ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝကို လေ့လာကြည့်သော အခါ မည်သည့် အားကစားနည်းနှင့်မှ နီးစပ်ခဲ့ခြင်း မရှိသည်ကို တွေ့ရ သည်။
သို့သော် ရေနံချောင်းရှိ သူ၏ အစ်ကိုကြီး ဦးဘဝင်းဆီသို့ ပြောင်းရွှေ့နေထိုင်ပြီး ရေနံချောင်း အစိုးရ အထက်တန်း ကျောင်းတွင် ပညာ ဆည်းပူးစဉ်ကမူ မောင်ထိန်ဝင်းသည် အားကစားနည်း တမျိုးတွင် စိတ်လို စိတ်ရရှိသော အခါတွင် ကစားလေ့ရှိသည်ကိုမူ ရှာဖွေတွေ့ရှိမိသည်။ တင်းနစ် ကစားခြင်းပင် ဖြစ်သည်။ ပိန်းတန်းဖိနပ်ကို စီးပြီး လုံချည်တိုတိုဝတ်ကာ၊ တင်းနစ်ကွင်းသို့ လာလေ့ရှိသည်ဟု မှတ်တမ်းတခုတွင် တွေ့ရှိပါသည်။
ရေနံချောင်း အစိုးရ အထက်တန်းကျောင်းမှ ဆယ်တန်း စာမေးပွဲအောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက် ပညာဆည်းပူး သည့် နှစ်များအတွင်း၌မူ အောင်ဆန်း၏ စာပေနှင့် နိုင်ငံရေး လှုပ်ရှားမှုများကိုသာ တွေ့ရှိရပြီး အားကစားတွင် ကိုယ်တိုင်ကိုယ်ကျ ပါ ဝင်လှုပ်ရှားသည့် မှတ်တမ်းများ မတွေ့ရပါ။
သို့သော် တက္ကသိုလ် ကျောင်းသားဘဝတွင် အောင်ဆန်းသည် ဘောလုံးပွဲများ၊ အထူးသဖြင့် ရန်ကုန် တက္ကသိုလ် ဘောလုံးကစား သည့် ပွဲများကို အချိန်ရလျှင် အားပေးဖွယ်ရှိပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း များထဲတွင် ထင်ရှားသည့် လှေပြိုင်ပွဲနှင့် ဘော လုံးပွဲကို ပမာပြု၍ ပြောကြားခဲ့သော မိန့်ခွန်းကို လေ့လာလျှင် ကောလိပ် ကျောင်းသား မောင်အောင်ဆန်း တယောက် ထိုစဉ်က ဘောလုံးပွဲများနှင့် အကျွမ်းတဝင်ရှိကြောင်း သိသာသည်။
ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သည့် “နိုင်လျှင်ဆောင့်ကြွားကြွား၊ ရှုံးလျှင် လူချ” ဟူသည့် အဆိုအမိန့်များမှာ ယနေ့ မြန်မာ့ဘောလုံးပြိုင် ပွဲ များတွင် ဆက်လက်မှန်ကန် နေသည်မှာ အများအသိပင် ဖြစ်ပါသည်။
ဗိုလ်ချုပ် အောင်ဆန်း၏ နတ်မောက် ကျောင်းသားဘဝ၊ ရေနံချောင်း အထက်တန်းကျောင်းသား ဘဝနှင့် ရန်ကုန် တက္ကသိုလ် ကျောင်းသားဘဝတို့တွင် အားကစားကို ကိုယ်တိုင်ကိုယ်ကျ လေ့လာလိုက်စားခြင်း မရှိသော်လည်း ဖဆပလ ဥက္ကဋ္ဌ ဘဝနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေး အကြိုကာလတွင်မူ၊ မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး အတွက် စဉ်းစား တွေးခေါ် လုပ်ဆောင်ရာ၌မူ “မြန်မာပြည် သူ တရပ်လုံး၏ ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းရေးကိုပါ ထည့်သွင်း စဉ်းစား လုပ်ဆောင်ခဲ့သည်။
ဒုတိယ ကမ္ဘာစစ် အတွင်း မြန်မာပြည်သူ တရပ်လုံး ဒုက္ခပေါင်းစုံကို ခါးစည်း ခံကြရသည့် အထဲတွင် ကျန်းမာရေး ချွတ်ခြုံကျသည့် ဒုက္ခက ရှေ့တန်းမှ ပါဝင်ခဲ့သည်။
ဆေးရုံများ မရှိ၊ ဆေးဝါးများ မရှိ၊ ဆရာဝန် မရှိ၊ သူနာပြု မရှိ၊ သုံးနှစ်ကျော်ကျော် လေးနှစ်နီးပါး ရောဂါ ပေါင်းစုံ၏ တိုက်ခိုက်မှုကို တိုင်းရင်းဆေးများဖြင့်သာ ခုခံ ကာကွယ်နေရသည်။ ငှက်ဖျား၊ အနာပေါက်၊ ဝဲစွဲ စသည့် ဒဏ်ကို မြန်မာနိုင်ငံသား အားလုံးလိုလိုပင် ခံကြရသည်။ တကိုယ်ရေ ကျန်းမာသန့်ရှင်းရေး မလုပ်နိုင်ကြ သလောက်ပင် ရှိသည်။ သန်းမကြီး ဒဏ်ကို ခံကြရသည်။
ယနေ့လူငယ် အများစုမှာ ခေါင်းဆောင်ထဲတွင် ရှိသော ခေါင်းသန်းများ အကြောင်း ကြားဖူးကောင်း ကြားဖူးကြပါလိမ့်မည်။ ကိုယ်က ထွက်၍ အကျႌ၊ လုံချည်၊ အဝတ်အစားများတွင် တွယ်ကပ်နေသည့် ကိုယ်သန်းများကိုမူ သိကြမည် မထင်ပါ။ အကျႌလုံချည်များ ဆို သည် ကလည်း ထိုစဉ်က ပြည်တွင်းဖြစ် ဖျင်ကြမ်းများသာ ဖြစ်သည်။
စစ်အတွင်း တလျှောက်လုံး၊ ဝဲကယား၊ အနာကနာ၊ သန်းက ကိုက်သည့် ဒဏ်ကို မြန်မာနိုင်ငံသူ၊ နိုင်ငံသား အများစုကြီး ခံခဲ့ရသည်။ ကျန်းမာရေး ညံ့ဖျင်းသော အခါ ကြံ့ခိုင်မှု အားနည်းခဲ့ကြသည်။ ချူနာရှိုက်ကုန်းများသာ ဖြစ်ခဲ့ရသည်။ ကျန်းမာကြံ့ခိုင်ရေး မရှိသော ပြည်သူများဖြင့် လွတ်လပ်သော နိုင်ငံတော်သစ် ထူထောင်ရန်မှာ မည်ကဲ့သို့မှ မဖြစ်နိုင်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း သိနားလည် သည်။ ကိုယ်ကျန်းမာမှ၊ စိတ်ကျန်းမာမည် ကိုယ် ကြံ့ခိုင်မှ စိတ်ဓာတ် ကြံ့ခိုင်မည် ဆိုသည်ကို ဗိုလ်ချုပ်အောင်ဆန်း သဘောပေါက် သည်။
စစ်ပြီးခေတ် မြန်မာနိုင်ငံသစ် ထူထောင်ရန် အတွက် ဘက်ပေါင်းစုံ စီမံဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး ကျန်း မာ ကြံ့ခိုင်ရေး သည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ရမည် ဆိုသည်ကို ဗိုလ်ချုပ်အောင်ဆန်း နားလည် သဘော ပေါက် သည်။ နားလည်သဘောပေါက်သည့် အတိုင်း လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံး၏ ကျန်းမာကြံ့ခိုင်ရေး ကို အမြဲတစေ ကြံဆ ဆောင်ရွက်နေသူ နှစ်ဦးကို ခေါ်ယူတိုင်ပင် ဆွေးနွေးခဲ့သည်။
ယင်း ပုဂ္ဂိုလ်နှစ်ဦးမှာ ကာလဗလ ဦးရှိန်နှင့် ဦးဇော်ဝိတ်တို့ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ယင်း ပုဂ္ဂိုလ်နှစ်ဦးမှာ တို့ဗမာ အစည်း အရုံး ခေတ်ကတည်းက သခင်အောင်ဆန်းနှင့် အထူး ခင်မင်ရင်းနှီးခဲ့ကြသူများ ဖြစ်သည်။ နိုင်ငံရေးကို အထူး စိတ်ဝင်စား အားပေးကြသည့် အားကစား ခေါင်းဆောင်များ ဖြစ်ကြသည်။ ဆရာကြီးနှစ်ဦး စိတ်ပါဝင်စားကြသည့် နိုင်ငံရေးမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး အတွက် ကြိုးပမ်း ဆောင်ရွက်ကြသည့် နိုင်ငံရေးပင် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းက ကာယဗလ ဦးရှိန်နှင့် ဦးဇော်ဝိတ်တို့အား ဖိတ်ခေါ်သည့် အချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဘုရင်ခံ အတိုင်ပင်ခံ အမှုဆောင်အဖွဲ့ ဒုတိယ ဥက္ကဋ္ဌနှင့် ပြည်ပဆက်သွယ်ရေးနှင့် ကာကွယ်ရေး ဝန်ကြီးတာဝန်များကို ထမ်းဆောင်နေရချိန် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရေး အရာရှိ ဗိုလ်ထွန်းလှ (စာရေးဆရာ တက္ကသိုလ်နေဝင်း) ထံမှ တဆင့် ဦးရှိန်နှင့် ဦးဇော်ဝိတ်တို့ကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းစာမှာ အောက်ပါအတိုင်းဖြစ်သည်။
“ဆရာဦးရှိန်နှင့် ကိုဇော်ဝိတ်ကို ဗိုလ်ချုပ်အောင်ဆန်းက တွေ့ဆုံလိုပါ၍ နက်ဖြန် (တနင်္ဂနွေ) နံနက် ၉ နာရီ လောက်တွင် ဗိုလ်ချုပ် အိမ် (၂၅ တာဝါလိန်း) သို့ ဆက်ဆက် လာကြစေလိုပါသည်”
ထွန်းလှ
ဗိုလ်ချုပ် အတွင်းရေးမှူး
ယင်းသို့ ဗိုလ်ချုပ်အောင်ဆန်းက စာဖြင့် ဖိတ်ကြားမှုကြောင့် ဦးရှိန်နှင့် ဦးဇော်ဝိတ်တို့သည် ၁၉၄၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် သွားရောက် တွေ့ဆုံခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးရှိန်နှင့် ဦးဇော်ဝိတ်တို့သည် လွတ်လပ်တော့မည့် မြန်မာနိုင်ငံအတွက် လိုအပ်သမျှ ကိုယ်လက်ကျန်းမာရေး လုပ်ငန်းများကို ဆွေးနွေးကြသည်။
ဤသို့ ဆွေးနွေးကြရာတွင် အမျိုးသား ကိုယ်လက်လှုပ်ရှား အားကစားလုပ်ငန်းများကို ဗိုလ်ချုပ်အောင်ဆန်း နားလည် သဘောပေါက်ထားသည်ဟု ဆိုသည်။ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာနိုင်ငံ လွတ်လပ်ရေး ရသည့် အခါတွင် ကျိုက္ကဆံ မြင်းပြိုင်ကွင်းကြီးကို သိမ်း ယူမည်။ ကိုယ်ကြံ့ခိုင်ရေး လုပ်ငန်းများ လုပ်နိုင်ရန် အတွက် ကစားရုံကြီးများ၊ ကစားကွင်းများ၊ လူထု အားကစား သင်ကြေား ပေးရေး သင်တန်းကျောင်းကြီးများ ဖွင့်လှစ်မည် ဖြစ်သဖြင့် တမျိုးသားလုံး ကျန်းမာသန်စွမ်းရေး အတွက် သူ့ ရည်မှန်းချက်များကို ဦးရှိန်၊ ဦးဇော်ဝိတ်တို့နှင့် ဆွေးနွေးခဲ့သည်။ ဦးရှိန်နှင့် ဦးဇော်ဝိတ်တို့ ကလည်း မြန်မာပြည်သူ အာလုံး ကျန်းမာသန်စွမ်းရေး အတွက် လက်တွေ့ လုပ်ဆောင်ရမည် များကို ပြန်လည် တင်ပြရာ တနေ့ကုန်သည် ဟု ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးရှိန်တို့ တွေ့ဆုံပြီး နောက် လေးလအကြာ ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်တွင် အိုလံပစ်အသင်းကို စတင် ဖွဲ့စည်းနိုင်ခဲ့သည်။ မြန်မာပြည် အိုလံပစ် အသင်းကြီး ဖွဲ့စည်းနိုင်ရေး အတွက် ကာယဗလ ဦးရှိန်၊ ၁၉၃၆ ခုနှစ် ဂျာမနီ အိုလံပစ် ပြန် ဦးဇော်ဝိတ်၊ မစ္စတာ ဟတ်စကင်းနှင့် ဦးသော်ဇင် (သီဟဗလ) တို့က အထူး ကြိုးစားလုံးပမ်း ဆောင်ရွက်ခဲ့ကြရသည်။
မြန်မာပြည် အိုလံပစ်အသင်းကြီးမှာ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသည့် နောက်တွင် မြန်မာနိုင်ငံ၌ ပထမဆုံး တရားဝင် ဖွဲ့စည်းသည့် အားကစားအဖွဲ့ပင် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲ့စည်းသော အိုလံပစ်အသင်းကြီး၏ ပထမဆုံး ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သူမှာ ဆာအမ်အေ မောင်ကြီး ဖြစ်သည်။ ဒုတိယ ဥက္ကဋ္ဌမှာ မန္တလေး အမျိုးသားကျောင်း၊ ကျောင်းအုပ်ကြီး ဦးရာဇတ် (၁၉၄၇ ဇူလိုင် ၁၉ ရက်တွင် ဗိုလ်ချုပ်အောင် ဆန်းနှင့်အတူ ကျဆုံးခဲ့သူ) ဖြစ်သည်။
မစ္စတာ အက်စကင်းက အတွင်းရေးမှူး၊ ဦးသော်ဇင် (သီဟဗလ) က တွဲဖက်အတွင်းရေးမှူး၊ အကျိုးဆောင် ငွေထိန်း အဖြစ် ဦးထင် ဘွား၊ အကျိုးဆောင် ဥပဒေအကြံပေး အရာရှိ အဖြစ် ဦးထွန်းတင်၊ အကျိုးဆောင် စာရင်းစစ် အဖြစ် ဦးဘသော် တို့က ဆောင်ရွက်ခဲ့ကြသည်။
အမှုဆောင်များ အဖြစ် ဦးဘကလေး၊ ဦးသိန်းကျော်၊ ဗိုလ်ကြီး ဘအုန်း၊ ဦးပိုင်၊ မြန်အောင် ဦးတင်၊ ဦးဝင်းဖေ၊ ဦးချို၊ ဦးဇော်ဝိတ်၊ ဗိုလ်မှူးကြီး မင်းစိန်၊ မစ္စတာ စီစီခူး၊ ဦးသန်းဖေ (ရုပ်ရှင်နှင့်ပြဇာတ်)၊ ဦးတင်အောင် (စာနယ်ဇင်း)၊ မစ္စတာ လီယို၊ ဒီဗဲရစ် (လက်ဝှေ့)၊ ဦးမောင်မောင်လွင် (အလေးမ)၊ ဦးမိုးဇက်အောင်သွင် (ရေကူး)၊ ဦးဘညွန့် (ပြေးခုန်ပစ်) နှင့် တော်ဘုရားကြီး (ကျွမ်းဘား) တို့ ပါဝင်ခဲ့ကြသည်။
မြန်မာ အိုလံပစ်အသင်းကြီး ဖွဲ့စည်းပြီးနောက် ကာယဗလ ဦးရှိန်၊ မစ္စတာ ဟက်စကင်းနှင့် ဦးသော်ဇင်တို့သည် ဗိုလ်ချုပ်အောင်ဆန်း ထံ သွားရောက်ပြီး မြန်မာပြည် အိုလံပစ် အသင်းကြီး၏ နာယကအဖြစ် ဆောင်ရွက်ပေးပါရန် ပန်ကြားခဲ့သည်။ သို့ရာတွင် ဗိုလ်ချုပ် အောင်ဆန်းက လက်ရှိ မြန်မာနိုင်ငံ ဘုရင်ခံချုပ် ဆာဟူးဘတ်ရန့်စ် ကို နာယက အဖြစ် တင်မြှောက်ရန် အကြံပေးခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းက ရန်ကုန်မြို့၊ ပြည်လမ်း ဆိုရန်တိုဗီလာ အဆောက်အအုံတွင် ကျင်းပမည့် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီး သည့် အခါ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆွေးနွေးပွဲတွင် အားကစား ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များ ရေးဆွဲတင်ပြရန် အဆိုပြုခဲ့သည်။
မြန်မာနိုင်ငံ အိုလံပစ် ကော်မတီသည် ၁၉၄၇ ခုနှစ် ဇူလိုင်လဆန်းတွင် နိုင်ငံတကာ အိုလံပစ်ကော်မတီ (International Olympic Committee) နှင့် ဆက်သွယ်မှု ရခဲ့သည်။
မြန်မာအိုလံပစ် ကော်မတီ၊ အလေးမ အဖွဲ့ချုပ်နှင့် ပြေးခုန်ပစ် အဖွဲ့ချုပ်တို့ကို သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့ချုပ်များနှင့် ဆက်သွယ် ရရှိသည့် အထိမ်းအမှတ်အဖြစ် မြို့တော်ခန်းမတွင် ဇူလိုင်လ ၈ ရက်နေ့၌ လက်ဘက်ရည်ပွဲ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ နာယက နှစ်ဦးစလုံး တက်ရောက် ချီးမြှင့်ခဲ့ကြသည်။
ယင်း အားကစား ဧည့်ခံပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံး တက်ရောက်ခဲ့သည့် ပြင်ပအဖွဲ့အစည်း တခု၏ ဧည့်ခံပွဲပင် ဖြစ်သည်။
ယင်းနောက် ၁၁ ရက်အကြာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ နာယက ဗိုလ်ချုပ် အောင်ဆန်း နှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဆရာကြီး ဦးရာဇတ်တို့မှာ လုပ်ကြံခံရပြီး ကျဆုံးခဲ့ကြရသည်။ ။
ကျမ်းကိုး
(၁) မစ္စတာ ဟတ်စကင်း ။ ။ နှစ် ၆၀ မြန်မာနိုင်ငံ အားကစားသမိုင်း။
(၂) ကျော်မြင့်လွင် ။ ။ မြန်မာ့ဗလ ခရီးနှင့် ကာယဗလ ဖခင်။