အားကစား ဝန်ကြီးဌာန ဝန်ကြီး၏ ဦးဆောင်မှုဖြင့် အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးကို ဆောင်ရွက် လျက် ရှိရာတွင် မှတ်တမ်းဝင်မည့် ဆောင်ရွက်ချက် ၂ ရပ်ကို တွေ့ရသည်။
ပထမ လုပ်ဆောင်ချက်မှာ မြန်မာ့အားကစား လောက ရွှေခေတ်ကို ထူထောင်ခဲ့ကြသည့် အားကစားနည်း ပေါင်းစုံမှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား မောင်မယ်များအား ဆုကြေးငွေများ ချီးမြှင့်ခဲ့သည်မှာ သုံးကြိမ်တိုင်တိုင် ရှိခဲ့ပြီ ဖြစ်သည်။ အနည်းငယ် တိမ်းစောင်းမှုများ ရှိခဲ့သော်လည်း ကျေးဇူးတင်ရမည် ဖြစ်သည်။
အတိမ်းအစောင်း အနည်းငယ်ဆိုသည်မှာ ရသင့်ရထိုက်သူ အချို့ မရရှိကြခြင်းနှင့် သတ်မှတ်ချက်နှင့် မကိုက်ညီသူများ ဆုကြေးငွေ ချီးမြှင့်ရာတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယ လုပ်ဆောင်ချက်မှာမူ စာရွယ်ပေါ်တွင်သာ ရှိသေးသည်။ အကောင်အထည် မပေါ်သေးပါ။ ယင်း စီမံချက်မှာ ထူးချွန်ထင်ရှားသည့် အားကစား မောင်မယ်များအား ကိုယ်တပိုင်း ကြေးရုပ်တုများ ထုလုပ်ကာ အားကစား ပြတိုက် ဖွင့်လှစ် ထားရှိရေး ဖြစ်သည်။
စာရေးသူကလည်း ဂုဏ်ပြုချီးမြှင့်သင့်သည့် အားကစားသမားများ စာရင်းကို ပြုစုကြည့် မိသည်။ ယင်း အားကစား သမားများမှာ အောက်ပါအတိုင်းဖြစ်သည်။
ထွန်းမောင် (အလေးမ) ၏ အောင်မြင်မှုများ
ကမ္ဘာ့အဆင့်။ ။ ထွန်းမောင်သည် ၁၉၅၄ ခုနှစ်၊ သြစတြီးယား နိုင်ငံ၊ ဗီယင်နာမြို့တွင် ကျင်းပသည့် ကမ္ဘာ့အလေးမ ပြိုင်ပွဲတွင် ဖယ်သာဝိတ်တန်း၌ တတိယ ကြေးတံဆိပ် ရသည်။ ပထမနှင့် ဒုတိယ နေရာကို ဆိုဗီယက် အလေးမသမား တို့က ရရှိခဲ့သည်။ သို့ဖြစ်၍ တဦးချင်းတွင် ထွန်းမောင်သည် တတိယရသော်လည်း နိုင်ငံအလိုက်တွင်မူ မြန်မာနိုင်ငံက ဒုတိယရသည်။ ၁၉၅၅ ခုနှစ်၊ အနောက် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့အလေးမ ပြိုင်ပွဲတွင် ထွန်းမောင်သည် လိုက်ဝိတ်တန်း၌ ဝင်ရောက်ယှဉ်ပြိုင်သည်။ တတိယ ကြေးတံဆိပ်ဆုပင် ထပ်မံရရှိသည်။
ကမ္ဘာ့အိုလံပစ်။ ။ ၁၉၅၆ ခုနှစ်၊ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် ကျင်းပသည့် ၁၆ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် အလေးမ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သည်။ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ အလေးမ ချန်ပီယံ ၁၈ ဦး ဝင်ရောက် ယှဉ်ပြိုင်သည်။ အနှေးမ ၁၁၀ ကီလို၊ အမြန်မ ၁၀၆ ကီလို၊ နှစ်ဆင့်မ ၁၃၇ ဒသမ ၅ ကီလို၊ စုစုပေါင်း ၃၅၃ ဒသမ ၅ ကီလိုဖြင့် အဋ္ဌမ အဆင့် ရခဲ့သည်။ အိုလံပစ် မှတ်တမ်း ဝင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှ နိုင်ငံများမှ အလေးမ သမား တဦးမျှ နံပါတ် မချိတ်ခဲ့ပါ။ အာရှမှလည်း ဂျပန်အလေးမသမား ကင်ဂျီအိုနူမာ တဦးသာ စတုတ္ထရသည်။
အာရှအဆင့်။ ။ ဒုတိယ အကြိမ်မြောက် အာရှအားကစားပွဲကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ၁၉၅၄ ခုနှစ်တွင် ကျင်းပ သည်။ ထွန်းမောင်သည် ဖယ်သာဝိတ်တန်းတွင် ဝင်ပြိုင်သည်။ ထွန်းမောင်သည် သွေးပူလေ့ကျင့် နေချိန်တွင် ကြွက်တက် တော့သည်။ မြန်မာ အားကစားသမားများ သာမက ဂျပန် အားကစားသမားများက ဝိုင်းဝန်း ပြုစုပေးကြ သည်။ အနည်းငယ် သက်သာရုံမျှဖြင့် ထွန်းမောင် ဝင်ပြိုင်သည်။ အလေးတကြိမ် မပြီးတိုင်း အလေးမ စင်ပေါ်မှ ကူတွဲ၍ ဆင်းရသည်။ ဤသို့ဖြင့် အာရှအားကစားပွဲတော် အလေးမ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။
ကျွန်းဆွယ်ပြိုင်ပွဲ။ ။ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲတွင်မူ ၁၉၅၉ ခုနှစ်၊ ထိုင်းနိုင်ငံ ဘန်ကောက် တွင် ကျင်းပသည့် ပြိုင်ပွဲ၌ လိုက်ဝိတ်တန်းတွင် ဒုတိယ ငွေတံဆိပ်ရသည်။ သို့ဖြစ်ရာ ထွန်းမောင်သည် ကမ္ဘာ့ပြိုင်ပွဲ၌ ကြေးတံဆိပ် ၂ ခု၊ အာရှအားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁ ခုနှင့် ကျွန်းဆွယ်ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခု ဆွတ်ခူးရရှိခဲ့ သည်။
တင်မောင်နီ (ရေကူး) ၏ အောင်မြင်မှုများ
အာရှအဆင့်။ ။ တင်မောင်နီသည် ၁၉၆၂ ခုနှစ်၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် စတုတ္ထအကြိမ် မြောက် အာရှအားကစား ပြိုင်ပွဲ၌ မီတာ ၄၀၀ နှင့် မီတာ ၁၅၀၀ အလွတ်ကူး ပြိုင်ပွဲတွင် ရွှေတံဆိပ် ၂ ခုရသည်။ မြန်မာ့ အားကစားသမားထဲမှ အာရှအားကစား ပြိုင်ပွဲ တခုတည်း၌ ရွှေတံဆိပ် ၂ ခု ဆွတ်ခူးနိုင်သူ ဟူ၍ တင်မောင်နီ တဦးတည်းသာ ရှိသေးသည်။ တင်မောင်နီသည် ၁၉၆၄ ခုနှစ်၊ တိုကျိုမြို့၌ ကျင်းပသည့် ၁၈ ကြိမ်မြောက် ရေကူးပြိုင်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
နိုင်ငံတကာ အားကစားပွဲ။ ။ အစ္စရေးနိုင်ငံ၊ တဲလ်ဗစ်မြို့၌ ၁၉၆၁ ခုနှစ်က ကျင်းပခဲ့သော ဟာပိုနိုင်ငံတကာ အားကစားပွဲတော် “Hapoil International Sports Festival” တွင်လည်း တင်မောင်နီ ရေကူးပြိုင်ပွဲ၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ယင်းအားကစားပွဲတော်တွင် ဥရောပနှင့် အမေရိကန် နိုင်ငံတို့မှ ထင်ရှားကျော်ကြားသည့် ရေကူးသမားများလည်း ပါဝင်ခဲ့သည်။ တင်မောင်နီသည် မီတာ ၁၅၀၀ အလွတ်ကူးတွင် ရွှေတံဆိပ်နှင့် မီတာ ၂၀၀၊ မီတာ ၄၀၀ အလွတ်ကူး တို့တွင် ငွေတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သည်။
ကျွန်းဆွယ်ပြိုင်ပွဲ။ ။ အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ၃ ပွဲတွင် ရွှေတံဆိပ် စုစုပေါင်း ၇ ခု ဆွတ်ခူး နိုင်ခဲ့သည်။ ပထမအကြိမ် ကျွန်းဆွယ် ၂ ခု၊ ဒုတိယအကြိမ် ကျွန်းဆွယ် ၄ ခု၊ တတိယအကြိမ် ကျွန်းဆွယ် ၁ ခု တို့ဖြစ် သည်။
သိန်းမြင့် (လက်ဝှေ့) ၏ အောင်မြင်မှုများ
သိန်းမြင့်သည် ၁၉၅၅ ခုနှစ် စင်ကာပူ၌ ကျင်းပခဲ့သည့် အရှေ့တောင်အာရှ တံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့ သည်။
ကမ္ဘာ့ပြိုင်ပွဲ။ ။ ၁၉၅၆ ခုနှစ်၊ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းတွင် ကျင်းပသည့် ၁၆ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ ပြိုင်ပွဲ ပထမဆင့်မှာပင် ဘရာဇီး လက်ဝှေ့သမား အက်ဒါဂျော့ဖနီးကို ရှုံးနိမ့်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် အီတလီ နိုင်ငံ ရောမမြို့၌ ကျင်းပ သည့် ၁၇ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ လူဇင်ဘတ်နှင့် ပါကစ္စတန် နိုင်ငံတို့မှ လက်ဝှေ့သမားများကို အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်သို့ ရောက်ခဲ့သည်။ ကွာတားဖိုင်နယ်တွင် ဒူးနာသည့် ဒဏ်ရာကြောင့် မထိုးရဘဲ အရှုံးပေးခဲ့ရသည်။
အိုလံပစ် စည်းမျဉ်း အရ ကွာတား ဖိုင်နယ်တွင် ရှုံးနိမ့်သည့် လက်ဝှေ့သမား ၄ ဦးစလုံးကို အဆင့် ၅ သတ်မှတ်သည်။ ရောမ အိုလံပစ် လက်ဝှေ့ ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ လက်ဝှေ့သမား ၃၃ ယောက် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
အာရှအဆင့်။ ။ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၁၉၅၈ ခုနှစ်က ကျင်းပခဲ့သော တတိယအကြိမ်မြောက် အာရှအားကစား ပွဲတော်၌ ရွှေတံဆိပ်ရသည်။ ယင်းနှစ်ထဲမှာပင် ကျင်းပသည့် အိန္ဒိယ နိုင်ငံလုံးဆိုင်ရာ တံခွန်စိုက် လက်ဝှေ့ပြိုင်ပွဲ တွင်လည်း ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။
တင်ထွန်း (လက်ဝှေ့) ၏ အောင်မြင်မှုများ
ဂုဏ်ပြုအပ်သော နောက်ထပ် လက်ဝှေ့သမားတဦးမှာ တင်ထွန်းဖြစ်သည်။
ကမ္ဘာ့အိုလံပစ်။ ။ ၁၉၄၆ ခုနှစ် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် ဖယ်သာ ဝိတ်တန်း ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၃၂ နိုင်ငံမှ လက်ဝှေ့ချန်ပီယံ ၃၂ ယောက် ပါဝင် ယှဉ်ပြိုင်သည်။ တင်ထွန်းက ပွဲဦးထွက်တွင် ဗြိတိသျှ (အင်္ဂလန်၊ စကော့တလန်၊ အိုင်ယာလန်၊ ဝေလ) ချန်ပီယံ ရွန်စမစ်ကို ပထမအချီ ၆၇ စက္ကန့်တွင် အလဲထိုး အနိုင်ယူခဲ့သည်။
ဒုတိယပွဲတွင် နိုင်ဂျီးရီးယား လက်ဝှေ့သမားကိုလည်း အနိုင်ရသည်။ တတိယပွဲ ကွာတားဖိုင်နယ်တွင်မူ ဂျာနီမှ မအိန်းရူးကို ရှုံးနိမ့်ခဲ့သည်။ တင်ထွန်းသည် ကွာတားဖိုင်နယ်၌ ရှုံးနိမ့်ခဲ့သဖြင့် အိုလံပစ် မှတ်တမ်းတွင် ကမ္ဘာ့အဆင့် ၅ သတ်မှတ်ခံရသည်။
အာရှအဆင့်။ ။ ၁၉၆၇ ခုနှစ် အင်ဒိုနီးရှား ဂျာကာတာမြို့တွင် ကျင်းပသည့် အာရှနှင့် သြစတြေးလျ လက်ဝှေ့ပြိုင်ပွဲ၌ ရွှေတံဆိပ်ရသည်။
ဗဟာဒူး (ဘောလုံး) ၏ အောင်မြင်မှုများ
ဗဟာဒူးသည် ပထမဆုံး အကြိမ် ကျင်းပသည့် တိုင်းနှင့် ပြည်နယ်ဘောလုံး ပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကို ကိုယ်စားပြု၍ အောင်ဆန်း အားကစား ပြိုင်ဝင်းအတွင်း စတင်ခြေချခဲ့သည်။ အာရှတိုက် တခွင်လုံးတွင် အထူးထင်ရှား ကျော်ကြား ခဲ့သော်လည်း အောင်မြင်မှု နည်းပါးသည့် ဘောလုံးသမား ဖြစ်သည်။
ဗဟာဒူး၏ မြန်မာ့လက်ရွေးစင် ဘောလုံးသမား ဘဝတွင် ရွှေတံဆိပ် ၅ ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။ ဗဟာဒူးသည် မြန်မာ့လက်ရွေးစင် ဘောလုံးသမား အဖြစ် ၁၉၅၃ ခုနှစ်တွင် စတင်အရွေးခံရသည်။ (မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီဟိုဠ်) ပြိုင်ပွဲမှ စတင်သည်။
အာရှအဆင့်။ ။ ၁၉၅၄ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ မနီလာ၌ ကျင်းပသည့် အာရှအားကစား ပွဲတော် ဘောလုံးပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်သည့် မြန်မာလက်ရွေးစင် ဘောလုံးအသင်းတွင် ဗဟာဒူး ပါဝင်သည်။ မြန်မာလက်ရွေးစင် အသင်း ရှုံးပွဲ မရှိဘဲ ကြေးတံဆိပ် ဆွတ်ခူးခဲ့သည်။ မြန်မာဘောလုံးလောက အတွက် နိုင်ငံတကာ ပြိုင်ပွဲကြီး တခုမှ ပထမဆုံး ဆွတ်ခူးနိုင်သည့် ဆုတံဆိပ်ပင် ဖြစ်သည်။
၁၉၆၆ ဘန်ကောက်။ ။ အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပသည့် စတုတ္ထအကြိမ် အာရှအားကစား ပြိုင်ပွဲတွင် မြန်မာ လက်ရွေးစင် ဘောလုံးအသင်း ဝင်မပြိုင်ခဲ့ပါ။ ၁၉၆၆ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပသည့် ပဉ္စမ အကြိမ်မြောက် အာရှအားကစား ပွဲတော်တွင်မူ မြန်မာလက်ရွေးစင် ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်သည်။ ဗိုလ်လုပွဲတွင် အီရန်အသင်းကို (၁းဝ) ဂိုးဖြင့် နိုင်ပြီး မြန်မာလက်ရွေးစင် ဘောလုံးအသင်း ရွှေတံဆိပ် ရသည်။ ယင်း အသင်းတွင် ဗဟာဒူး ပါဝင်သည်။
ကျွန်းဆွယ်အဆင့်။ ။ ၁၉၅၉ ခုနှစ် ကျွန်းဆွယ် ဘောလုံးပြိုင်ပွဲတွင် ဗဟာဒူး အပါအဝင် တပ်မတော်မှ မြန်မာ လက်ရွေးစင် ဘောလုံး သမားများ လိုက်ပါ ကစားခွင့် မရှိပါ။ ၁၉၆၁ ခုနှစ် မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သော ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစား ပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာ လက်ရွေးစင် ဘောလုံးအသင်းသည် မလေးရှားကို ဝး၂ ဂိုးဖြင့် ရှုံးသည်။ ဗဟာဒူး၊ ကိုကိုကြီး၊ တင်ကြည် အစရှိသည့် ဘောလုံးသမားများ နာမည်ပျက်ခဲ့ရသည်။
၁၉၆၇ ကျွန်းဆွယ် ရွှေတံဆိပ်ဆုရ မြန်မာလက်ရွေးစင် ဘောလုံးအသင်းတွင် ဗဟာဒူး ပါဝင်သည်။ မြန်မာနိုင်ငံတွင် ကျင်းပသည့် ၁၉၆၉ ကျွန်းဆွယ်ပြိုင်ပွဲ ရွှေတံဆိပ်ရသည့် မြန်မာလက်ရွေးစင် ဘောလုံးအသင်းကို ဗဟာဒူးက အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၉ ခုနှစ် နောက်ပိုင်းတွင် လက်ရွေးစင် ဘောလုံးအသင်းဘဝမှ ဗဟာဒူး အနားယူသွားဟန် ရှိသည်။ ယင်းနောက်ပိုင်း ဖွဲ့စည်းသည့် မြန်မာလက်ရွေးစင် အသင်းစာရင်းတွင် ဗဟာဒူး အမည် ပါဝင်လာခြင်း မရှိသည်ကို တွေ့ရသည်။
အာရှဖလား ဘောလုံးပြိုင်ပွဲကို မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် ၁၉၆၇ ခုနှစ် ခြေစစ်ပွဲမှ စတင် ယှဉ်ပြိုင်ခဲ့ပြီး နောက်ဆုံး ဗိုလ်လုပွဲအထိ ရောက်ခဲ့သည်။ ၁၉၆၈ ခုနှစ်တွင် ကျင်းပသည့် နောက်ဆုံး ဗိုလ်လုပွဲတွင် အိမ်ရှင် အီရန်ကို ရှုံးပြီး ဒုတိယရသည့် အသင်းတွင် ဗဟာဒူးပါဝင်ခဲ့သည်။
ဗဟာဒူးသည် အာရှအားကစားပွဲတော် ဘောလုံးပွဲမှ ရွှေတံဆိပ်တခု၊ အရှေ့တောင်အာရှအားကစားပွဲတွင် ရွှေတံဆိပ် ၂ ခုနှင့် အာရှဖလား ဘောလုံးပြိုင်ပွဲတွင် ဒုတိယ ဆွတ်ခူးနိုင်ခဲ့သည်။ ဗဟာဒူးသည် အာရှအဆင့်ထိ ထင်ရှား ကျော်ကြားသူ ဖြစ်သည်။ သို့ရာတွင် ဆုတံဆိပ်ရရှိမှုနှင့် နှိုင်းယှဉ်လျှင်မူ မအောင်မြင်ဟု ဆိုရမည် ဖြစ်သည်။
တင်အောင် (ဘောလုံး) ၏ အောင်မြင်မှုများ
မြန်မာဘောလုံး လောကတွင် ထင်ရှား ကျော်ကြားရုံသာမက အောင်မြင်မှု အရှိဆုံး ဘောလုံးသမားတဦးမှာ ဂိုးသမား တင်အောင် ပင်ဖြစ်သည်။ တင်အောင် (ဂိုး) သည် အာရှအားကစားပွဲတော် ဘောလုံးပြိုင်ပွဲတွင် ၂ ကြိမ် (၁၉၆၆၊ ၁၉၇၀) တွင် ရွှေတံဆိပ်ရ မြန်မာလက်ရွေးစင် ဘောလုံးအသင်းတွင် ပါဝင်ခဲ့သည်။ အာရှဖလား ဘောလုံးပြိုင်ပွဲ (၁၉၆၈) တွင် ဒုတိယ ရသည့် မြန်မာလက်ရွေးစင် အသင်း၏ ဂိုးသမားဖြစ်သည်။
ကျွန်းဆွယ်ပြိုင်ပွဲ။ ။ အရှ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် ၅ ကြိမ် ဆက်တိုက် ပထမ ရသည်။ ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃ စသည့် ခုနှစ်များတွင် ရရှိခဲ့ခြင်း ဖြစ်ပြီး ယင်း ၅ ကြိမ် စလုံးတွင် တင်အောင် (ဂိုး) ပါဝင်သည်။
ကမ္ဘာ့အိုလံပစ်။ ။ ၁၉၇၂ ခုနှစ် အနောက်ဂျာမနီ နိုင်ငံ မြူးနစ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့အိုလံပစ် အားကစားပွဲတော် ဘောလုံး ပြိုင်ပွဲ၌ အသန့်ရှင်းဆုံး ဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အသင်းတွင်လည်း တင်အောင် (ဂိုး) ပါဝင်ခဲ့သည်။
အေးမောင်ကြီး (ဘောလုံး) ၏ အောင်မြင်မှုများ
အေးမောင်ကြီးသည် ကျောင်းသား အားကစားပွဲတော်၊ ဘောလုံးပြိုင်ပွဲမှ မွေးထုတ် ပေးလိုက်သည့် မန္တလေးတိုင်း လက်ရွေးစင် ဘောလုံးသမား ဖြစ်သည်။ ကျောင်းသားဘဝက လူငယ်လက်ရွေးစင် ဖြစ်သည်။
ကမ္ဘာ့အိုလံပစ်။ ။ မြန်မာလက်ရွေးစင် အသင်း အသန့်ရှင်းဆုံးဆု ရသည့် ၁၉၇၂ ခုနှစ် အနောက်ဂျာမနီ မြူးနစ် မြို့၌ ကျင်းပသော ကမ္ဘာ့အိုလံပစ် အားကစားပွဲ ဘောလုံးပြိုင်ပွဲတွင် အေးမောင်ကြီး ပါဝင်ခဲ့သည်။
အာရှအားကစားပွဲ။ ။ ၁၉၆၆ ခုနှစ်နှင့် ၁၉၇၀ ပြည့်နှစ်များတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အာရှ အားကစား ပြိုင်ပွဲ ကျင်းပခဲ့ရာ ယင်း ပြိုင်ပွဲ၌ ရွှေတံဆိပ်ရသည့် မြန်မာလက်ရွေးစင်ဘောလုံးအသင်းတွင် အေးမောင်ကြီး ပါဝင် ကစားခဲ့သည်။
အာရှဖလား။ ။ ၁၉၆၈ ခုနှစ် အီရန်နိုင်ငံ တီဟီရန်မြို့တွင် ကျင်းပခဲ့သော အာရှဖလား ဘောလုံးပြိုင်ပွဲ၌ ဒုတိယဆု ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာလက်ရွေးစင် အသင်းသား တဦး ဖြစ်သည်။
ကျွန်းဆွယ်။ ။ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃ ခုနှစ်များတွင် ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပွဲ ဘောလုံးပြိုင်ပွဲများ၌ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည့် မြန်မာလက်ရွေးစင် ဘောလုံး အသင်း၌ အေးမောင်ကြီး ပါဝင်သည်။
အကောင်းဆုံး။ ။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ၁၉၅၁ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ တနှစ်တာ အတွင်း အကောင်းဆုံး ဘောလုံးသမားကို ရွေးချယ်ဂုဏ်ပြု ချီးမြှင့်ခဲ့သည့် အကြိမ်ပေါင်း ၂၈ ကြိမ်တွင် အေးမောင်ကြီးက ၄ ကြိမ်၊ (၁၉၆၆၊ ၁၉၇၀၊ ၁၉၇၁၊ ၁၉၇၃) ခုနှစ်များတွင် ရွေးချယ်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။
ခင်ခင်ထွေး (ပြေးခုန်ပစ်) ၏ အောင်မြင်မှုများ
ကမ္ဘာ့အိုလံပစ်။ ။ ခင်ခင်ထွေးသည် ၁၉၈၈ ဆိုးလ်အိုလံပစ်၊ ၁၉၉၂ ဘာစီလိုနာ အိုလံပစ်နှင့် ၁၉၉၆ အတ္တလန်တာ အိုလံပစ်တို့တွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည်။ အိုလံပစ်ပြိုင်ပွဲ ၃ ကြိမ်ဆက် ယှဉ်ပြိုင်ခဲ့သည့် တဦးတည်းသော မြန်မာ အားကစားသမား ဖြစ်သည်။
အာရှအဆင့်။ ။ အာရှတံခွန်စိုက် မီတာ ၁၅၀၀ ပြေးပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သည်။
အာရှအားကစားပွဲ။ ။ အာရှအားကစားပွဲတွင် ၂ ကြိမ်ဆက်တိုက်၊ မီတာ (၁၅၀၀) ပြေးပွဲတွင် တတိယ ကြေးတံဆိပ် ၂ ကြိမ် ရသည်။
သန်းသန်း (ပြေးခုန်ပစ်) ၏ အောင်မြင်မှုများ
သန်းသန်း (ပြေးခုန်ပစ်) သည် အာရှတံခွန်စိုက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မီတာ ၄၀၀ ပြေးပွဲ၌ စံချိန်သစ်ဖြင့် ပထမ ရွှေတံဆိပ် ရသည်။
ကမ္ဘာ့အဆင့်။ ။ အနောက်ဂျာမနီနိုင်ငံ ဒူဆယ်ဒေါ့ဖ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့တိုက်ကြီးများ ပြေးခုန်ပစ်ပြိုင်ပွဲတွင် အာရှတိုက် ကိုယ်စားပြု၍ ဝင်ပြိုင်ခဲ့သည်။ အရှေ့တောင်အာရှ အားကစားပွဲတွင် အကောင်းဆုံး ပြေးခုန်ပစ်သမားဆု ရသည်။
ခိုင်ခိုင်မော်( ဝူရှူး) ၏ အောင်မြင်မှုများ
ခိုင်ခိုင်မော် (ဝူရှူး) သည် အာရှအားကစားပွဲ ဝူရှူးပြိုင်ပွဲတွင် ရွှေတံဆိပ်ရသည်။ မြန်မာအမျိုးသမီး အားကစားသမား များထဲမှ ယနေ့ ထက်တိုင် အာရှအားကစား ပွဲတော်မှ ရွှေတံဆိပ် ရရှိခဲ့ဖူးသည့် တဦးတည်းသော အမျိုးသမီး ရွှေတံဆိပ်ဆုရှင် ဖြစ်သည်။
ဂျင်မီကရင်တန် (ပြေးခုန်ပစ်) ၏ အောင်မြင်မှုများ
ဂျင်မီကရင်တန်သည် ၁၉၇၀ ပြည့်နှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည့် ၆ ကြိမ်မြောက် အာရှ အားကစားပွဲတော် ပြေးခုန်ပစ် ပြိုင်ပွဲ မီတာ ၈၀၀ ပြေးပွဲ၌ ရွှေတံဆိပ်နှင့် မီတာ ၁၅၀၀ ပြေးပွဲတွင် ကြေးတံဆိပ် ရသည်။ ၁၉၇၂ ခုနှစ် မြူးနစ် အိုလံပစ်တွင် ဂျင်မီကရင်တန် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ဖူးသည်။
ဗိုလ်ကြီး ကျော်ရှိန် (သေနတ်ပစ်) ၏ အောင်မြင်မှုများ
ဗိုလ်ကြီးကျော်ရှိန်သည် ၁၉၆၁ ခုနှစ် ရန်ကုန်ကျွန်းဆွယ် ပြိုင်ပွဲမှစကာ နိုင်ငံတကာ သေနတ်ပစ်လောကထဲသို့ ဝင်ရောက်ခဲ့ သည်။
ကမ္ဘာ့အဆင့်။ ။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် ကျင်းပသည့် ကမ္ဘာ့သေနတ်ပစ် ပြိုင်ပွဲတွင် မီတာ ၃၀၀ အကွာအဝေး သေနတ်ပစ် ပြိုင်ပွဲ၌ ရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။
အကြံပြုခြင်း
မြန်မာ့ဂုဏ်ဆောင် အားကစားမောင်မယ်များကို ဂုဏ်ပြုသည့် နည်းတူ မြန်မာအားကစား လောကကို စတင် ထူထောင် ဦးဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်ကြီးများကိုလည်း ဂုဏ်ပြု မှတ်တမ်း တင်သင့်ပါသည်။
ကာလဗလ ဦးရှိန်၊ ဦးဇော်ဝိတ်၊ ဦးသော်ဇင်(သီဟဗလ)၊ ဗိုလ်မှူးကြီးလှအောင်၊ ဦးမောင်မောင်ကလေး (ညွှန်ကြားရေးမှူး၊ အမျိုးသား ကိုယ်လက် ကြံ့ခိုင်ရေး ကောင်စီ)၊ ဦးဂွမ်ရှိန် (ညွှန်ကြားရေးမှူးချုပ်၊ အားကစားနှင့် ကာယပညာကော်မတီ) စသည်တို့ ဖြစ်ကြပါသည်။ ။