း ထိန်းသိမ်းရေးက ပြန်ပြီး အရေးယူမှာ၊ ဒိုင်ကိုမှ မဟုတ်ဘူး၊ ဘယ်သူ့ကိုမှ ကိုယ်ထိလက်ရောက် လုပ်လို့ မရဘူး၊ နောက်နောင် ဒါမျိုးတွေ ဖြစ်လာရင်လည်း အခုလိုပဲ ထိထိရောက်ရောက် အရေးယူ သွားမှာပဲ”လို့ ဆိုပါတယ်။ ။