မြန်မာ့ အားကစားလောကတွင် မကြုံစဖူး ထူးကဲလှသည့် အခမ်းအနား တရပ်ကို ၂၀၁၄ ခုနှစ် မေလ ၁၁ ရက်နေ့၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံကို ကိုယ်စားပြု၍ နိုင်ငံတကာ အားကစားပြိုင်ပွဲ အသီးသီးတွင် မြန်မာ နိုင်ငံ၏ ဂုဏ်သိက္ခာကို အောင်မြင်မှုများဖြင့် မြှင့် တင်ခဲ့ကြသော လက်ရွေးစင် အားကစားသမား ဟောင်းကြီးများ ကို ဂုဏ်ပြု ချီးမြှင့်သည့် အခမ်းအနားဖြစ်သည်။
နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကို ဂုဏ်ပြုချီးမြှင့်သည့်ပွဲများ ယခင်ကလည်း နှစ်ကြိမ် ကျင်းပခဲ့ဖူးသည်။
ပထမအကြိမ်မှာ ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ် ဆွတ်ခူးခဲ့ကြသည့် လက်ရွေးစင် အးကစားသမားများကို ဆုတံဆိပ် အလိုက် ဆုငွေများ ချီးမြှင့်ခြင်း ဖြစ်သည်။
ဒုတိယအကြိမ်မှာ နေပြည်တော် ဆီးဂိမ်း အကြိုကာလတွင် ရွှေတံဆိပ် ရှင်များကို ဆုငွေများ ချီးမြှင့်ခြင်း ဖြစ်သည်။
ယခု ဂုဏ်ပြုရာတွင် ပိုမို၍ အဆင့်မြင့်သည်။ ကမ္ဘာ့အဆင့်တွင် ဆုတံဆိပ်ရရှိသူ၊ အာရှအားကစားပြိုင်ပွဲ၊ အာရှ တံခွန်စိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၂ ဆု ဆွတ်ခူးခဲ့သူ သို့မဟုတ် အာရှလူငယ် အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် ၁ ဆု ဆွတ်ခူးခဲ့သူများနှင့် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲ (SEAP) နှင့် အရှေ့တောင်အာရှ အားကစားပွဲ (SEA Games) တို့တွင် ရွှေတံဆိပ် ၄ ဆုနှင့် အထက် ဆွတ်ခူးခဲ့သည့် မြန်မာ့ဂုဏ်ဆောင် အားကစားမောင်မယ်များကို ဂုဏ်ပြုခြင်းဖြစ်သည်။
အားကစားနည်း ၁၁ မျိုးမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ် ၄၉ ဦးကို ဂုဏ်ပြုခြင်း ဖြစ်သည်။
ပြေးခုန်ပစ် အားကစားနည်းမှ အားကစားသမားကြီးများ ၁၁ ဦး ဂုဏ်ပြုခံရသည်။ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၆ ဦး ဖြစ်သည်။ ယင်းပြေးခုန်ပစ် လက်ရွေးစင် အားကစားသမား ဟောင်းကြီးများ၏ စွမ်းဆောင် ချက်များကို ဂုဏ်ပြုပွဲ ကျင်းပခြင်း ဖြစ်သည်။ အစီ အစဉ်တွင် ဖော်ပြထားသည်ကို အကျဉ်းချုပ် ပြန်လည် တင်ပြလိုက်ပါသည်။
ဒေါ်အေးရွှေသည် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစားပြိုင်ပွဲတွင် ၁၉၆၉ ရန်ကုန် ကျွန်းဆွယ်ပွဲမှစကာ ၁၉၇၃ ခုနှစ်အထိ အလျား ခုန်နှင့် လက်ဆင့်ကမ်း ပြေးပွဲတို့တွင် ရွှေတံဆိပ်ဆု ၄ ဆုရခဲ့သည်။
ဒေါ်ဂျနီဖာတင်လေးသည် ၁၉၆၇ ခုနှစ်မှ ၁၉၇၅ ခုနှစ် အထိ ကျွန်းဆွယ်ပြိုင်ပွဲ၊ ၁၉၇၇ မှ ၁၉၈၅ ခုနှစ် ဆီးဂိမ်း အထိ သံလုံးပစ်နှင့် သံပြားပစ်ပြိုင်ပွဲများတွင် ရွှေတံဆိပ် စုစုပေါင်း ၁၆ ဆု ဆွတ်ခူးခဲ့သည်။
ဒေါ်မာမာမင်း သည် ၁၉၇၃ ခုနှစ် ကျွန်းဆွယ်ပြိုင်ပွဲမှ စကာ ၁၉၈၉ ခုနှစ် အထိ အမျိုးသမီး တာဝေးပြေးပွဲများမှ စုစုပေါင်း ရွှေတံဆိပ် ၁၀ ဆု ဆွတ်ခူးခဲ့သည်။
ဒေါ်သန်းသန်းသည် ၁၉၇၃ ခုနှစ်မှ စတင်ကာ အရှေ့တောင်အာရှ အားကစားပွဲများ၊ အာရှတံခွန်စိုက် ပြိုင်ပွဲများတွင် ရွှေတံဆိပ် စုစု ပေါင်း (၁၀) ဆု ဆွတ်ခူးခဲ့သည်။ အာရှလက်ရွှေးစင် အဖြစ် ကမ္ဘာ့ တံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ပြိုင်ခွင့်ခဲ့ရသည်။ ဆီးဂိမ်းတွင် အကောင်းဆုံး အမျိုးသမီး ပြေးခုန်ပစ်သမားဆု ၂ ကြိမ် ရခဲ့သည်။
ဒေါ်နုနုရီသည် ၁၉၆၉ ခုနှစ် ရန်ကုန်ကျွန်းဆွယ်ပွဲမှ စကာ ၁၉၇၃ ခုနှစ် ကျွန်းဆွယ်ပြိုင်ပွဲ အထိ အမျိုးသမီး တာလတ်ပြေးပွဲတွင် ရွှေတံဆိပ် ၄ ဆု ဆွတ်ခူးခဲ့သည်။
ဒေါ်ခင်ခင်ထွေးသည် ၁၉၈၅ ခုနှစ်မှ စကာ ၁၉၉၄ ခုနှစ် အတွင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အာရှတံခွန်စိုက် ပြေးခုန်ပစ် ပြိုင်ပွဲများမှ ရွှေတံဆိပ် စုစုပေါင်း ၁၀ ဆု ဆွတ်ခူးခဲ့သည်။ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲများ ဖြစ်သည့် ၁၉၈၈ ဆိုးလ် အိုလံပစ်၊ ၁၉၉၂ ဘာစီလိုနာ အိုလံပစ်၊ ၁၉၉၆ အတ္တလန္တာ အိုလံပစ် တို့တွင် သုံးကြိမ် ဆက်တိုက် ပါဝင် ယှဉ်ပြိုင်ခွင့်ရသည့် တဦးတည်းသော အမျိုးသမီး အားကစားသမားလည်း ဖြစ်သည်။
ဗိုလ်ကြီးကိုကို(ငြိမ်း)သည် ၁၉၇၅ ကျွန်းဆွယ်ပွဲမှ စတင်ကာ ၁၉၇၉ ခုနှစ် ဆီးဂိမ်းအထိ ရွှေတံဆိပ် ၅ ဆုရသည်။
ဗိုလ်ကြီးခင်စိုး (ငြိမ်း)သည် ၁၉၇၅ ကျွန်းဆွယ်ပွဲ မှ စတင်ကာ ၁၉၈၃ ခုနှစ် ဆီးဂိမ်းများတွင် မာရသွန် ပြိုင်ပွဲမှ ရွှေတံဆိပ် ၄ ဆုရခဲ့သည်။
ဦးအောင်သန်းသည် ၁၉၇၁ ကျွန်းဆွယ်ပွဲမှ စတင်ကာ ၁၉၇၉ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲများ အတွင်း တာဝေးပြေးပွဲ များမှ ရွှေတံဆိပ် ၄ ဆု ရခဲ့သည်။
ဦးသန့်ဇင်သည် ၁၉၇၁ မှ ၁၉၈၁ ခုနှစ်အတွင်း ကျွန်းဆွယ်နှင့် ဆီးဂိမ်းပြိုင်ပွဲများမှ အလျားခုန်တွင် ရွှေတံဆိပ် ၆ ဆု ဆွတ်ခူးခဲ့ သည်။
(ဦး) မောင်လှသည် ၁၉၇၅ မှ ၁၉၈၃ ခုနှစ်အတွင်း တာဝေးပြေးပွဲများမှ ရွှေတံဆိပ် ၄ ဆု ဆွတ်ခူးခဲ့သည်။
ထို့အပြင် မြန်မာ့ဂုဏ်ဆောင် လက်ရွှေးစင် ဘောလုံးသမားကြီးဟောင်း ၁၅ ဦးလည်း ဂုဏ်ပြုခံရသည်။
ဦးမျိုးဝင်းညွှန့်သည် အာရှလူငယ် ဘောလုံးပြိုင်ပွဲများမှ ရွှေတံဆိပ် ၃ ဆု၊ အရှေ့တောင်အာရှ ကျွန်းဆွယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၄ ဆု၊ အာရှအားကစားပွဲ ဘောလုံးပြိုင်ပွဲမှ ရွှေတံဆိပ် ၁ ဆု ဆွတ်ခူးခဲ့သည်။
ဦးရဲညွှန့်သည် အာရှလူငယ် ဘောလုံးပြိုင်ပွဲမှ ရွှေတံဆိပ် ၂ ဆု၊ ကျွန်းဆွယ်ပြိုင်ပွဲများမှ ရွှေတံဆိပ် ၄ ဆု နှင့် အာရှ အားကစားပွဲမှ ရွှေတံဆိပ် ၁ ဆု ရခဲ့သည်။
ဗိုလ်ကြီးဝင်းမောင် (ငြိမ်း)သည် အာရှလူငယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၂၊ ကျွန်းဆွယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၃ နှင့် အာရှ အားကစားပွဲမှ ရွှေတံဆိပ် ၁ ဆု ဆွတ်ခူးခဲ့သည်။
ဦးအေးမောင်လေးသည် အာရှလူငယ်ပြိုင်ပွဲ ရွှေတံဆိပ် ၁၊ ကျွန်းဆွယ်ပြိုင်ပွဲ ရွှေတံဆိပ် ၂ နှင့် အာရှအားကစား ပြိုင်ပွဲမှ ရွှေတံဆိပ် ၁ ဆု ဆွတ်ခူးခဲ့သည်။
ဗိုလ်ကြီးတင်အောင် (ငြိမ်း)သည် အာရှလူငယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၂ ၊ ကျွန်းဆွယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၅ ၊ အာရှအားကစားပြိုင်ပွဲ ရွှေတံဆိပ် ၂ ဆု ဆွတ်ခူးခဲ့သည်။
ဦးအေးမောင်ကြီးသည် အာရှလူငယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၃၊ ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄၊ အာရှအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ဆု ဆွတ်ခူးခဲ့သည်။
ဦးသန်းစိုး (ဆပ်သီး)သည် အာရှလူငယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၂ ၊ ကျွန်းဆွယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၂ နှင့် အာရှအားကစားပြိုင်ပွဲမှ ရွှေတံဆိပ် ၁ ဆု ဆွတ်ခူးခဲ့သည်။
ဦးဘပုသည် အာရှလူငယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၂ ၊ ကျွန်းဆွယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၂ နှင့် အာရှအားကစားပြိုင်ပွဲမှ ရွှေတံဆိပ် ၁ ဆု ဆွတ်ခူးခဲ့သည်။
ဦးကျော်သောင်းသည် အာရှလူငယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၁၊ ကျွန်းဆွယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၂ နှင့် အာရှအားကစား ပြိုင်ပွဲမှ ရွှေတံဆိပ် ၁ ဆု ဆွတ်ခူးခဲ့သည်။
ဦးတင်ဟန်သည် အာရှလူငယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၂၊ ကျွန်းဆွယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၂ ၊ အာရှအားကစားပွဲမှ ရွှေတံဆိပ် ၁ ဆု ဆွတ် ခူးခဲ့သည်။
ဦးခင်မောင်တင့်သည် အာရှလူငယ်ပွဲမှ ရွှေတံဆိပ် ၁၊ ကျွန်းဆွယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၁ နှင့် အာရှအားကစားပွဲမှ ရွှေတံဆိပ် ၁ ဆုရရှိခဲ့သည်။
ဦးစိုးပိုင်သည် အာရှလူငယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၂ နှင့် အာရှအားကစားပြိုင်ပွဲမှ ရွှေတံဆိပ် ၁ ဆု ရရှိခဲ့သည်။
ဦးဘရီသည် အာရှလူငယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၃ နှင့် ကျွန်းဆွယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၁ ဆု ရရှိခဲ့သည်။
ဗိုလ်ကြီးတင်အေး (ငြိမ်း)သည် အာရှလူငယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၁၊ ကျွန်းဆွယ်မှ ရွှေတံဆိပ် ၁ နှင့် အာရှအားကစားပွဲမှ ရွှေတံဆိပ် ၁ ဆု ဆွတ်ခူးခဲ့သည်။
ဦးဝင်းမောင် (ပြည်သူ့ရဲ)သည် အာရှလူငယ် ရွှေတံဆိပ် ၂၊ ကျွန်းဆွယ်ပြိုင်ပွဲမှ ရွှေတံဆိပ် ၁ ဆု ဆွတ်ခူးခဲ့သည်။
ပြေးခုန်ပစ်နှင့် ဘောလုံး အားကစားသမား အများစုသာ ဂုဏ်ပြုခြင်းခံရသည်ကို တွေ့ရသည်။ ဘောလုံး အားကစားနည်းမှ ဂုဏ်ပြုခံရသူများနေခြင်းမှာ အသင်းလိုက် ကစားရသည့် အားကစားနည်းဖြစ်သောကြောင့် ဖြစ်သည်။
အလေးမ အားကစားနည်းမှ ဂန္ထဝင် အလေးမ အားကစားသမားကြီး ၄ ဦးလည်း ဂုဏ်ပြုခံရသည်။
ဗိုလ်ကြီး ထွန်းအောင် (ငြိမ်း)သည် ၁၉၅၄ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၊ ၁၉၅၄ ခုနှစ် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ကျင်းပသည့် ကမ္ဘာ့တံခွန်စိုက် အလေးမပြိုင်ပွဲ နှင့် ၁၉၅၅ ခုနှစ်၊ အနောက် ဂျာမနီ နိုင်ငံ မြူးနစ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့တံခွန်စိုက် အလေးမပြိုင်ပွဲ တို့တွင် တတိယ ဆု တံဆိပ် ဆွတ်ခူးခဲ့သည်။
ဦးထိန်ဝင်းသည် ကျွန်းဆွယ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ ဆု ဆွတ်ခူးနိုင်ခဲ့သည်။
ဦးအေးဝင်းသည် ကျွန်းဆွယ် အလေးမပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ ဆု ဆွတ်ခူးခဲ့သည်။
ဗိုလ်ကြီးစန်းမြင့် (ငြိမ်း)သည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအထိ ရွှေတံဆိပ် ၁၃ ဆု ဆွတ်ခူးရရှိခဲ့သည်။
ဒေါ်ခင်မူမူ (ဂျူဒို) သည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၁၉၈၁ မှ ၈၇ ခုနှစ်အတွင်း ဂျူဒိုပြိုင်ပွဲများ၌ ရွှေတံဆိပ် ၆ ဆု ဆွတ် ခူး ခဲ့သည်။
ဦးထွန်းလင်း (ဘော်လီဘော) သည် ၁၉၇၅ ကျွန်းဆွယ်မှ ၁၉၈၇ အတွင်း အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ် ၄ ဆု ဆွတ်ခူးခဲ့သည်။
ဦးမောင်မောင်လေး (တင်းနစ်)သည် ကျွန်းဆွယ်အားကစားပြိုင်ပွဲမှ ရွှေတံဆိပ် ၄ ဆု ဆွတ်ခူးခဲ့သည်။
ဦးမြင့်အောင် (ကျွမ်းဘား)သည် ၁၉၆၉ ရန်ကုန်ကျွန်းဆွယ် ပြိုင်ပွဲ၌ ရွှေတံဆိပ် ၆ ဆု ရသည်။
ဒေါ်ခင်မာဦး (လှေလှော်)သည် အရှေ့တောင်အာရှ အားကစားပွဲများတွင် ရိုးရာလှေ၊ အနောက်တိုင်းလှေနှင့် ကယက် လှေပြိုင်ပွဲများမှ စုစုပေါင်း ရွှေတံဆိပ် ၇ ဆု ရရှိခဲ့သည်။
ဒေါ်မြချိုဦး (လှေလှော်)သည် အရှေ့တောင်အာရှအားကစားပွဲ လှေလှော်ပြိုင်ပွဲ၌ ရွှေတံဆိပ် ၅ ဆုရရှိခဲ့သည်။
ဦးခင်မောင်မြင့် (လှေလှော်)သည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ကယက်လှေနှင့် ရိုးရာ လှေပြိုင်ပွဲများမှ ရွှေတံဆိပ် ၄ ဆု ရရှိခဲ့သည်။
ဒေါ်သန်းသန်းဦး (လှေလှော်)သည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ရိုးရာလှေပြိုင်ပွဲများမှ ရွှေတံဆိပ် ၄ ဆု ရသည်။
ဦးဘုန်းမြင့်တေဇာ (လှေလှော်)သည် အရှေ့တောင်အာရှ အားကစားပွဲ၊ လှေလှော်ပြိုင်ပွဲ၊ ရိုးရာလှေနှင့် ကယက် အမျိုးအစားတို့မှ ရွှေတံဆိပ် ၄ ဆု ရသည်။
ဒေါ်ခင်ခင်မော်(ဝူရှူး)သည် အာရှအားကစားပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ ဆု၊ အရှေ့တောင်အာရှ အားကစားပွဲများမှ ရွှေတံဆိပ် ၃ ဆုဆွတ် ခူး ခဲ့သည်။
ဆွေဆွေသန့် (ဝူရှူး)သည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများမှ ရွှေတံဆိပ် ၄ ဆု ရရှိသည်။
ဒေါ်အောင်ငြိမ်း (မြားပစ်)သည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၅ ဆု ဆွတ်ခူးခဲ့သည်။
ဦးဇော်လတ် (ပိုက်ကျော်ခြင်း)သည် အာရှအားကစားပွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲ၌ ရွှေတံဆိပ် ၁ ဆု နှင့် အရှေ့တောင်အာရှ အား ကစား ပြိုင်ပွဲမှ ရွှေတံဆိပ် ၃ ဆု ဆွတ်ခူးခဲ့သည်။
ဦးစည်သူလင်း (ပိုက်ကျော်ခြင်း)သည် အာရှပြိုင်ပွဲမှ ရွှေတံဆိပ် ၁၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှ ရွှေတံဆိပ် ၄ ဆု ရရှိခဲ့သည်။
ဒေါ်ဖြူဖြူသန်း (ပိုက်ကျော်ခြင်း)သည် အာရှပြိုင်ပွဲနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများမှ ရွှေ တံဆိပ် ၆ ဆု ဆွတ်ခူးခဲ့ သည်။
ဒေါ်ကြူကြူသင်း (ပိုက်ကျော်ခြင်း)သည် အာရှနှင့် အရှေ့တောင်အာရှ အားကစားပွဲများမှ စုစုပေါင်း ရွှေတံဆိပ် ၇ ဆု ဆွတ်ခူးခဲ့ သည်။
ဒေါ်မေဇင်ဖြိုး (ပိုက်ကျော်ခြင်း)သည် အာရှနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများမှ ရွှေတံဆိပ် ၆ ဆု ဆွတ်ခူးခဲ့သည်။
ဂုဏ်ပြုခံ အားကစား မောင်မယ်များကို ဆုတံဆိပ်များနှင့် အတူ အားကစားဝန်ကြီး ဦးတင့်ဆန်းက ကျပ်ငွေ သုံးသိန်း၊ အိုလံပစ် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဦးဇော်ဇော် (မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ) က ကျပ်ငွေ နှစ်သိန်း စုစုပေါင်း ငွေသားဆု ကျပ်ငွေ ၅ သိန်း ချီးမြှင့်ခဲ့သည်။
မောင်ဗမာ စက်ဘီးတစီး၊ ရေဒီယိုလေး တလုံးလောက်သာ ဂုဏ်ပြုခြင်း ခံခဲ့ရသည့် ရွှေရောင်ခေတ်မှ မြန်မာ့ ဂုဏ်ဆောင် အား ကစား မောင်မယ်များသည် အောင်မြင်မှုရရှိခဲ့ပြီးနောက် နှစ်ပေါင်း ၅၀ ကျော် ၆၀ နီးပါး အကြာ ၂၀၁၁ ခုနှစ် လွန်ခေတ်ကျမှ ယခုကဲ့ သို့ ဂုဏ်ပြု ခံကြရခြင်း ဖြစ်သည်။
လက်ရွေးစင် အားကစားသမားတချို့ အထူးသဖြင့် အာရှအားကစားပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့သူ မြန်မာ့ ဂုဏ်ဆောင် အားကစား သမားကြီးများအားလည်း ထိုက်သင့်သလို ဂုဏ်ပြုသင့်ပါသည်။ မြန်မာ့ ဂုဏ်ဆောင်ခဲ့ ကြသည့် တချို့သော လက်ရွှေးစင် အားကစားသမား ဟောင်းကြီးများ အစစအရာရာချို့တဲ့နေသည်ကို သက်ဆိုင်ရာ စေတနာရှင်များက ကူညီထောက်ပံ့ပေး ကြ စေလိုပါသည်။ ။