ကမ္ဘာ့ဖလား ဘောလုံးပွဲကြီး ပြီးဆုံးခဲ့ပါပြီ။ စံချိန်တင်မှု မျိုးစုံ၊ ရင်သပ်ရှုမောဖွယ်ရာ အဖုံဖုံ၊ မထင်မှတ်တဲ့ ရလဒ် ရင်ခုန်လှိုက်မော စိတ်လှုပ်ရှားစရာများ အပြည့် နဲ့ ရက်ပေါင်း ၃၂ ရက် ဟာ ကမ္ဘာ့ ဘောလုံး ဝါသနာအိုး သန်းပေါင်း များစွာ ကို ဖမ်းစား ထားခဲ့နိုင်တယ်။ အိမ်ရှင် ဘရာဇီးလ် နိုင်ငံရဲ့ နောက်ခံ လူမှု၊ စီးပွား၊ နိုင်ငံရေး ပြဿနာ အစုံစုံကြားက ဒီပြိုင်ပွဲဟာ ဘောလုံး အားကစား သဘော သုံးသပ်ရင် အောင်မြင်တယ် ဆိုရပါမယ်။ ဘောလုံး အတွေးအခေါ် ရှုထောင့် အသစ်တွေကိုလည်း ပေးလာနိုင်တယ်။
ဥပမာ သမားရိုးကျ ရှေ့တန်းစစ်စစ် ကျောနံပါတ် ၉ များကို အားမကိုးဘဲ ကွင်းလယ်တိုက်စစ်သမားများ အားနဲ့ တိုက်စစ်ဆင် ကစားဟန်မျိုးတွေဟာ အောင်မြင် ကျယ်ပြန့်လာတယ်။ ဂိုးသွင်းအများဆုံးစာရင်းမှာ သမားရိုးကျ တိုက်စစ်မှုး စစ်စစ်တွေ နည်းလာတယ်၊ ပြိုင်ပွဲရဲ့ အကောင်းဆုံး ရွှေဘောလုံး ဆုရှင် စကာတင် စာရင်း မှာ ကျောနံပါတ် ၉ ဂန္တဝင် ရှေ့တန်းစစ်စစ် ဟန် ကစားသူ တယောက်မှ မပါတော့ဘူး။ ချန်ပီယံ ဂျာမဏီ အသင်း ၂၃ ဦး စာရင်းမှာ တိုက်စစ်မှုး စစ်စစ် အဖြစ် အတွေ့အကြုံ ရှိ သက်ကြီး ကစားသမား ၁ ဦး သာ ထည့်ထားပြီး အကြို ဗိုလ်လုပွဲနဲ့ ဗိုလ်လုပွဲ အရေးကြီး ၂ ပွဲသာ ပထမ လူစာရင်းမှာ ထုတ်သုံးခဲ့တယ်။ ပြိုင်ပွဲ တလျှောက်မှာတော့ ကွင်းလယ်တိုက်စစ်နဲ့သာ ကြောက်ရွံ့လေးစားဖွယ် ဂိုးသွင်းအားကို ပြခဲ့တယ်။
အသင်းလိုက် ကစားနည်း ဘောလုံးဟာ တဦးချင်းအစွမ်း အဓိက မကျကြောင်းကိုလည်း လက်ရှိ ဖီဖာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံးသမား ရိုနယ်လ်ဒိုရဲ့ ပေါ်တူဂီ အသင်း အုပ်စု မကျော် နိုင်ခြင်း နဲ့ ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ရွှေဘောလုံး ဆုရှင် အဖြစ်သာ နှစ်သိမ့်လိုက်ရတဲ့ မက်ဆီ ရဲ့ အာဂျင်တီးနား အသင်း ဗိုလ်လုပွဲ မှာ နိုင်အောင် မကစားနိုင်ခဲ့ခြင်း က ထပ်မံ သက်သေပြုတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ သက်တမ်း တလျှောက် ဂိုးအနည်းဆုံးသွင်းပြီး ဖလားယူခဲ့တဲ့ ၂၀၁၀ ချန်ပီယံ စပိန် ရဲ့ ဘောလုံး ပိုင်ဆိုင်မှု အသားပေး၊ အလှပြ ကစားဟန်ရဲ့ ကျဆုံးခန်းကိုလည်း စပိန် အသင်း မိနစ် ၁၈၀ သာ ကစားအပြီး အုပ်စု အဆင့် က ထွက်ခဲ့ရခြင်ဖြင့် မြင်ခဲ့ရသလို ဘောလုံးပွဲရဲ့ အန္တိမ ပန်းတိုင် ဖြစ်တဲ့ ဂိုးတွေ လှိုင်လှိုင်သွင်းကြတာကို ရှုစားခဲ့ရတယ်။
ဒါပေမယ့် အပြတ်အသတ် ဂိုးပြတ်နိုင်တာမျိုးဟာ မထင်မှတ်ဘဲ အသင်းကြီးချင်း ထိပ်တိုက်တွေ့မှုတွေမှာသာ ရှိခဲ့တယ်။ အရင်လို အသင်းကြီး/လတ်/ငယ် များအကြား ခြေစွမ်း ကွာဟချက် မြင့်မားသိသာ ဂိုးပြတ် တာမျိုးဟာ မရှိသလောက် ဖြစ်သွားတဲ့ အပြင် အသင်းလတ် အသင်းငယ် တွေဟာ နောက်ဆုံး ရှုံးသာ ရှုံးစေဦး အပြန်အလှန် ဂိုးတွေ သွင်း အသင်းကြီးတွေကို သူတင်ကိုယ်တင် ခံကစား နိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရတယ်။
တကယ်တော့ ကမ္ဘာ့ဖလားဆိုတာ ကမ္ဘာ့တိုက်ကြီးများ အားလုံး ညီတူမျှတူ ပါဝင်နိုင်ရေး အတွက် အချိုးကျ ဝင်ခွင့် စနစ် ကျင့်သုံးတာကြောင့် အသင်းတွေရဲ့ ခြေစွမ်းဟာ သိသိသာသာ ကွာလေ့ရှိတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်ခဲ့တဲ့ ဥရောပ အသင်းတသင်း ရဲ့ အဆင့်ဟာ ခြေစစ်ပွဲ အောင် အာရှအသင်းတသင်းထက် သာနေနိုင်တာမျိုး (ဘောလုံးရသ သဘော) အားနည်းချက် ဟာ ကမ္ဘာ အနှံ့ ခွင့်တူ ပါဝင်ခွင့် အတွက် စတေးရတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ် တလျှောက်မှာ သွေးသစ်လောင်းကာ ပြန်လည် ခိုင်မာ လာခဲ့နိုင်တဲ့ မျက်မှောက်ခေတ် ဂျာမဏီ အသင်းလို မတောင့်တင်းသေးတဲ့ ၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမဏီ အသင်း ဆိုရင် ခပ်ချောင်ချောင်နဲ့ ဗိုလ်လုပွဲ အထိ တက်ခဲ့နိုင်တဲ့ ဥပမာ ရှိတယ်။
ဒါကြောင့် ကမ္ဘာ့ ဖလား ဘောလုံး အဆင့်အတန်းနဲ့ ခက်ခဲမှု ဟာ ဥရောပ၊ တောင်အမေရိက တိုက်ကြီးများရဲ့ ဖလားပွဲတွေလောက် အကြိတ်အနယ် မရှိလှဘူးလို့ ယေဘုယျ ယူဆနိုင်တယ်။ ဒါပေမယ့် ဒီသဘော ဟာ အခု ၂၀၁၄ ကမ္ဘာ့ဖလား ပွဲမှာ ပျောက် သလောက် ဖြစ်သွားခဲ့တယ်။ ခြေအဆင့်အတန်း ကွာစေဦး တပွဲတိုး ပဲ ဆိုဆို အသင်းငယ်၊ အသင်းလတ် တွေ ဟာ သိသိသာသာ ခြေစွမ်းထုတ်ပြနိုင်ခဲ့ကြတယ်။ ဒီလို ယှဉ်ပြိုင်တဲ့ အသင်းတွေရဲ့ အပြန်အလှန် ရှိခဲ့မှု ရလဒ် အဖြစ် ၂၀၁၄ ပြိုင်ပွဲ အုပ်စု အဆင့် သွင်းဂိုးစုစုပေါင်း ၁၃၆ ဂိုးဟာ ၂၀၁၀ ပြိုင်ပွဲ တခုလုံး သွင်းဂိုး စုစုပေါင်း ထက် ၉ ဂိုးသာ လျော့နည်းကြောင်းက ပြခဲ့တယ်။
ဒါ့အပြင် ဒုတိယ အဆင့် ကို ပထမဆုံးအကြိမ် တက်လာခဲ့နိုင်တဲ့ အယ်လ်ဂျီးရီးယားရဲ့ ချန်ပီယံ ဂျာမဏီကို အချိန်ပို အထိ ဂိုးအပြန်အလှန် သွင်း ခံကစားခဲ့နိုင်ခြင်း၊ နောက်ဆုံး ၈ အသင်း အဆင့် ကို အသင်းသစ် နှစ်သင်း အဖြစ် အသင်းလတ် ကိုလံဘီယာ နဲ့ အသင်းငယ် ကော်စတာရီကာ တက်လာနိုင်ခြင်း၊ ဒီ အဆင့်ကို မရောက်နိုင်ခဲ့တာ ဆယ်စုနှစ် ၃ ခု နီးပါး ကြာခဲ့ပြီ ဖြစ်တဲ့ ဘယ်လ်ဂျီယန် အသင်း တက်လာခဲ့ခြင်း တွေ ဟာ ၂၀၁၄ ပြိုင်ပွဲဝင် အသင်းများ အကြား ခြေစွမ်း ကွာဟ မှု နည်းလာခြင်း ကို ပြနေတယ်။ နောက်ဆုံးအဆင့် ၈ သင်း လုံးဟာ အုပ်စုမှာ ဗိုလ် ဖြစ်ခဲ့သူချည်း ဆိုတဲ့ မှတ်တမ်း အသစ်ဝင်ခြင်း ကလည်း ဒီ ၈ သင်းဝင်တွေ ဟာ တပွဲတိုး ကော်ကောင် အနေနဲ့ စွတ်ရွတ် တက်လာခြင်းမျိုး မဟုတ်ဘဲ တကယ် ခြေစွမ်း ရှိ၊ ခြေမှန် အရည်အချင်း ရှိလို့ ဆိုတဲ့ အချက်ကို သက်သေပြနေတယ်။
ဒီထဲက ကိုလံဘီယာနဲ့ ကော်စတာရီကာ ဆိုရင် အကြိုဗိုလ်လုပွဲ အထိ ရောက်လုနီး ဖြစ်ခဲ့တယ်။ ကိုလံဘီယာ ဟာ ဘရားဇီးလ်ကို ၈ သင်းရှုံးထွက်မှာ ရှုံးသာ သွားတယ် ခြေမရှုံးခဲ့ဘူး။ ကော်စတာရီကာ ဆိုလည်း ၂၀၁၀ ဒုတိယ၊ အခု ၂၀၁၄ တတိယ အစဉ်အလာကြီးမားတဲ့ နယ်သာလန်ကို ခြေစွမ်း မယှဉ် နိုင်ခဲ့ပေမယ့် စိတ်ဓာတ် နဲ့ နည်းပရိယာယ် ကောင်းကောင်း ယှဉ်နိုင်ခဲ့ပြီး နောက်ဆုံး အဆုံးအဖြတ် ပယ်နယ်လ်တီ အထိ ရောက်အောင် ခံကစားသွားနိုင်ခဲ့တယ်။
အကြိုဗိုလ်လုပွဲ အဆင့်မှာ ကမ္ဘာ့ဖလား ၅ ကြိမ် ဆွတ်ခူးထားတဲ့ ဘရာဇီးလ် အသင်း ရဲ့ နှစ် ၁၀၀ နီးပါး အတွင်း အကြီးမားဆုံး စံချိန်တင် ရှုံးပွဲ ဟာ မယုံနိုင်စရာ ထူးခြား ဖြစ်စဉ် ဖြစ်ခဲ့တယ်။ ဂျာမဏီကို ၇ ဂိုး ၁ ဂိုး နဲ့ ရှုံးခဲ့တဲ့ ရလဒ် ဟာ မျက်လုံးပြူးထွက်ချင်စရာ ဖြစ်ပေမယ့် တကယ်တော့ ဘရာဇီးလ်ရဲ့ ဘောလုံး အဆင့်အတန်းဟာ ဆယ်စုနှစ် တခုအတွင်းမှာ သိသိသာသာ ကျနေခဲ့ပြီး ဆင်ပိန်ကျွဲ အနေနဲ့သာ ရှိခဲ့တာပါ။ ကမ္ဘာ့ဖလား အကြို ၂၀၁၃ တိုက်ကြီးများ ဖလား မှာ ဘရာဇီးလ် ဗိုလ်စွဲ နိုင်ခဲ့လို့ လက်ရှိ မျိုးဆက် က ဘရာဇီးလ် ဘောလုံးလောက အတွက် အောင်မြင်မှု အသစ် ယူပေးနိုင်လေမလား မျှော်လင့်စရာ ဖြစ်ခဲ့တယ်။
ဒါပေမယ့် လက်တွေ့မှာတော့ အရင် ခေတ်တွေလို အစွမ်းအစ ရှိ အဆင့်မြင့် ထူးခြား ထူးချွန် ကစားသမားတွေ ဘရာဇီးလ်မှာ နည်းပါးလာနေတာ ငြင်းမရပါ။ ဒါဟာ ပြည်တွင်း ပြိုင်ပွဲ တွေ ရဲ့ အဆင့်အတန်း ကျဆင်း လာမှု၊ သမင်မွေးရင်း ကျားစားရင်း သဘော ပြည်တွင်း ကလပ်အသင်းတွေဟာ အရည်အသွေး ရှိ ဘောလုံး သမားတွေကို ငွေကြေး လိုအပ်ချက် အရ ဥရောပ ကို မပြတ် တင်ပို့ နေရမှု စတဲ့ နောက်ခံ အချက် မျိုးစုံကြောင့်ပါ။ ဒီလို အခြေအနေမှာမှ အိမ်ရှင် ဖိအား ဒဏ်၊ စုဖွဲ့မှု စိတ်ဓာတ် လျော့ရဲမှု၊ နည်းစနစ် မှားယွင်းမှု အားလုံး စုလိုက်တာ့ ဘရာဇီးလ် အသင်း နောက်ဆုံး မျက်နှာမလှ ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် တကယ် နည်းပညာ သဘော အခြေခံကျကျ သုံးသပ်ရင် ဘရာဇီးလ် အခုလို အကြိုဗိုလ်လုပွဲ အဆင့် ရောက်ခဲ့တာ တော်လှပြီ လို့ပဲ ဆိုရမယ်။
ဗိုလ်လုပွဲမှာတော့ အာဂျင်တီးနားဟာ ဂျာမဏီ ကို အန္တရာယ်ပြု ခြိမ်းခြောက် ထိုးဖောက် အပြန်အလှန် ကစားနိုင်ခဲ့ပေမယ့် နောက်ဆုံး အချိန်ပို မှာတော့ အငြင်းပွားဖွယ်မရှိ ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်း၊ စုစည်းမှု စိတ်ဓာတ် စည်းကမ်း အရှိဆုံး အသင်း ဖြစ်တဲ့ ဂျာမဏီပဲ အနိုင်ရသွားခဲ့တယ်။
၂၀၁၄ ပြိုင်ပွဲမှာ ဘောလုံးလောကရဲ့ အကျည်းတန် မျက်နှာစာများ အဖြစ်နဲ့က လူမျိုးရေးခွဲခြား အားပေး လှောင်ပြောင်မှုတွေကို ပွဲစဉ်တချို့ မှာ တွေ့ခဲ့ရတယ်။ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ရဲ့ လူမျိုးရေး ကိစ္စ ကိုင်တွဲမှု အားနည်းနေသေးပုံတွေကို လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး အဖွဲ့တွေက ပြစ်တင် ဝေဖန်တာတွေ ရှိတယ်။ ဒါပေမယ့် ပြိုင်ပွဲ တလျှောက် မတရား ဆိုးဆိုးရွားရွား ရုပ်ပျက်ဆင်းပျက် ဖြစ်ရတာမျိုးတော့ မရှိခဲ့ပါဘူး။ ဒါ့အပြင် လူရမ်းကား ဘောလုံး ပရိသတ်များရဲ့ တရားလွန် ရမ်းကားမှုတွေကိုလည်း မတွေ့ခဲ့ရပါဘူး။
ပြိုင်ပွဲ တလျှောက် အိမ်ရှင် ဘရာဇီးလ် ပရိသတ် ဟာ ဒေသတွင်း မဟာပြိုင်ဘက် အာဂျင်တီးနား ကို တောက်လျှောက် ဆန့်ကျင်ခဲ့တာမျိုးဟာ နားလည် လက်ခံနိုင်စရာပါ။ ယေဘုယျ သဘောမှာတော့ နိုင်ငံစုံက ပရိသတ် အရောင်အသွေးစုံ ဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ အနှစ်သာရ ကမ္ဘာ့လူသားအားလုံး ဘောလုံးအားကစား အပေါ် ချစ်မြတ်နိုးမှု ဆိုတဲ့ ဘုံရပ်တည်မှု တခုကို အခြေတည် သွေးစည်းညီညွတ် ချစ်ခင်ရင်းနှီးမှုကို ဖော်ထုတ်ပြသနိုင်ခဲ့ကြတယ်။
ဒီလို ဘောလုံး အားကစား ရဲ့ အလှတရား တွေကို မြင်တွေ့ရခဲ့သလို ခေတ်သစ် ဘောလုံး မှာ ငွေကြေး အကျိုးအမြတ် မက်လုံး တွေ စွက်ဖက် လာမှု ရဲ့ အကျိုးဆက် အဖြစ် ဘောလုံးသမားများ အနိုင်ရလိုစိတ် ပြင်းထန် မတရား လုပ်၊ ညစ်ပတ် ယှဉ်ပြိုင်လိုမှု ဖြစ်ရပ် တချို့ကိုလည်း မြင်ခဲ့ရတယ်။ အကောင်းဆုံး ဥပမာ ကတော့ ဘောလုံးသမား နာမည်ကြီး တချို့ရဲ့ ဟန်ဆောင်လှဲချ ဒိုင်ဗင် ထိုး ယဉ်ကျေးမှု နဲ့ ပြစ်ဒဏ်ဘောတွေမှာ မသိမသာ စည်းခိုးမှုတွေ များပြားလာတာကို တားဆီးနိုင်ဖို့ရာ အခု ၂၀၁၄ ပွဲမှာမှ ပထမဆုံး ကျင့်သုံးခဲ့ရတဲ့ ဒိုင်လူကြီးက ဆေးဖြူမှုတ် သတ်မှတ်ရတဲ့ နည်း အသစ်ပါပဲ။
ဟန်ဆောင် သမားတွေကို ထိထိရောက်ရောက် ကွင်းအတွင်း ချက်ချင်း အရေးယူနိုင်ဖို့ရာ လူသား ဒိုင်လူကြီး ဟာ ဂိုးလိုင်း လိုပဲ နည်းပညာ အကူအညီ မပါရင် မဖြစ်နိုင်သေးတာကို တွေ့ခဲ့ရပါတယ်။
ဒီလို အဆိုး မျက်နှာစာ တချို့ ရှိခဲ့၊ အိမ်ရှင် အသင်း အခြေမလှ ဖြစ်ခဲ့ရပေမယ့် ၂၀၁၄ ကမ္ဘာ့ဖလား ဟာ အားလုံး ခြုံငုံကြည့်ရင် အဆင့်တန်းရှိ ဘောလုံးရသ အပြည့်ပေးနိုင်ခဲ့တယ်။ ဘောလုံး စိတ်ဝင်စားမှု နည်းတဲ့ အမေရိကန်လို ကမ္ဘာ့ လူချမ်းသာ တိုင်းပြည်ကြီးမျိုးရဲ့ စိတ်ဝင်တစား အားတက်သရော ရှိလာမှု အပါအဝင် ကမ္ဘာ့တဝှမ်း ရဲ့ ပိုမို အားပေး စိတ်ဝင်စားမှု ရခဲ့တယ်။ စီးပွားရေး သဘောလည်း အောင်မြင်ခဲ့တယ်။ အနာဂတ်မှာလည်း ဘောလုံး ဟာ ကမ္ဘာ့လူသား သည်းခြေကြိုက် ဖြစ်မြဲ ဖြစ်နေမယ်၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဟာ ကမ္ဘာမှာ ရေပန်းအစားဆုံး အားကစားပြိုင်ပွဲကြီး တခု ဖြစ်နေမယ် ဆိုတာကိုလည်း ဒီ ၂၀၁၄ ပြိုင်ပွဲက သက်သေပြုနိုင်ခဲ့တယ်။
ဒါပေမယ့် ဒီလို အဖက်ဖက်က အပေါင်းလက္ခဏာတွေ ပြနေတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားဟာ ကျနော်တို့ ဗမာတွေ လည်း အိပ်ရေးပျက်ခံ အားပေးကြတယ်။ ဒါပေမယ့် ဘောလုံး အားကစားကို နှစ်လုံး သုံးလုံးနည်းတူ လောင်းကစားတခု အနေနဲ့သာ ပို စိတ်ဝင်တစား ရှိကြတဲ့ လောင်းကစားရောဂါစွဲနေသူတွေအတွက် အင်္ဂလန်၊ အီတလီ၊ စပိန်၊ ပေါ်တူဂီ၊ ဘရာဇီးလ် အသင်းကြီးတွေ အားလုံး ရလဒ် မကောင်းခဲ့တော့ ဒီ ၂၀၁၄ ပြိုင်ပွဲဟာ အထိနာမယ်။ အရင် အကြိမ်တွေ ဘရာဇီးလ် နှိပ်စက်လို့ အကြီးစား လောင်းကစားသမားများ သတ်သေဖူးတဲ့ ဖြစ်စဉ်တွေ ဗမာပြည်မှာ ရှိခဲ့ဖူးတယ်။ အခုလည်း တိုင်းပြည်က ငွေတွေ ဘယ်လောက်များ စင်္ကာပူ လောင်းကစားဒိုင်တွေဆီ ပါသွားခဲ့လည်း မသိဘူး။
၁၉၉၈ ပြင်သစ် ကမ္ဘာ့ဖလားကာလ နေ့မအိပ် ညမအိပ် အားဖြည့် အချိုရည် တွေ သောက်ရင်း ဘောလုံးပွဲကြည့် လောင်းကစားလည်း စွက်ခဲ့တယ်လို့ ယူဆရတဲ့ စိတ်ဝေဒနာ ခံစားရသူ တဦးကို ရုပ်သံ မေးမြန်းခန်း လုပ်လွှင့်တယ်။ ခေါင်းတုံးဆံတောက်နဲ့ ဝေဒနာရှင်ဟာ ရောဂါ အရှင်းပျောက်သေးဟန် မတူဘဲ ကပေါက်တိ ကပေါက်ချာတွေ ဖြေတယ်။ သူ ထပ်ပြန်တလဲလဲ ပြောခဲ့တာကတော့ “ကျနော် ဘရာဇီးလ် ရှုံးလို့ ခေါင်းတုံး (ကတုံး) တုံးလိုက်တယ်” ဆိုတာပါပဲ။ အခုလည်း ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲကြီး ဆိုခဲ့သလို အောင်မြင်မှု ရခဲ့ပေမယ့် ဗမာပြည်မှာတော့ လောင်းကစား ဒဏ် မိုင်သောင်းချီအရပ်က ဘောလုံး အမှန် ခံရရင်း “ဘရာဇီးလ် ရှုံးလို့ ခေါင်းတုံး တုံးတယ်” လို့ ရေရွတ် နေရမယ့် ဗမာများ အများအပြား ရှိနေလေမလား စိုးရိမ်မိပါရဲ့ ခင်ဗျား။
(ငြိမ်းချမ်းအေးသည် သြစတြေးလျနိုင်ငံတွင် အိုင်တီ နှင့် စီးပွားရေး မဟာ ပညာရပ်များကို လေ့လာသင်ယူခဲ့ပြီး အွန်လိုင်း မီဒီယာများတွင် မျက်မှောက်ရေးရာ၊ အာဘော်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူ တယောက် ဖြစ်သည်။)