ပုဂ္ဂလိက ဘောလုံး အသင်း တသင်း ဖြစ်သော ကမ္ဘောဇ ဘောလုံးအသင်း (KBZ FC) က နှစ် ၃၀ သက်တမ်းဖြင့် ငှားရမ်းထားသည့် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ (KBZ Stadium) ကမ္ဘောဇ ဘောလုံးကွင်းအား ပြည်နယ် အစိုးရက ပြန်လည် တောင်းခံမှုကြောင့် အပ်နှံ လိုက်ရကြောင်း သိရသည်။
ကမ္ဘောဇဘောလုံး အသင်း ဥက္ကဌ ဦးခင်မောင်လတ်က“အရင်ဆုံး ၃ နှစ် ငှားရမ်းပါတယ်။ ၃ နှစ်ပြီးတာနဲ့ နှစ် ၃၀ ငှားရမ်းဖို့ စာချုပ်ချုပ် ရမှာပါ။ ဒါပေမယ့် ပြည်နယ်မှာ ဘောလုံးကွင်းက အရမ်း လိုအပ်နေတယ်လို့ ပြည်နယ် အစိုးရက ပြန်လည် တောင်းခံလာတာကြောင့် နောက်ထပ် နှစ် ၃၀ ငှားဖို့ စာချုပ် ထပ်မချုပ်တော့ဘဲ ဘောလုံးကွင်းကို ပြည်နယ် အစိုးရကို ပြန်ပေးလိုက်တာပါ”ဟု ဧရာဝတီ ကို ပြောသည်။
အဆိုပါ ဘောလုံးကွင်းကို ကမ္ဘောဇ ဘောလုံးအသင်းက ရှမ်းပြည်နယ် ကိုယ်စားပြု ငှားရမ်းထားခြင်း ဖြစ်ပြီး၊ နှစ် ၃၀ သက်တမ်းဖြစ် ကြောင်း၊ ယင်းအစီအစဉ်တွင် ၃ နှစ် ကာလအား စမ်းသပ် ငှားရမ်းမှု ကာလအဖြင့် သတ်မှတ် ငှားရမ်းခဲ့ပြီး ပြည့်မြောက်သည့် အချိန် တွင် နှစ် ၃၀ သက်တမ်း ငှားရမ်းမှု စာချူပ် ချူပ်ဆိုပြီး ပြန်လည် ငှားရမ်း ရမည်ကို ပြည်နယ် အစိုးရက ဆက်လက် ငှားရမ်းမှု မပြုဘဲ အပ်နှံခိုင်းခြင်း ဖြစ်သည်ဟု ဦးခင်မောင်လတ်က ပြောပြသည်။
ဘောလုံးကွင်းအား ပြန်လည် ပေးအပ်ခြင်းသည် မြန်မာပြည် အထက်ပိုင်း ဒေသများတွင် မြေပြန့် နေရာ ရှားပါးမှုကြောင့် ဘောလုံး ကွင်း တည်ဆောက်ရန် ခက်ခဲသည်ကို တွေ့ရှိရခြင်းနှင့် ဘောလုံး လောကအတွင်း လူငယ် မျိုးဆက်သစ်များ ထွက်ပေါ်စေရန် ရည်ရွယ်ပြီး ပြန်လည် ပေးအပ်ခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“ပြည်နယ်မှာ ကွင်းက ဒီတကွင်းတည်း ရှိတယ်။ ကွင်း မရှိတဲ့ အခက်အခဲကြောင့် လူငယ်တွေက ဘောလုံး မကန်ကြရဘူး ဖြစ်နေ တယ်။ ဒါ့ကြောင့် ကျတော်တို့ အသင်းကလဲ လူငယ်တွေကို မွေးထုတ် ပေးချင်ပေမယ့် ပြည်နယ်ရဲ့ လိုအပ်ချက်ကို အသင်းက သိ နေတော့ ဘာမှ မပြောတော့ဘဲ ပြန်ပေးလိုက်တာပါ”ဟု ကမ္ဘောဇ ဘောလုံးအသင်း အမှုဆောင် အရာရှိချုပ် ဦးဝင်းမြင့်ဦးက ဧရာဝတီ ကို ပြောသည်။
ကမ္ဘောဇ ဘောလုံးအသင်းသည် လက်ရှိ အချိန်တွင် လေ့ကျင့်ရေးကွင်း အဖြစ် အသုံးပြုရန် ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်းအား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ထံမှ လပေး စနစ်ဖြင့် ငှားရမ်း အသုံးပြုနေကြောင်း ၎င်းက ပြောပြသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ဘောလုံးကွင်း နေရာ ရှားပါးမှုကြောင့် MNL ဘောလုံးပွဲစဉ်များ စတင် ကျင်းပချိန်တွင် တဖက် ဧည့်သည် ဘောလုံး အသင်းအတွက် လေ့ကျင့်ရန် ကွင်းနေရာ ရှားပါးသည်ဟုလည်း ဦးဝင်းမြင့်ဦးက ပြောဆိုသည်။
ပုဂ္ဂလိက ဘောလုံး အသင်းများ ယှဉ်ပြိုင် ကစားသည့် Myanmar National League (MNL) ဘောလုံး ပွဲစဉ်များအား ပြည်တွင်း၌ ကျင်းပခဲ့သည်မှာ ၅ နှစ်ခန့် ရှိပြီ ဖြစ်သော်လည်း အောင်မြင်မှု မရရှိဘဲ ဘောလုံးအသင်း တည်ထောင်သူ အသင်းပိုင်ရှင် အများစု သည် ငွေကြေး အရှုံးခံ လုပ်ကိုင်နေရကြောင်း ဘောလုံး လောက အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုလျက် ရှိသည်။