၂၀၁၄ ခုနှစ် ဇွန်လ ၁၃ ရက်မှ စတင်ကာ အကြိမ် ၂၀ မြောက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဘရာဇီးနိုင်ငံတွင် စတင်ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ယခင် ၁၉၃၀ ပြည့်နှစ်မှ စတင်ကာ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲအထိ ကျင်းပသည့် အကြိမ်ပေါင်း ၁၉ ကြိမ်တွင် ကမ္ဘာ့ဘောလုံးပွဲ ချန်ပီယံဖြစ်သည့် နိုင်ငံများမှာ ၈ နိုင်ငံသာရှိသေးသည်။
ဥရုဂွေး၊ ဘရာဇီး၊ အာဂျင်တီးနား၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် စပိန်နိုင်ငံတို့ဖြစ်သည်။ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အင်္ဂလန်အသင်းနှင့် စပိန်အသင်းတို့ တကြိမ်စီသာ ဗိုလ်လုပွဲရောက်ပြီး ပထမဆုရကြသည်။ ဥရုဂွေးအသင်းကလည်း နှစ်ကြိမ်ဗိုလ်လုပွဲတက်ပြီး နှစ်ကြိမ် (၁၉၃၀၊၁၉၅၀) ပထမရသည်။ သို့ဖြစ်ရာ ပထမဆုရသော်လည်း ဒုတိယဆုမရသည့်အသင်း ၃ သင်းရှိသည်။
ဘရာဇီး၊ ဂျာမနီ၊ အီတလီ၊ ပြင်သစ်နှင့် အာဂျင်တီးနားနိုင်ငံတို့သာ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများကို အပြန်အလှန်ရယူနေကြသည်ကို တွေ့ကြသည်။ ဘရာဇီးသည် ၁၉၅၀၊ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဘောလုံးပွဲတွင် ဒုတိယရသည်။ ဂျာမနီအသင်းက ၁၉၆၆၊ ၁၉၈၂၊ ၁၉၈၆၊ ၂၀၀၂ တို့တွင် ဒုတိယရသည်။ အီတလီအသင်းက ၁၉၇၀ နှင့် ၁၉၉၄ တို့တွင် ဒုတိယရဖူးသည်။ အာဂျင်တီးနားအသင်းကလည်း ၁၉၃၀၊ ၁၉၉၀ ကမ္ဘာ့ဖလားဘောလုံးပွဲတို့တွင် ဒုတိယရသည်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် နောက်ဆုံးဗိုလ်လုပွဲအထိရောက်ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်လိုက်ကြရသည့် နိုင်ငံများမှာ ပထမရသည့် နိုင်ငံများ၏ ၅၀ ရာခိုင်နှုန်းသာရှိသည်။ ဟန်ဂေရီ (၁၉၃၈၊ ၁၉၅၄) ၊ ချက်ကိုစလိုဗက်ကီးယား (၁၉၃၄၊ ၁၉၆၂) ၊ ဆွီဒင် (၁၉၅၈) ၊ နယ်သာလန် (၁၉၇၄၊ ၁၉၇၈၊ ၂၀၁၀) တို့ဖြစ်ကြသည်။ နိုင်ငံပေါင်း ၄ နိုင်ငံက ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပသည့် ၁၉ ကြိမ်တွင် ၈ ကြိမ်ထဲသာ ဒုတိယဆုရရှိခဲ့ကြသည်။
သို့ဖြစ်ရာ လက်ရှိကျင်းပနေသော ကမ္ဘာ့ဘောလုံးပွဲများတွင် မည်သည့်နိုင်ငံများကသာ လွှမ်းမိုးထားသည်ကို သိသာထင်ရှားစွာ သိနိုင်သည်။
မရဏအုပ်စု
၂၀၁၄ ခုနှစ်တွင် ကျင်းပသည့် အကြိမ် ၂၀ မြောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ၁၉၃၁ ပြည့်နှစ်မှာ ၂၀၁၁ ပြည့်နှစ်အတွင်း ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ကြသည့်အသင်း ၈ သင်း (ဘရာဇီး၊ ဥရုဂွေး၊ အာဂျင်တီးနား၊ အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် စပိန်) တို့ပါဝင်လာသည်။
ယင်း ကမ္ဘာ့ချန်ပီယံကောင်းအသင်း ၈ သင်းထဲမှ တသင်းသည် အုပ်စုအဆင့်မှာ ထွက်သွားရန် သေချာသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းအသင်းက အုပ်စုဖွဲ့စည်းထားသည့် အုပ်စု D တွင် ကမ္ဘာ့ချန်ပီယံနိုင်ငံများဖြစ် သည့် ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်အသင်းများ တအုပ်စုထဲတွင် ပါဝင်နေသောကြောင့်ဖြစ်သည်။ ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်တို့အနက် တသင်းသင်းမှာ အုပ်စုမှပင် ကျန်ရစ်ပေမည်။ မရဏအုပ်စု (Group of Death) မှ နှစ်သင်းသာ ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်နိုင်မည်။
ကမ္ဘာ့တဝှမ်းမှ ဘောလုံးဝါသနာရှင်အားလုံးသည် ယင်းအုပ်စုပွဲအပေါ် စိတ်ဝင်စားနေမည်မှာ သေချာသည်။ ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်အသင်းတို့ ယခင်ကမ္ဘာ့ဖလားဘောလုံးပွဲများ၌ အောင်မြင်မှုများ ပြန်လည် သုံးသပ်ကြည့်လျှင် အီတလီအသင်းမှာ အအောင်မြင်ဆုံးအသင်းဖြစ်သည်။ အီတလီအသင်းသည် ၁၉၃၄၊ ၁၉၃၈၊ ၁၉၈၂ နှင့် ၂၀၀၆ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ပထမရခဲ့သည်။ ၁၉၇၀ နှင့် ၁၉၉၄ ကမ္ဘာ့ဖလားဘောလုံးပွဲတို့တွင် ဒုတိယ နှစ်ကြိမ်ရထားသည်။ နှစ်ကြိမ်စလုံးတွင် ဘရာဇီးအသင်းကို ရှုံးနိမ့်ပြီး ဒုတိယရခြင်းဖြစ်သည်။ ၁း၄(၁၉၅၀)၊ ဝး၃ (ပင်နယ်လီဂိုးအဆုံးအဖြတ်) ၁၉၄၄ တို့ဖြစ်သည်။
အီတလီပြီးလျှင် ဥရုဂွေးက ကမ္ဘာ့ဖလားဘောလုံး နှစ်ကြိမ် (၁၉၃၀၊ ၁၉၅၀) တွင် ပထမရသည်။ ဒုတိယဆု ရရှိခြင်း မရှိပါ။ အင်္ဂလန်အသင်းက ၁၉၆၆ ကမ္ဘာ့ဘောလုံးပွဲတွင် ချန်ပီယံဖြစ်ခဲ့ဖူးသည်မှ ဆုတံဆိပ်ရရှိခြင်း မရှိခဲ့ပါ။
အီတလီအသင်းအနေဖြင့် ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ရုပ်ပျက်ဆင်းပျက် မရှုမလှ ရှုံးနိမ့်ခဲ့ဖူးသည်။ အာရှတိုက် ကိုယ်စားပြု မြောက်ကိုရီးယားအသင်းကို အုပ်စုအဆင့်တွင် ဝး၁ ဂိုးဖြင့် ရှုံးပြီးအုပ်စုမှ ထွက်ခဲ့ရခြင်းဖြစ်သည်။
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲ ဝင်ရောက်ယှဉ်ကြသည့် နိုင်ငံများကို ဖီဖာက အဆင့်သတ်မှတ်ရာတွင် ဥရုဂွေးအဆင့် ၆၊ အီတလီက နယ်သာလန်နှင့် တွဲ၍ အဆင့် ၈ နှင့် အင်္ဂလန်ကအဆင့် ၁၀ တို့တွင် ရှိသည်။
ဥရုဂွေး၊ အီတလီနှင့် အင်္ဂလန်အသင်းတို့နှင့် အတူတူ အုပ်စု D တွင်ပါဝင်သည့် အော်စကာရီကာအသင်းကမူ ကျန်သုံးသင်းနှင့် ဘောလုံးသမ္ဘာ ပါဝါ နိမ့်လွန်းအားကြီးသည့် ကမ္ဘာ့အဆင့် ၃၁ သာရှိသည်။
ကမ္ဘာ့ချန်ပီယံကောင်း ၅ နိုင်ငံမှာတရပ်ခုတွင် တသင်းသာ ပါဝင်နေသည်။ အုပ်စု A ဘရာဇီး၊ အုပ်စု B စပိန်၊ ပြင်သစ် အုပ်စု E ၊ အာဂျင်တီးနား အုပ်စု F ၊ ဂျာမနီ အုပ်စု G တို့ဖြစ်သည်။
အုပ်စု A
၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲတွင် မည်သည့် အသင်း ပထမရမည်ကို ကြိုတင်ခန့်မှန်းရန် မလွယ်ကူပါ။ သို့သော် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့ဘောလုံးသုတေသီများကမူ အိမ်ရှင်ဘရာဇီးအသင်းအပေါ် အလေးပေးနေကြသည်။ သို့ဖြစ်ရာ ဘရာဇီးအသင်းပါဝင်သည့် အုပ်စု A ကိုလေ့လာကြည့်လိုပါသည်။
ဘရာဇီးအသင်း ၁၉၃၁ ပြည့်နှစ်မှ ယခု ၂၀၁၄ အထိ ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပသည့် အကြိမ် ၂၁ လုံးတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ရသည့် တခုတည်းသော နိုင်ငံဖြစ်သည်။ ကမ္ဘာ့ချန်ပီယံ ၅ ကြိမ် (၁၉၅၈၊ ၁၉၆၂၊ ၁၉၇၀၊ ၁၉၉၄ နှင့် ၂၀၀၂) ၊ ဒုတိယနှစ်ကြိမ် (၁၉၅၀၊ ၁၉၉၈) ရထားသည့် အသင်းဖြစ်သည်။ လက်ရှိ ကမ္ဘာ့အဆင့် ၃ ဖြစ်သည်။
ခရိုအေးရှားအသင်းမှာ ၁၉၉၈ ပြင်သစ် ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဟော်လန်အသင်းကို ၂း၁ ဖြင့်နိုင်ပြီး တတိယဆု ဆွတ်ခူးနိုင်ခြင်းမှာ အမြင့်ဆုံးအောင်မြင်မှု ဖြစ်သည်။ ကမ္ဘာ့အဆင့် ၁၈ ဖြစ်သည်။
မက်ဆီကိုအသင်းမှာ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဆုတံဆိပ် ရရှိခဲ့ဖူးခြင်း မရှိပါ။ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ၂၄ ဖြစ်သည်။
ကင်မရွန်းအသင်းမှာလည်း ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အုပ်စုအဆင့်ကသာ လှည့်ပြန်ရသည်က များသည်။ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၅၉ သာရှိသည်။ သို့ဖြစ်ရာ စာရွက်ပေါ်မှ မှတ်တမ်းများအရ အုပ်စု A မှ ဘရာဇီးနှင့် ခရိုအေးရှားအသင်းတို့ ၁၆ သင်း ရှုံးထွက်အဆင့်သို့ ချီတက်ရေးကို မက်ဆီကိုအသင်းက ဟန့်တားနိုင်ခြင်းရှိမရှိ ဆိုသည်ကိုမူ ပွဲကစားပြီးမှ အဖြေသိနိုင်ကြပါမည်။
အာရှနှင့် ကမ္ဘာ့ဖလား
အာရှတိုက်မှ နိုင်ငံတနိုင်ငံက ၁၉၃၈ ပြင်သစ် ကမ္ဘာ့ဖလားပွဲတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ဖူးသည်။ Dutch East Indies နာမည်နှင့် ဖြစ်သည်။ ယခု အင်ဒိုနီးရှားအသင်း ဖြစ်သည်။ ပထမဆုံး အဆင့်မှာပင် ဟန်ဂေရီအသင်းကို ဝး၆ ဂိုးဖြင့် ရှုံးသည်။
ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့ ဒုတိယ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အာရှကိုယ်စားပြု အသင်းမှာ တောင်ကိုရီးယားအသင်း ဖြစ်သည်။ ဆွစ်ဇာလန် နိုင်ငံတွင် ကျင်းပသည့် ၁၉၅၄ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဖြစ်သည်။ ဟန်ဂေရီကို ဝး၉၊ တူရကီကို ဝး၇ ဖြင့် ရှုံးသည်။
ကမ္ဘာ့ဖလားဘောလုံးပွဲတွင် အာရှတိုက်မှ ပထမဆုံး အောင်မြင်မှုရသည့် အသင်းမှာ မြောက်ကိုရီးယားအသင်း ဖြစ်သည်။ ၁၉၆၆ အင်္ဂလန် ကမ္ဘာ့ဖလားဘောလုံးပွဲတွင် မြောက်ကိုရီးယားအသင်းသည် အုပ်စု ၄ ၌ အီတလီအသင်းကို ၁း၀ ဖြင့် နိုင်သည်။ ချီလီအသင်းနှင့် ၁း၁၊ ဆိုဗီယက် ပြည်ထောင်စုကို ၁း၃ ဖြင့် ရှုံးသည်။ အမှတ် ၃ မှတ်ရပြီး ကွာတားဖိုင်နယ် တက်သည်။ ပေါ်တူကီကို ၃ ဂိုးသွင်းပြီး ၅ ဂိုး ပြန်သွင်းခံရပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။
၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲ အာရှတိုက် ကိုယ်စားပြု ဂျပန်၊ တောင်ကိုရီးယား၊ အီရန်နှင့် သြစတြေးလျ အသင်းတို့ ခြေစစ်ပွဲအောင်သည်။
ဂျပန်အသင်းသည် အုပ်စု C တွင် ကိုလံဘီယာ၊ ဂရိ၊ အိုင်ဗရီကို့(စ) အသင်းတို့နှင့် ကစားမည်ဖြစ်သည်။ ဖီဖာ၏ အဆင့်သတ်မှတ်ချက်တွင် ဂရိ ၁၅၊ အိုင်ဗရီကို့(စ) ၁၇၊ ဂျပန် ၄၄ နှင့် အီရန် ၄၉ တို့ဖြစ်သည်။ ဂျပန်တို့၏ ဘူရှီဒိုစိတ်ဓာတ်နှင့် ဆာမူရိုင်းရဲစွမ်းသတ္တိတို့ကြောင့် နောက်တဆင့် တက်နိုင်ဖွယ်ရှိသည်။
တောင်ကိုရီးယားအသင်းက အုပ်စု H တွင် ဘယ်(လ)ဂျီယံ၊ အယ်(လ)ဂျီးရီးယား၊ ရုရှားအသင်းများနှင့် ကစားရမည်ဖြစ်သည်။ အဆင့်သတ်မှတ်ချက် တောင်ကိုရီးယား ၅၆၊ ရုရှား ၁၉၊ အယ်(လ)ဂျီးရီးယား ၃၂ နှင့် အီရန် ၄၉ တို့ဖြစ်သည်။ တောင်ကိုရီးယားအသင်း နောက်တဆင့် တက်ရေး စာရွက်ပေါ်မှ မှတ်တမ်းအရ မလွယ်ပါ။
အီရန်အသင်းမှာ အုပ်စု F တွင် အာဂျင်တီးနား၊ ဘော့စနီးယား၊ နိုင်ဂျီးရီးယားအသင်းတို့ ကစားရမည် ဖြစ်သည်။ အာဂျင်တီးနားမှာ ကမ္ဘာ့အဆင့် ၅ နိုင်ငံဖြစ်သည်။ ဘော့စနီးယားအသင်းမှာ ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲကျမှ ပထမဆုံး ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ နိုင်ဂျီးရီးယား ၃၃ နှင့် အီရန် ၄၉ ဖြစ်သည်။ အုပ်စု ဒုတိယ နေရာအတွက် အီရန်၊ ဘောစနီးယားနှင့် နိုင်ဂျီးရီးယားတို့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိသည်။
သြစတြေးလျ အသင်းသည် အာရှတိုက်၏ မွေးစားအသင်း ဖြစ်သည်။ အာရှ ဘောလုံးလောကနှင့် လာရောက် ပူးပေါင်းထားသည့် အသင်းဖြစ်သည်။ အာရှတိုက်တွင် သြစတြေးလျ အသင်း၏ အခြေစိုက်ရာဒေသမှာ အရှေ့တောင် အာရှဒေသ ဖြစ်သည်။
သြစတြေးလျအသင်းသည် အုပ်စု ၂ ၌ စပိန် (လက်ရှိချန်ပီယံ)၊ နယ်သာလန် (၂၀၁၀ ငွေတံဆိပ်ဆုရှင်)၊ ချီလီအသင်းတို့နှင့် အတူကစားရမည် ဖြစ်သည်။ အုပ်စုအဆင့်တွင် ကစားရခြင်းသည်ပင်လျင် သြစတေးလျ အသင်းအတွက် အမြတ်ဟုပင် သတ်မှတ်ရမည် ဖြစ်သည်။
ထူးခြားချက်များ
ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပွဲမှာ ယခင် ၁၉ ကြိမ်နှင့် မတူသည့် ထူးခြားချက်များရှိသည်။ ယင်းအချက်များထဲမှ အဓိကအကျဆုံးမှာဘရာဇီးနိုင်ငံတွင် ကျင်းပသည့် ကမ္ဘာ့ဖလားဘောလုံးပွဲကို ဘရာဇီး ပြည်သူတချို့က ဆန့်ကျင်ကန့်ကွတ်နေကြခြင်းပင် ဖြစ်သည်။
ဒုတိယထူးခြားချက်မှာ ဥရောပတိုက်မှ ဘော့စနီးယားနိုင်ငံက ကမ္ဘာ့ဖလားဘောလုံးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်သည်။ တတိယထူးခြားချက်မှာ ၂၀၁၀ ကမ္ဘာ့ဖလားပွဲတွင် ဖလားလုခဲ့သည့် စပိန်အသင်းနှင့် နယ်သာလန် အသင်းတို့ တအုပ်စုထဲအတူတူကျနေခြင်း ဖြစ်သည်။
စတုတ္ထ ထူးခြားချက်မှာ ကမ္ဘာ့ချန်ပီယံလောင်းများ ဖြစ်ကြသည့် အီတလီ၊ အင်္ဂလန်နှင့် ဥရုဂွေးအသင်းတို့၏ တအုပ်စုထဲတွင် ကစားရခြင်းဖြစ်သည်။
ချန်ပီယံ
၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲတွင် မည်သည့်အသင်း ပထမရမည် ဆိုခြင်းကို ခန့်မှန်းရန်မှာ စောပါသေးသည်။ သို့သော် ချန်ပီယံ ဖြစ်နိုင်သည့် အသင်းများကိုမူခန့်မှန်းနိုင်မည် ထင်ပါသည်။
တောင်အမေရိကတိုက်မှ ဘရာဇီးနှင့် အာဂျင်တီးနား၊ ဥရောပတိုက်မှ စပိန်၊ ဂျာမနီ၊ အီတလီနှင့် နယ်သာလန်တို့ထဲမှ တသင်းသင်းသာလျင် ချန်ပီယံအသစ်အဖြစ် ပေါ်လာဖွယ် ရှိပါသည်။
တောင်အမေရိကတိုက် ဥရုဂွေး၊ အီကွေဒေါ၊ မြောက်အမေရိကတိုက်မှ အမေရိကန်၊ ဥရောပတိုက်မှ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလန် အသင်းတို့ကို “တော်ကောင်း”အသင်းများဟု သတ်မှတ်လိုပါသည်။
ဘောလုံးအသင်းတသင်း၏ အနိုင်အရှုံးကို ကြိုတင်ခန့်မှန်း ကြရာတွင် ယင်းအသင်း၏ အနီးကပ်ဆုံးရလဒ်များ၊ ပြိုင်ပွဲဝင်မည့် အသင်းသားများ၏ စိတ်အခြေအနေ၊ ကိုယ်ကာယ၊ ကျန်းမာ ကြံ့ခိုင်မှု အခြေအနေ၊ နည်းပြဆရာ၏ အသင်းပေါ် ကိုင်တွယ်ခြင်းစသည်များကို ထည့်သွင်းတွက်ချက်နိုင်ကြမှသာလျင် အနီးကပ်ဆုံး အဖြေရရှိနိုင်ဖွယ်ရှိကြောင်း ဖြေလိုက်ရပါသည်။