အားကစား

အားကစား၊ နိုင်ငံရေးနှင့် မသမာမှုများ

This article has been converted from Zawgyi One to Unicode

ဘရာဇီးနိုင်ငံတွင် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲနှင့် ဆန္ဒပြပွဲများက ခြိမ့်ခြိမ့်သဲမျှ ကျင်းပနေသည်။ ပြည်သူများ ဆင်းရဲမွဲတေ နေကြ သည့်ကြားမှ အမေရိကန်ဒေါ်လာ ဘီလီယံချီ၍ ကုန်သည့် ကမ္ဘာ့ဖလား ဘောလုံးပွဲ ဘရာဇီး နိုင်ငံတွင် လက်ခံကျင်းပသည့် အတွက် ဆန္ဒပြနေကြခြင်း ဖြစ်သည်ဟု သတင်းများက ဖော်ပြကြသည်။

ပြည်သူများ၏ ဘဝကို မျက်ကွယ်ပြုကာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို နိုင်ငံတော် ဘဏ္ဍာငွေ အမြောက်အမြား သုံးစွဲပြီး ကျင်းပခြင်းကို မကျေနပ်သူ ဘရာဇီးပြည်သူများက ဆန္ဒပြကြသည်မှာ မှန်သည်။

သို့သော် ဆန္ဒပြသည့် အချိန်ကာလမှာမူ မှားယွင်းနေသည်။ ကမ္ဘာ့ဖလား ဘောလုံးပွဲကို ဘရာဇီးနိုင်ငံက လက်ခံ ကျင်းပခွင့် ရရှိရန် ဘရာဇီးဘောလုံး တာဝန်ရှိသူများက စတင် လျှောက်ထားသည် ဆိုကတည်းက မကျေနပ်သူများက စတင် လှုပ်ရှားသင့် ကြသည်။

ဘရာဇီးနိုင်ငံတွင် အကြိမ် ၂၀ မြောက် ကမ္ဘာ့ဖလား ဘောလုံး ပြိုင်ပွဲ ကျင်းပခွင့် ရရှိပြီးနောက် အားကစားပြိုင်ဝင်းသစ်များ ဆောက် လုပ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်း လုပ်နေချိန်တွင်လည်း ဆန္ဒပြသင့်သည်။ ဆောက်လုပ်ရေး လုပ်ငန်းများကို အလုပ်သမားများက သပိတ် မှောက်သင့်သည်။ အလုပ်ဆင်းသူများကို သပိတ်တားသင့်သည်။

ကမ္ဘာ့ဖလား ဘောလုံးနှင့် ပတ်သက်ဆက်နွယ်နေသည့် မငြိမ်မသက်မှုများ၊ ဆူပူလှုပ်ရှားသူများနှင့် အတူ လုံခြုံရေး အာမခံချက် မရှိပါက FIFA က ဘရာဇီးနိုင်ငံတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပခွင့် ပြုထားခြင်း အပေါ် ပြန်လည် သုံးသပ်နိုင်သည်။ ကျင်းပခွင့် ရွေးချယ်စဉ်က ဒုတိယရသည့် နိုင်ငံသို့ လွှဲပြောင်းပေးကောင်း ပေးနိုင်သည်။

ယခုတော့ ဘရာဇီးနိုင်ငံတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ စတင်ချိန်ရောက်မှ ချိန်ကိုက်ဆန္ဒပြနေကြခြင်း၊ သပိတ်မှောက် နေကြခြင်းမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ပုံရိပ်ကို အမည်းစက် ထင်စေသည့် ဘရာဇီးပြည်တွင်းမှ နိုင်ငံရေး တိုက်ကွက် တခုသာ ဖြစ်သည်ဟု စာရေးသူ သုံးသပ်မိသည်။

ယခင်ကမူ ကမ္ဘာ့ဖလား ဘောလုံးပွဲနှင့် နိုင်ငံရေး ရောယှက်မှု မရှိပါ။ သို့သော် ကမ္ဘာ့အိုလံပစ် အားကစားပွဲများတွင်မူ နိုင်ငံရေး လှုပ်ရှားမှုများမှာ အကြမ်းဖက်ကြသည့် အဆင့်အထိ ရှိခဲ့ဖူးသည်။ ကုလသမဂ္ဂနှင့် အပြည်ပြည် ဆိုင်ရာ အိုလံပစ် ကော်မတီတို့ ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂတွင် ပါဝင်သည့် နိုင်ငံအများစုမှာ အာဏာရှင်များ အုပ်စိုးသည့် နိုင်ငံ၊ ဘုရင်ခံ စနစ်ကျင့်သုံးသည့် နိုင်ငံ၊ အတိုက်အခံပါတီများကို ခွင့်မပြုဘဲ တပါတီတည်းကသာ အုပ်စိုးသည့် နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်နေကြသဖြင့် ကမ္ဘာ့ကုလသမဂ္ဂတွင် အခက်အခဲပေါင်းများစွာ ကြုံတွေ့နေရသည်။ ယင်းနိုင်ငံများတွင် ဒီမိုကရေစီ ဆိုသည်မှာ ချမ်းသာကြွယ်ဝသော အမျိုးသား၊ အမျိုးသမီးများ အတွက်သာ ဖြစ်သည်။

အိုလံပစ် ကော်မတီ

အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီတွင်မူ ဤသို့ မဟုတ်ပါ။ ချမ်းသာကြွယ်ဝသူများ ပါဝင်ကြသလို၊ လက်သမားများ၊ လယ်သမားများ၊ အိမ်ထောင်ရှင် အမျိုးသမီးများ၊ ကျောင်းဆရာများ၊ စိတ္တဗေဒ ပညာရှင်များ၊ စာရင်းကိုင်များ၊ သူနာပြုများ၊ ကိုယ် ရေး အရာရှိများ၊ ကာတွန်း ပညာရှင်များ နည်းတူ ကျောင်းသားများ၊ တပ်မတော်သား များလည်း ပါဝင်ကြသည်။ ထိုမျှသာ မကသေး ပါ။ အားကစားဖြင့် အသက်မွေးဝမ်းကျောင်းပြု နေသူများ၊ ဥပဒေ ပညာရှင်များ လုပ်ငန်းရှင်ကြီးများလည်း အိုလံပစ်ကော်မတီ များတွင် ပါဝင်လျက် ရှိကြသည်။

လူတန်းစားပေါင်းစုံ ပါဝင်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီတွင် နိုင်ငံရေးနှင့် ပတ်သက်သည့် ပြဿနာများ ကုလသမဂ္ဂထက် နည်းသည်ဟု မဆိုနိုင်ပါ။

ကမ္ဘာ့အိုလံပစ် လှုပ်ရှားမှုများတွင် နိုင်ငံရေး ပါဝင်ပတ်သက်မှုမှာ မျက်မှောက်ကာလမှာပင် ရှိနေသည် မဟုတ်။ ခေတ်သစ် အိုလံပစ် ပွဲတော် စတင်သည့် ၁၈၉၆ ခုနှစ်နှင့် ၁၉၀၀ ပြည့်နှစ်တို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့အိုလံပစ် အားကစားပွဲများတွင် တော်ဝင်မိသားစုများက ပြိုင်ပွဲတွင် ဝင်ရောက်စွက်ဖက် ခဲ့ကြသည်။ ၁၈၉၆ နှင့် ၁၉၀၆ ကမ္ဘာ့ အိုလံပစ်ပွဲများတွင် ဂရိ တော်ဝင်မိသားစုများ အတွက် ပွဲကြည့်စင်များကို ပြေးခုန်ပစ် ပန်းဝင်သည့် နေရာတွင် ထားပေးရသည်။ ဂရိ တော်ဝင်မိသားစုက ငြိမ်ငြိမ်ထိုင်ပြီး မရှုစားကြပါ။ ပန်းဝင် ဒိုင်များ၏ အဆုံးအဖြတ်ကို ဝင်ရောက်စွက်ဖက်လေ့ ရှိသည်။

အိုလံပစ် အားကစားသမားများ ဆုတံဆိပ် ချီးမြှင့်ရာမှာပင် ဆွီဒင်ဘုရင် ဂုစတမ်နှင့် ရုရှားဘုရင် ဆီဇာဘုရင် နီကိုလာ့ခ် တို့က ပါဝင်ချီးမြှင့်ခဲ့ကြသည်။ အမှန်တကယ် ဆိုပါက ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံများမှ အားကစား ခေါင်းဆောင်များ၊ အိုလံပစ် အားကစားပွဲတော် ကျင်းပရေး ကော်မတီဝင်များကသာ ဆုချီးမြှင့်ပေးရမည် ဖြစ်သည်။

ဤကဲ့သို့ ကမ္ဘာ့အိုလံပစ် အားကစားပွဲများတွင် အုပ်ချုပ်သူ တော်ဝင်မိသားစုတို့က ပါဝင်ပတ်သက်လာသည့်အခါ အကွက်ချောင်း နေ ကြသည့် နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ လုပ်ငန်းရှင်ကြီးများ ကလည်း အားကစားကို သိနားလည်ခြင်းလည်း မရှိ၊ စိတ်ပါဝင်စားခြင်းလည်း မရှိဘဲ အိုလံပစ် အားကစား လှုပ်ရှားမှုများတွင် အတင်း ဝင်တိုးကြတော့သည်။

ပထမဆုံး အဓိကရုဏ်း

၁၉၀၆ ခုနှစ် အိုလံပစ်ပွဲတော် အတွင်း ဂရိနိုင်ငံ အေသင်မြို့တွင် ဆန္ဒပြသူများကို အစိုးရတပ်ဖွဲ့ဝင်များ နှိမ်နင်းရာ ဆန္ဒပြသူ သုံးဦး သေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့သည်။

အာဏာရှင် ဟစ်တလာ

၁၉၃၃ ခုနှစ် မတ်လထဲတွင် ဂျာမနီနိုင်ငံတွင် အဒေ့ါဖ် ဟစ်တလာ ၏ နာဇီပါတီက အာဏာရသည်။ အာဏာရရှိပြီး နောက် ရက် အနည်းငယ်မှာပင် ဂျာမနီ အိုလံပစ် ကော်မတီဝင်များက ဟစ်တလာနှင့် တွေ့ဆုံပြီး ၁၉၃၆ ခုနှစ် ကမ္ဘာ့အိုလံပစ် ပွဲတော်ကို ဂျာမနီနိုင်ငံတွင် ကျင်းပခွင့်ပြုပါရန် တင်ပြကြသည်။ ဟစ်တလာကလည်း ကျေကျေနပ်နပ် ခွင့်ပြုရုံသာမက လိုအပ်သည် မှန်သမျှကို အား ပေး ကူညီမည် ဟု ကတိပြုခဲ့သည်။ အမှန်က ၁၉၃၆ ကမ္ဘာ့ အိုလံပစ် အားကစား ပွဲတော်ကို အင်္ဂလန်နိုင်ငံတွင် ကျင်းပရန် ၁၉၃၁ ခုနှစ်ကတည်းက နိုင်ငံတကာ အိုလံပစ် ကော်မတီ (International Olympic Committee – IOC) က ခွင့်ပြုပြီးသားဟု ဆိုသည်။

ဟစ်တလာ ကမူ ကမ္ဘာ့အိုလံပစ် အားကစားပွဲတော်ကို နာဇီတို့၏ အင်အားနှင့် အတွေးအခေါ် သဘောတရား ထုတ်ဖော် ပြသနိုင် မည့် စင်မြင့်အဖြစ် အသုံးချရန် စိတ်အား ထက်သန်နေခြင်း ဖြစ်သည်။

၁၉၃၆ ခုနှစ် ဘာလင် အိုလံပစ် အားကစားပြိုင်ပွဲမှာ ဟစ်တလာနှင့် သူ၏ နာဇီပါတီတို့တွင် ဝင်ရောက်စွက်ဖက်မှု အများဆုံး ရှိခဲ့ သည့် ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲကြီး အဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ကမ္ဘာ့ အိုလံပစ် အားကစားပွဲတွင် ပြိုင်ပွဲဝင် အားကစားသမားများက နိုင်ငံရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

၁၉၆၈ ခုနှစ် မက္ကဆီကို အိုလံပစ် ပြေးခုန်ပစ် မီတာ ၂၀၀ ပြေးပွဲ၌ ပထမ နှင့် ဒုတိယ ရသော အမေရိကန် အပြေးသမား နှစ်ဦး ဖြစ်ကြသည့် တော်မီစမစ်နှင့် ဂျွန်ကာလို့(စ်)တို့သည် ဆုပေးပွဲ၌ အမေရိကန် နိုင်ငံတော်သီချင်း တီးမှုတ်ပြီး နိုင်ငံတော်အလံ လွှင့်တင် ရာတွင် အလေးမပြုဘဲ လက်အိတ်အနက်များ စွပ်ကာ လက်မြှောက် အလေးပြုခဲ့ကြသည်။ လူမည်းတို့၏ ဘဝကို ပြသခြင်းပင် ဖြစ် သည်။ ယင်း အားကစားသမား နှစ်ဦးကို အိုလံပစ် အားကစား ကျင်းပရေး ကော်မတီက ချက်ချင်းပင် ပြိုင်ပွဲမှ ထုတ်ပစ်လိုက်သည်။ အိုလံပစ် အားကစားရွာမှာပင် ဆက်လက် နေထိုင်ခွင့် မပြုပါ။

၁၉၃၆ ဘာလင် အိုလံပစ်တွင်မူ အနိုင်ရရှိသည့် အားကစားသမား တော်တော်များများ ဆုယူသည့် စင်မြင့်ထက်တွင် လက်ဖဝါးကို ဖြန့်ခါ လက်ကို ရှေ့သို့ဆန့်ထုတ်ပြီး နာဇီ စတိုင် အလေးပြုခဲ့ကြစဉ်ကမူ IOC က အရေးယူခြင်း မရှိခဲ့ပါ။

အိုလံပစ် လူသတ်ပွဲ

အနောက်ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့အိုလံပစ် အားကစားပွဲတွင်မူ အိုလံပစ်လူသတ်ပွဲကြီး ဖြစ်ပွားခဲ့သည်။ ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ပါလက်စတိုင်း လိုလားသည့် ဘလက် စက်တင်ဘာ အဖွဲ့ဝင် လူတစုက အစ္စရေး အားကစား သမားများကို အားကစားရွာ အတွင်း ဝင်ကာ မောင်းပြန်သေနတ်များဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။ ၎င်းတို့ လွတ်မြောက်ရေး အတွက် အားကစားသမားများကို ပြန်ပေးဆွဲ အသုံးချခဲ့သည်။ ယင်းမှာ အားကစား လောကတွင်းသို့ နိုင်ငံရေးပယောဂ ဝင်ရောက် ပူးကပ်မှု အကြီးဆုံး ဖြစ်ရပ်ပင်ဖြစ်သည်။

သပိတ်မှောက်

ကမ္ဘာ့အားကစား လောကတွင်းသို့ နိုင်ငံရေး ဝင်ရောက်စွက်ဖက်မှု ရပ်တန့် မသွားခဲ့ပါ။ ၁၉၇၆ ခုနှစ် ကနေဒါနိုင်ငံ မွန်ထရီယယ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့အိုလံပစ် ပွဲတော်ကို တန်ဇန်းနီးယား နိုင်ငံ သမ္မတ ဂျူးလီယက်လီဇာရေး ဦးဆောင်ပြီး အာဖရိကနိုင်ငံများက သပိတ်မှောက်ခဲ့ကြသည်။ အကြောင်းပြချက်ကတော့ အသားအရောင်ခွဲခြားသည့် စနစ် ကျင့်သုံးနေသည့် တောင်အာဖရိကနိုင်ငံသို့ ကမ္ဘာ့အိုလံပစ် အဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်သည့် နယူးဇီလန် နိုင်ငံက ရပ်ဘီ အသင်း သွားရောက်ခဲ့သဖြင့် နယူးဇီလန်နိုင်ငံကို အိုလံပစ်အားကစားပွဲမှ ထုတ်ပယ်ပစ်ရန် တောင်းဆိုခဲ့သည်။ အိုလံပစ် ကော်မတီက ပယ်ချသည်။ အာဖရိကနိုင်ငံ ရပ်ဘီမှာ အိုလံပစ် အားကစားနည်း မဟုတ်သောကြောင့်ဟု အကြောင်းပြခဲ့သည်။

မြန်မာနိုင်ငံကမူ သပိတ်မှောက်သည့် အထဲ မပါဝင်သော်လည်း ခရီးဝေးလွန်းသည်ကို အကြောင်းပြကာ ၁၉၇၆ မွန်ထရီယယ် အိုလံပစ်တွင် ပါဝင် မယှဉ်ပြိုင်ခဲ့ပါ။

အမေရိကန် သပိတ်

ယင်းမှစကာ အိုလံပစ် အားကစား ပွဲတော်ကို သပိတ်မှောက်မှုများ ခေတ်စားလာသည်။ ၁၉၈၁ ခုနှစ် ဆိုဗီယက် ပြည်ထောင်စု မော်စကိုတွင် ကျင်းပမည့် ကမ္ဘာ့အိုလံပစ်ပွဲကို အမေရိကန်သမ္မတ ဂျင်မီကာတာက ဦးဆောင်ပြီး သပိတ် မှောက်ခဲ့သည်။ ဆိုဗီယက် တို့က အာဖဂန်နစ္စတန် နိုင်ငံကို ကျူးကျော်သိမ်းပိုက်ခြင်းကြောင့်ဟု အကြောင်းပြသည်။

မော်စကို ဘက်ကလည်း တန်ပြန် ကလဲ့စားချေသည့် အနေဖြင့် ၁၉၈၄ ခုနှစ်တွင် အမေရိကန်၌ ကျင်းပမည့် အိုလံပစ် အားကစားပွဲကို ကွန်မြူနစ်ကမ္ဘာမှ နိုင်ငံတချို့နှင့်အတူ သပိတ်မှောက်ကြပြန်သည်။

ယခုအခါ သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်းများသည် အိုလံပစ် အားကစားပြိုင်ပွဲများတွင် ငြိမ်နေပြီး ကမ္ဘာ့ဖလား ဘောလုံးပွဲ ဘက်သို့ ဦးလှည့်လာပြန်သည်။ ယခင်က ကမ္ဘာ့ဖလား ဘောလုံးပွဲတွင် သပိတ်မှောက်ခြင်း၊ ဆန္ဒပြခြင်းမျိုးများ မရှိသော်လည်း ငွေရေးကြေး ရေး အရှုပ် အထွေးများ ရှိခဲ့ဖူးသည်။

ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပမည့် နိုင်ငံကို မဲပေး၍ ရွေးချယ်ကြရသည်။ ဤတွင် မဲအရောင်းအဝယ် ကိစ္စများလည်း ပေါ်လာတတ် သည်။

၂၀၂၂ ကမ္ဘာ့ဖလားပွဲကို အာရှတိုက်တွင် ဒုတိယ အကြိမ်မြောက် အဖြစ် ကာတာနိုင်ငံကို ရွေးချယ်ခဲ့ကြသည်။ ရာသီဥတု ပူပြင်းသည်ကို အကြောင်းပြ၍ အထူးသဖြင့် ဥရောပတိုက်ဘက်မှ မလိုလားဟန် ပြခဲ့ကြသည်။

ယခု လတ်တလောတွင်မူ ကာတာနိုင်ငံတွင် ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပခွင့်ရရေး အတွက် အိမ်ရှင်နိုင်ငံ ကာတာက မသမာမှုများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲသံများ ထွက်ပေါ်နေသည်။

မည်ကဲ့သို့ အဆုံးသတ်မည်ကိုမူ တကမ္ဘာလုံးမှ ဘောလုံး ဝါသနာရှင်များက စောင့်ကြည့် နေကြသည်။ အင်္ဂလန် နိုင်ငံ ဝန်ကြီးချုပ် ကမူ ကာတာနိုင်ငံတွင် ၂၀၂၂ ကမ္ဘာ့ဖလား ဘောလုံးပွဲ မကျင်းပဖြစ်လျှင် အင်္ဂလန်နိုင်ငံက လက်ခံကျင်းပ ပေးရန် အဆင်သင့်ရှိသည် ဟု ပြောထားသည်။ ၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းပရေးမှာ မသေချာ မရေရာသေးသည့် အနေအထားပင် ဖြစ်နေ တော့ သည်။     ။

Loading