နိုင်ငံကိုယ်စားပြုအသင်းတွေ ယှဉ်ပြိုင်ကြတဲ့ ဘောလုံးပွဲကို နိုင်ငံအချင်းချင်းဖြစ်တဲ့ စစ်ပွဲနဲ့ နှိုင်းယှဉ်ကြတယ်။ ဘောလုံးပွဲဟာ အမျိုးသားရေးစိတ်ဓာတ်တွေ တရားဝင်ပြသခွင့်ရတဲ့ ကစားနည်း ဖြစ်သလို၊ အာဏာရှင်အစိုးရတွေက အသုံးချတဲ့ အားကစားနည်းတခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဘောလုံးပွဲကို အမျိုးသားရေး ဇာတ်သွင်းတာကို တချို့က ဝေဖန်ကြပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပွဲတွေကို မြန်မာတွေလည်း အိပ်ရေးပျက်ခံအားပေးကြတယ်။ ကမ္ဘာ့ အဆင့်အတန်းမမီလို့ မြန်မာအသင်း မပါပေမယ့် ကိုယ်ကြိုက်တဲ့ အသင်းကို မွေးစား အားပေးကြတယ်။ ကိုယ့်နိုင်ငံ အသင်းမဟုတ်လို့ နိုင်နိုင်၊ ရှုံးရှုံး ခံစားရလည်း ခဏပါ။ ပြီးခဲ့တဲ့ ဆီးဂိမ်းမှာတုန်းက မြန်မာအသင်း ရှုံးသလိုမျိုး ကြေကွဲခံစားရမှာ မဟုတ်တာ သေချာပါတယ်။
နိုင်ငံတကာမှာ ယှဉ်ပြိုင်ကြတဲ့အခါ ဘယ်လို အားကစားနည်းတွေထဲမှာ ဘောလုံးကတော့ လူကြိုက်အများဆုံး၊ အကျယ်ပြန့်ဆုံး အားကစားပါပဲ။ ကိုယ့်နိုင်ငံအသင်း အနိုင်၊ အရှုံးဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာ၊ လူမျိုးရဲ့ ဂုဏ်သိက္ခာအထိ သက်ဆိုင်တယ်။ အင်္ဂလိပ်တွေကဆိုရင် အင်္ဂလန်ဘောလုံးအသင်း နည်းပြတာဝန်ဟာ ဝန်ကြီးချုပ်တာဝန်ပြီးရင် ဒုတိယ အရေးအကြီးဆုံးလို့ အဆိုရှိပါတယ်။ ရယ်စရာ မောစရာလိုလို ပြောကြတာဆိုပေမယ့် တစိတ်တပိုင်းမှန်တဲ့ဲ့ ဟာသပါ။ ဒီနေ့ တကမ္ဘာလုံးမှာ ကစားနေကြတဲ့ ဘောလုံး ကစားနည်းကို ဖြန့်ဖြူးခဲ့တဲ့ လူမျိုးကလည်း အင်္ဂလိပ်လူမျိုးတွေ ပါပဲ။
ဒါပေမယ့် ဘောလုံးပွဲကို အမျိုးသားရေးဇာတ်သွင်းတာကို လက်မခံနိုင်တဲ့သူတွေထဲမှာ နာမည်ကျော် အင်္ဂလိပ်စာရေးဆရာ ဂျော့ချ်အော်ဝဲလ်လည်း ပါဝင်တယ်။ ဘောလုံးပွဲကြောင့် နိုင်ငံတွေ အချင်းချင်းကြားမှာ ချစ်ကြည်ရင်းနှီးမှု ရတယ်ဆိုတာကို ဂျော့ချ်အော်ဝဲလ် က လက်မခံပါဘူး။ အားကစား စိတ်ဓာတ် (the sporting spirit) ဆိုတဲ့ သူရဲ့အက်ဆေးတပုဒ်မှာ ဘောလုံးပွဲတွေကို အမျိုးသားရေး စိတ်ဓာတ်အခံနဲ့ ကစားကြမယ်ဆိုရင် သေနတ်မပစ်တဲ့ စစ်ပွဲတပွဲနဲ့ အတူတူပါပဲလို့ အပြစ်တင်ခဲ့တယ်။ ဘောလုံးပွဲနဲ့ အမျိုးသားရေး ဝါဒ ရောထွေးနေရင် အပြိုင်အဆိုင် စိတ်ဓာတ်တွေ၊ အမုန်းတရားတွေကို ဆွပေးသလိုပဲလို့ အပြစ်တင်ခဲ့တယ်။
အမျိုးသားရေး စိတ်အခံနဲ့ ကစားတဲ့အခါ ကစားပွဲဟာလည်း ဘယ်တော့မှ မျှတတဲ့ ကစားပွဲမဖြစ်နိုင်ဘူး။ အမုန်းတရားတွေ၊ မနာလိုဝန်တိုမှုတွေ၊ မာန်နထောင်လွှာတာတွေကြောင့် ကစားပွဲစည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်ပြီး ရုန်းရင်းဆန်ခတ်နဲ့ ပွဲပျက်သွားတာများတယ်လို့ ရေးထားပါတယ်။ ဒုတိယ ကမ္ဘာစစ် အစောပိုင်းကာလ ၁၉၄၁ မှာ ရေးခဲ့တဲ့ အက်ဆေး ဖြစ်လို့ အဲဒီကတည်းက အငြင်းပွားခဲ့ရပြီး အခုထိ အငြင်းပွားစရာ အယူအဆပါ၊ စစ်ဖြစ်နေတဲ့အချိန်မှာ ဘောလုံးပွဲကို ချစ်ကြည်ရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ သဟဇာတဖြစ်ရေး ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကစားဖို့မဖြစ်နိုင်ဘူးလို့ ဂျော့ချ်အော်ဝဲလ်က မြင်တာကို နားလည်နိုင်ပါတယ်။
ဒါပေမယ့် ဘောလုံးပွဲကတော့ အပျော်အားကစားဆိုတဲ့ ဘောင်ကို ကျော်ပြီး နိုင်ငံရေးနဲ့ အမျိုးသားရေးနယ်ထဲကနေ နောက်ပြန်လှည့်လို့ မရတော့ပါဘူး။ ဖောက်ကလန်ကျွန်းစစ်ပွဲနဲ့ ရှုံးတဲ့ အာဂျင်တီးနားသားတွေက ၁၉၈၆ ကမ္ဘာ့ဖလားမှာ မာရာဒိုနာက အင်္ဂလန်အသင်းကို ဒိုင်မမြင်အောင် လက်နဲ့ ပုတ်သွင်းပြီး နိုင်တော့ “ဘုရားပေးတဲ့လက်” ဆိုပြီး ပျော်ကြတယ်။ ၁၉၅၄ မှာ ဂျာမန်အသင်းက ဟန်ဂေရီ အသင်းကို အနိုင်ရတော့လည်း စစ်ရှုံးပြီး သိမ်ငယ်နေတဲ့ ဂျာမန်တွေ ပျော်ကြ အောင်ပွဲခံကြတယ်။ ၁၉၈၈ ဥရောပ ချန်ပီယံဖလား ဆီမီးဖိုင်နယ်ပွဲမှာ ဟော်လန် အသင်းက ဂျာမန် အသင်းကို အနိုင်ရတဲ့အခါ ဟော်လန်သားတွေက ဂျာမန်ကို လက်စားချေနိုင်တာပဲ ဆိုပြီ လမ်းပေါ်မှာ နေ့ရောညပါ အောင်ပွဲခံကြတယ်။ လူအုပ်ကြီးဟာ ၁၉၄၅ မေလမှာ လွတ်လပ်ရေးရတဲ့ အချိန်က အောင်ပဲွဲခံတဲ့လူဦးရေထက် ပိုများတယ်လို့ ဆိုတယ်။ အခုအထိလည်း ဥရောပမှာ ဘောလုံးပွဲနဲ့ အမျိုးသားရေးဝါဒ ဒွေးရောယှက်တင် ဖြစ်မှုက လုံးဝပျောက်သွားတော့ မဟုတ်ပါဘူး။ ဒါပေမယ် အရင်လောက် မပြင်းထန်တော့ပါဘူး။ ဂျာမနီ အသင်း နိုင်သွားလို့ အရင်လို ကမ္ဘာစစ်ခံစားချက်နဲ့ တွဲပြီး မခံမရပ်နိုင် မဖြစ်ကြတော့ပါဘူး။ စစ်ပွဲတွေ အလွန် ဥရောပဟာ ပိုပေါင်းစည်းသွားသလို ဘောလုံးပွဲ ယဉ်ကျေးမှုကလည်း ပိုပြီး သဘောထားကြီးတဲ့ဘက်၊ သဟဇာတဖြစ်မှုဘက်ကို တဖြည်းဖြည်း ပြောင်းလာပါတယ်။
ဒါပေမယ့် ဂျော့ချ်အော်ဝဲလ်ရဲ့ အက်ဆေးထဲမှာပါတဲ့ မြန်မာပြည်မှာကေတော့ အခုအထိ မပြောင်းလဲသေးပါဘူး။ ဂျော့ချ်အော်ဝဲဟာ မြန်မာပြည်မှာ ရဲဝန်ထမ်းအဖြစ် နှစ်အနည်းငယ်နေထိုင်ခဲ့ပြီး မြန်မာပြည် နောက်ခံကားထားပြီး Burmese Days ကို ရေးသားခဲ့ပါတယ်။ အိန္ဒိယနဲ့ မြန်မာပြည်မှာ သူကြည့်ခဲ့ဖူးတဲ့ ဘောလုံးပွဲတွေမှာ ဆိုရင် ဘောလုံးကွင်းထဲကို ပရိသတ်တွေ မဝင်နိုင်အောင် ရဲတွေ အလုံးအရင်းနဲ့ ပိတ်ထားရတယ်။ တခါက မြန်မာပြည်က ဘောလုံးပွဲမှာ ပွဲရှိန်တက်နေတုန်း အဆုံးအဖြတ် အချိန်မျိုးမှာ လူအုပ်ကြီးက ရဲတွေကို ထိုးဖောက်ပြီး တဖက်အသင်းရဲ့ ဂိုးသမားကို ဝိုင်းချုပ်ထားတဲ့ အထိ ဖြစ်တယ်လို့ ရေးထားတယ်။
ဒီဘက်ခေတ်မှာလည်း နေ့စဉ်ဘဝမှာ စိတ်ပျက်နေကြတဲ့ မြန်မာပြည်သူတွေဟာ ခံစားချက်တွေကို ဖွင့်ထုတ်ချင်လို့ ဘောလုံးပွဲတွေကို သွားကြ၊ အစိုးရကို မကျေနပ်တာနဲ့ ဘောလုံးကွင်းမှာ အော်ဟစ်ဆဲဆိုကြ၊ အဆင်မပြေမှုမျိုးစုံ မကျေနပ်ချက်မျိုးစုံကြောင့် ရန်ဖြစ်လွယ်တဲ့ အကြောင်းတွေကို Animal Farm (ခြေလေးချောင်း တော်လှန်ရေးလို့ သခင်ဘသောင်းက ဘာသာပြန်တယ်)၊ 1984 တို့လို အကြွင်းမဲ့အာဏာရှင်စနစ် ဆန့်ကျင်ရေး စာအုပ်တွေ ရေးသားခဲ့တဲ့ ဂျော့ချ်အော်ဝဲလ် သိရင် ဘယ်ပြောမလဲလို့ သိချင်မိပါတယ်။ ဒီလိုပဲ အာဏာရှင် အစိုးရက ဘောလုံးပွဲတွေကို အလွန်အကျွံ အမျိုးသားရေးဇာတ်သွင်းပြီး မစားရဝခမန်း၊ လူတွေကို အာရုံလွှဲဖို့ အသုံးချတာကို တွေ့ရရင် ဘောလုံးပွဲအပေါ် ဂျော့အော်ဝဲလ်ရဲ့ အဆိုးမြင်တာ ပိုတောင် ဆိုးသွား နိုင်မလားလို့ တွေးမိပါတယ်။
လူသားတွေရဲ့ အမျိုးသားရေးဝါဒ အကြောင်းကို ပါမောက္ခ ဘန်နီဒစ် အန်ဒါဆင် (Benedict Anderson) က ၁၉၈၃ ခုနှစ်မှာ စိတ်ကူးယဉ် လူ့အဖွဲ့အစည်းများ “Imagined communities” ဆိုတဲ့ စာအုပ်တအုပ်ရေးခဲ့တယ်။ အကျဉ်းချုပ်ကတော့ နိုင်ငံတွေဆိုတာဟာ စိတ်ကူးထဲက နိုင်ငံရေး လူ့အဖွဲ့အစည်းလို့ ဆိုတယ်။ နိုင်ငံတခုထဲက လူတွေဟာ အချင်းချင်း အပြင်မှာ မဆုံဖူး၊ စကားမပြောဖူးကြပေမယ့် စိတ်ကူးနဲ့ ချိတ်ဆက် တည်ဆောက်ထားကြတယ်။ ဥပမာ အိုလံပစ်လို နိုင်ငံတကာ အားကစားပွဲမှာ မိမိနိုင်ငံသားတွေ ယှဉ်ပြိုင်တဲ့အခါမျိုးမှာ ဒါ ငါတို့ နိုင်ငံကိုယ်စားပြု၊ ငါတို့ နိုင်ငံသား ဆိုတဲ့ ခံစားချက်က ပေါ်လာတာမျိုးပါ။ ဒီလို အဖွဲ့အစည်း စိတ်ဓာတ်၊ စိတ်ကူးယဉ် ခံစားချက်ဟာ အမျိုးသားရေးဝါဒဖြစ်ပါတယ်၊ အမျိုးသားရေးဝါဒမရှိဘဲနဲ့ လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ မရှိနိုင်ပါဘူး။
အမျိုးသားရေး ဝါဒအကြောင်းပြောကြရင် ဥရောပသားတွေလောက် စိတ်ဓာတ်ပြင်းထန်တဲ့လူမျိုး ကမ္ဘာမှာ ရှိမယ်မထင်ပါဘူး။ အမျိုးသားရေးစိတ်ဓာတ်ကြောင့်ပဲ ဥရောပမှာ ကမ္ဘာစစ်ကြီး နှစ်ပွဲ စတင်ခဲ့တယ်။ လူသန်းပေါင်းများစွာ သေဆုံး၊ ဒုက္ခရောက်ခဲ့ပြီး တိုက်ကြီးတခုလုံး ဖွတ်ဖွတ်ညက်ညက် စစ်တလင်းဖြစ်ခဲ့တယ်။ အစွန်းရောက် အမျိုးသားရေးဝါဒအကြောင်းကို ဥရောပသားတွေ ကောင်းကောင်း သိပါတယ်။ ဒါကြောင့်ပဲ ဒီနေ့မှာတော့ သူတို့ အမျိုးသားရေး ဝါဒအကြောင်းကို လက်သီးလက်မောင်းတန်းပြီး မပြောကြတော့ပါဘူး။ စိတ်ထဲမှာတော့ ပျောက်မသွားပါဘူး။ ဘောလုံးပွဲတွေကျရင် ငုပ်နေတဲ့ အမျိုးသားရေး ဝါဒတွေ ပြန်ပေါ်လာတယ်။ ဒါကြောင့်ပဲ နိုင်ငံ ကိုယ်စားပြု အသင်းတွေ ဘောလုံးပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ဆိုင်တာကို စစ်ပွဲတပွဲလို အရူးအမူး အားပေးကြတာပါ။
မျိုးချစ်စိတ်အရာမှာ မြန်မာလူမျိုးဟာလည်း ဥရောပသားတွေထက် မလျှော့ပါဘူး။ တချိန်တည်းမှာ မြန်မာတွေဟာ မတော်တဲ့နေရာမှာ စိတ်ထက်သန်တာကို ဗိုလ်ချုပ်အောင်ဆန်းက တလွဲဆံပင်ကောင်းတဲ့ စိတ်ဓာတ်လို့ ဝေဖန်ဖူးပါတယ်။ ဘောလုံးပွဲမှာ “လူချ” ကစားတာကိုပဲ နမူနာ ပေးပြောသွားခဲ့တာပါပဲ။ မိမိတိုင်းပြည်၊ မိမိလူမျိုးကောင်းစားတာကို မြင်လိုတဲ့ မျိုးချစ်စိတ်ဓာတ်၊ နိမ့်ကျတာကို မမြင်လိုတဲ့ စိတ်ဓာတ်မျိုးဟာ ထားရှိအပ်တဲ့ မျိုးချစ်စိတ်ဓာတ်ပါပဲ။ ဒါပေမယ့် ဆင်ခြင်တုံ တရားကင်းမဲ့တဲ့ အစွန်းရောက် မျိုးချစ်စိတ်ဓာတ်က အရာမရောက်၊ ကိစ္စမပြီး နိုင်လို့ ဦးသန့်ကလည်း သတိပေးဖူးပါတယ်။ မြန်မာတွေရဲ့ မျိုးချစ်စိတ်ဓာတ်ဟာ ဆင်ခြင်တုံတရားမရှိတဲ့ အရမ်းကာရော စိတ်ဓာတ်မျိုး ဖြစ်နေတတ်တယ်လို့ ပွင့်ပွင့်လင်းလင်းဝေဖန်ခဲ့တာ ကြာခဲ့ပါပြီ။ ဒါပေမယ့် အခုအထိလည်း ဂျော့ချ်အော်ဝဲလ် ကြည့်ခဲ့ဖူးတဲ့ ဘောလုံးပွဲမျိုး၊ ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ လူချ ကစားတဲ့ ဘောလုံးပွဲတွေကို အခုထိလည်း ကြည့်နေရတုန်းပါပဲ။ နိုင်ငံတကာပွဲတိုင်းလိုလိုမှာ မြန်မာတွေ မျက်နှာပျက်ရပေါင်းလည်း များပါပြီ။
အမျိုးသားရေးစိတ်ဓာတ်ရှိနေသမှ အမျိုးသားရေးဇာတ်သွင်းထားတဲ့ ဘောလုံးပွဲတွေ ရှိနေပါလိမ့်မယ်။ ဘောလုံးနဲ့ အမျိုးသားရေးဝါဒကို ဘယ်တော့မှ ခွဲထုတ်လို့ မရနိုင်၊ ခွဲထုတ်ဖို့လည်း မလိုအပ်ပါဘူး။ နောက်ဆုံးမှာတော့ အမျိုးသားရေးဇာတ်သွင်းထားတဲ့ ဘောလုံးပွဲက သေနတ်မပစ်တဲ့ စစ်ပွဲဆိုရင်တောင် သေနတ်ပစ်တဲ့ စစ်ပွဲထက်တော့ အများကြီး ပိုကောင်းသေးတယ်လို့ သေချာပေါက်ပြောနိုင်ပါတယ်။ အထူးသဖြင့် အစွန်းရောက် အမျိုးသားရေးဝါဒတွေ ခေါင်းထောင်နေတဲ့ အခုလို ကာလကြီးမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းပွားပြီး သွေးထွက်သံယိုပဋိပက္ခတွေထက်စာရင် အမျိုးသားရေးဇာတ်သွင်းထားတဲ့ ဘောလုံးပွဲက အများကြီး ဘေးကင်းပါသေးတယ်။
မြန်မာပရိသတ်တွေ အနေနဲ့ ညနက်သန်းခေါင် ဘောလုံးပွဲတွေကို အားပေးတဲ့အခါ အနိုင်အရှုံး၊ ဘောလုံးနည်း စနစ်တွေကိုချည်း အာရုံမစိုက်ဘဲ ဘောလုံးပွဲပြီးတဲ့အခါ နိုင်ငံတကာအဆင့်မီ ဘောလုံးသမားတွေရဲ့ အားကစား စိတ်ဓာတ်နဲ့ မှန်ကန်တဲ့ မျိုးချစ်စိတ်ဓာတ်အကြောင်းကိုပါ ဆင်ခြင်နိုင်ရင် ပိုပြီး အကျိုးများဖွယ် ရှိပါတယ်။
(ညီစောလွင်သည် မြန်မာ့ရေးရာနှင့် ကမ္ဘာ့ရေးရာ သုံးသပ်ချက်များကို ရေးသားနေသူ ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လတ်တလော နေထိုင်သည်။)