မြန်မာနိုင်ငံတွင် ဘောလုံးအားကစားနည်းကို အပျော်တမ်းစံနစ်မှ ဆုကြေးစား စံနစ်သို့ ၂၀၀၉ ခုနှစ်မှ စတင် ပြောင်းလဲခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ငါးနှစ် သက်တမ်း ပြည့်ခဲ့ပြီ ဖြစ်သည်။ မြန်မာဘောလုံး အားကစားနည်းမှာ အာရှတွင် ၁၉၅၀ မှ ၁၉၇၅ အထိ ၂၅ နှစ်တာ ဘောလုံး ခေတ်တခေတ် ထူထောင်နိုင်ခဲ့ဖူးသည်။
ယင်း ၂၅ နှစ်အတွင်း မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစား ပွဲတွင် ၁၉၆၅၊ ၁၉၆၇၊ ၁၉၆၉ ၊ ၁၉၇၁၊ ၁၉၇၃ စသည့် နှစ်များတွင် ၅ ကြိမ်ဆက်တိုက် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ ၁၉၆၁ တွင် ဒုတိယ တကြိမ်၊ ၁၉၇၅ တွင် တတိယတကြိမ် ရရှိခဲ့သည်။ ကျွန်းဆွယ်ခေတ်တွင် မြန်မာဘောလုံး အသင်း၏ အောင်မြင်မှုမျိုးကို မည်သည့် အရှေ့တောင်အာရှ ကျွန်းဆွယ်နိုင်ငံများမှာမှ ရရှိခဲ့ခြင်း မရှိကြပါ။
အာရှအားကစားပွဲ ဘောလုံးပြိုင်ပွဲတွင် ၁၉၆၆ နှင့် ၁၉၇၀ ပြည့်နှစ်များတွင် နှစ်ကြိမ်ဆက်တိုက် ရွှေတံဆိပ်ရရှိခဲ့ပြီး ၁၉၅၄ တွင် တတိယတကြိမ် ရရှိခဲ့သည်။ ယနေ့ထက်တိုင် မည်သည့် အရှေ့တောင်အာရှနိုင်ငံကမှ အာရှဖလားတွင် ပထမနေရာသို့ မရောက်ခဲ့ဘူးပါ။
၁၉၆၈ တွင် ကျင်းပသည့် အာရှတံခွန်စိုက်ဘောလုံးပြိုင်ပွဲတွင်လည်း ဒုတိယတကြိမ် ရခဲ့သည်။
၁၉၇၂ တွင်ကျင်းပသည့် မြူးနစ်အိုလံပစ် ကမ္ဘာ့အိုလံပစ် အားကစားပွဲ၊ ဘောလုံးပြိုင်ပွဲ၌လည်း ဆိုဗီယက်ပြည်ထောင်စု၊ မက်ဆီကိုနိုင်ငံများနှင့် ခြေရည်တူ ကစားခဲ့နိုင်သည်။ အာဖရိကတိုက်မှ ဆူဒန်အသင်းကို အနိုင်ကစားနိုင်ခဲ့သဖြင့် အသန့်ရှင်းဆုံး အသင်းဆု ချီးမြင့်ခံခဲ့ရသည်။
အာရှဒေသတွင်းမှ နိုင်ငံတကာ ဖိတ်ခေါ်ပြိုင်ပွဲများ ဖြစ်သည့် တောင်ကိုရီးယား သမ္မတပတ်ချုံဟီး ဘောလုံးပွဲ၊ မလေးရှားနိုင်ငံ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ဖြစ်သည့် မာဒေးကား ဘောလုံးပြိုင်ပွဲ၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် ဂျကာတာဖလား ဘောလုံးပြိုင်ပွဲ၊ ထိုင်းနိုင်ငံတွင် ကျင်းပသည့် ထိုင်းဘုရင်မွေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတို့တွင် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ဂုဏ်ပြုခံ အသင်းတသင်းဖြစ်သည်။ ပါဝင်ယှဉ် ပေးပါရန် အထူး ဖိတ်ကြားခြင်း ခံခဲ့ရသည့် အသင်းတသင်းလည်း ဖြစ်ခဲ့သည်။ ဖိတ်ခေါ်ပြိုင်ပွဲများအားလုံးတွင်လည်း မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် ခြေစွမ်းပြနိုင်ခဲ့သည်။ အောင်မြင်မှုလည်း ရရှိခဲ့သည်။
ယနေ့ ကမ္ဘာ့ဖလားဘောလုံးပွဲများ အထိ တက်ရောက်ယှဉ်ပြိုင်နေကြသည့် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်၊ ဂျပန်၊ အီရန် စသည့် နိုင်ငံများနှင့်လည်း မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် တန်းတူ၊ ရည်တူ၊ ခြေရည်တူ၊ အဆင့်တူ ကစားနိုင်ခဲ့သည်။ အပြန်အလှန် အရှုံးများလည်း ရှိခဲ့သည်။
အာရှ အားကစားပွဲတော် ဘောလုံးပြိုင်ပွဲတွင် တောင်ကိုရီးယားနှင့် အီရန်အသင်းတို့အား မြန်မာလက်ရွေးစင် ဘောလုံးအသင်းက အနိုင်ကစားခဲ့ဖူးသည်။
ဘောလုံးသမားများ
ဘောလုံးအသင်းများ အောင်မြင်ကြရသည့် အဓိက အကြောင်းရင်းများထဲတွင် ယင်းအသင်းတွင် ပါဝင်ကစားခဲ့ ကြသည့် ဘောလုံးသမားများ သည်လည်း အကြောင်းရင်းတခု ဖြစ်သည်။
ထိုစဉ်က မြန်မာလက်ရွေးစင် ဘောလုံးသမား အားလုံးနီးပါးမှာ ထူးချွန် ထင်ရှားကြသူများ ဖြစ်ကြသည့် အာရှ လက်ရွေးစင်များ အဖြစ်ပင် ရွေးချယ်ခံရသည်။ အာရှလက်ရွေးစင် အသင်း ကစားသမားများ အဖြစ် ခင်မောင်ထွန်းနှင့် ဗဟာဒူးတို့သည် အင်္ဂလန်မှ ကြေးစားကလပ်အသင်းနှင့် ခြေစမ်းကစားခဲ့ဖူး ကြသည်။
လူငယ်
ထိုစဉ်က အာရှတိုက်တွင် လက်ရွေးစင် ဘောလုံးအသင်းများ အတွက် ပြိုင်ပွဲနှင့် အသက် ၂၀ အောက် လူငယ် ဘောလုံးပွဲ ဟူ၍ နှစ်မျိုးတည်းသာ ရှိသည်။ မြန်မာ လူငယ်ဘောလုံး အသင်းသည် မြန်မာလက်ရွေးစင် အသင်းထက် စော၍ အောင်မြင်မှု ရရှိခဲ့သည်။ ၁၉၆၁ အာရှလူငယ် ဘောလုံး ပြိုင်ပွဲတွင် အင်ဒိုနီးရှားနှင့် ပူးတွဲချန်ပီယံ ဖြစ်ခဲ့သည်။
မြန်မာ ဘောလုံးလောက အတွက် ကနဦး ပထမဆုံး ရွေတံဆိပ်ကို ဆွတ်ခူးနိုင်ခြင်း ဖြစ်သည်။ မြန်မာ လူငယ်ဘောလုံး အသင်း၏ အဓိက ပြိုင်ဘက် အသင်းမှာ အစ္စရေးလူငယ် အသင်းဖြစ်သည်။ အစ္စရေးနိုင်ငံမှာ အာရှတိုက်ထဲတွင် ရှိလင့်ကစား ၁၉၇၄ ခုနှစ် နောက်ပိုင်းတွင် အားကစား လှုပ်ရှားမှုများကို ဥရောပတိုက်နှင့် သွားရောက် ပူးပေါင်းခဲ့ရ သည်။ ထိုသို့ ပူးပေါင်းလိုက်ရသော အကျိုးကျေးဇူးမှာ အစ္စရေးနိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်သွားခြင်း ပင် ဖြစ်သည်။
၁၉၅၀ မှ ၁၉၇၅ ခုနှစ် အတွင်း မြန်မာနိုင်ငံ၏ အားကစား လှုပ်ရှားမှုများသည် ကျောင်းသား လူငယ်များမှ စတင်သည်။ စာသင်ကျောင်းတိုင်း လိုလိုတွင် ကာယပညာ ဆရာများ ရှိကြသည်။ ယင်း ကာယပညာ ဆရာအများစုမှာ ဘောလုံးနှင့် ဘတ်စကက် အားကစားနည်း တို့တွင် စိတ်ပါဝင်စားကြသည်။
ယင်း ကာယပညာ ဆရာများ ကျေးဇူးကြောင့် စာသင်ကျောင်းများမှ အားကစားသမားကောင်း ဖြစ်နိုင်မည့် ကျောင်းသူ၊ ကျောင်းသားများ ထွက်ပေါ်ခဲ့သည်။ ကျောက်ရိုင်းလေးများကို သက်ဆိုင်ရာ ကောလိပ်၊ တက္ကသိုလ်နှင့် အားကစား အဖွဲ့ချုပ်များက သွေးလိုက်သော် မြန်မာနိုင်ငံ အတွက် အားကိုး၊ အားထား ပြုလောက်သည့် အားကစားသမားကောင်း များ ပေါ်ထွက်လာသည့် အထဲတွင် ဘောလုံး အားကစားသမားများလည်း အပါအဝင် ဖြစ်သည်။
ထိုစဉ်က ရှိခဲ့သည့် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ၊ ကောလိပ်နှင့် တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတို့မှာ တဖြည်းဖြည်းနှင့် ပျောက်ကွယ်ကုန်သည်။ ပြိုင်ပွဲများနှင့်အတူ အထူးသဖြင့် အထက်တန်းကျောင်းများမှ ကာယ ပညာဆရာ၊ ဆရာမတို့၏ အခန်းကဏ္ဍ မှာလည်း မှေးမှိန်သွားသည်။
စာသင်ကျောင်းများရှိ ကစားကွင်းဘေးတွင် ဈေးဆိုင်ခန်းများ ပေါ်လာသည်။ ကျောင်းသူ၊ ကျောင်းသားများ အားလပ်ချိန် ကစားရမည့် အားကစားကွင်း နေရာလည်း ကျဉ်းမြောင်းလာသည်။ ထို့အပြင် ကျောင်းသား လူငယ်များမှာ လည်း အားလပ်ချိန်များကို အားကစားကွင်း၊ အားကစားရုံများထဲတွင် အသုံးမချကြတော့ဘဲ ကျူရှင်များ၊ သီးသန့် စာသင်ဝိုင်းများတို့တွင်သာ အချိန်ပေးကြ တော့သည်။
အားကစားဟူသည်မှာ လူငယ်များအတွက်သာ ဖြစ်သည်။ လူငယ် အများစုကြီးက အားကစားနှင့် ကင်းကွာ လာသည့်အခါ အားကစား တိုးတက်မှု မရှိသည်မှာ မဆန်းတော့ ဟု ဆိုရမည်သာ ဖြစ်သည်။
ကြေးစားတန်း
အားကစားကို ဝါသနာထုံသူ လူငယ် အနည်းစုမှာလည်း အားကစားပစ္စည်း မပြည့်မစုံ လိုအပ်သည့် အာဟာရ ချို့ချို့တဲ့တဲ့ဖြင့် အားကစားကို လိုက်စားနေကြရသည်။ အထူးသဖြင့် ဘောလုံးလောကတွင် ဖြစ်သည်။ အစိုးရဌာန ဘောလုံးအသင်းများတွင် တလလျင် မြန်မာကျပ်ငွေ တသိန်းပင် မရှိသည့် ထောက်ပံ့ငွေများဖြင့် ဘောလုံးကို ခုံမင်စွာ ကစားခဲ့ကြရသည်။ ဘောလုံးသမားများ ကြုံလှီလာသောအခါ လက်ရွေးစင် ဘောလုံးအသင်းလည်း ပိန်ချုံးလာတော့ သည်။
နိုင်ငံတကာ ပြိုင်ပွဲများတွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် မဟုတ်ဘဲ ပြိုင်တိုင်းရှုံးသည့် ဘောလုံး အသင်း ဖြစ်လာသည်။ ၁၉၇၇ ခုနှစ်မှ ၁၉၉၉ ခုနှစ် အတွင်း ကျင်းပသည့် အရှေ့တောင်အာရှ အားကစားပွဲ၊ ဘောလုံး ပြိုင်ပွဲတွင် မြန်မာလက်ရွေးစင် အသင်းကြီးက ၁၉၉၃ ခုနှစ်တွင် ငွေတံဆိပ် ရဖူးသည် ကလွဲ၍ ကျန်ပွဲတိုင်း အောင်မြင်မှု မရခဲ့ပါ။
၂၀၀၁ ခုနှစ်တွင် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲကို အသက် ၂၃ နှစ်နှင့်အောက် ဟူ၍ အသက်ပြောင်းလဲ သတ်မှတ်ခဲ့သည်။ မြန်မာ ယူ ၂၃ အသင်း တကြိမ်တခါမှ ရွှေတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိသေးပါ။ ယင်း ရှုံးနိမ့်မှုများ၏ အဓိက အကြောင်း ရင်းမှာ ဘောလုံးသမားများ ရှားပါးခြင်းကြောင့် ဖြစ်သလို ဘောလုံးသမားများမှာလည်း ငါ့ဝမ်းပူဆာ မနေသာသည့် အဖြစ်မျိုး ကြောင့်သာ ဖြစ်သည်။ ထိုသို့ သုံးသပ်မိသော ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက ဘောလုံးနှင့် ဆက်နွယ်နေသူ အားလုံးအတွက် တစိတ်တဒေသ ဘဝဖူလုံရေး စဉ်းစားလုပ်ဆောင်ရန် လိုအပ်လာသည်။ အလကား ပဲတင်းလိုလို လုပ်ဆောင်နေကြရသည့် ဘောလုံး လှုပ်ရှားမှုမှ နေ၍ ကြေးစားတန်း ဘောလုံးခေတ်ကို ၂၀၀၉ ခုနှစ်မှ စတင် ထူထောင်ခဲ့သည်။
နိုင်ငံတကာတွင် ကျင့်သုံးနေကြပြီ ဖြစ်သည့် လိဂ်ပြိုင်ပွဲ စနစ်ကို စတင်ခဲ့သည်။ ကြေးစားတန်း ဘောလုံးကလပ်အသင်း များ ထူထောင်ခဲ့ကြသည်။ Pro ဘောလုံးသမားတဦး၏ လစာများမှာလည်း ကနဦး စတင်စဉ်က အနည်းဆုံး သုံးသိန်းမှ ကျပ် သိန်း ၂၀ အထိ ရှိခဲ့ဖူးသည်။
နေပူပူ၊ မိုးရွာရွာ အချိန်ကာလမရွေး ဟိုလူကဆဲ၊ ဒီလူကဆဲတိုင်း ခံနေကြရပြီး ခရီးစရိတ်သာသာ ထောက်ပံ့ကြေး ရခဲ့ကြသည့် ဒိုင်လူကြီးများကိုလည်း သင့်တင့်မျှတ လုံလောက်သည် အထိ ထောက်ပံ့ကြေးများ တိုးပေးခဲ့သည်။
ဘောလုံးနှင့် ပတ်သက်၍ ကိုယ်တတ်ကျွမ်းသည့် ပညာရပ်ဖြင့် အသက်မွေး ဝမ်းကျောင်း ပြုသူအားလုံးကိုလည်း ထောက်ပံ့ကူညီ ခဲ့သည်။ သို့ရာတွင် ရည်မှန်းချက် ပန်းတိုင်သို့ မရောက်သေးသည် ကတော့ အမှန်ပင် ဖြစ်သည်။
သက်တမ်းအားဖြင့် ၅ နှစ် ကြာမြင့်လာပြီ ဖြစ်သော ကြေးစားတန်း ကလပ်အသင်းများသာ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာအမျိုးသားလိဂ်ကို အမှန်တကယ် ဘောလုံးပြိုင်ပွဲ အဆင့်သို့ ရောက်ရှိအောင် ဘောလုံးနှင့် ပတ်သက်သူ အားလုံး အပြင် တာဝန်ရှိသည့် အဖွဲ့အစည်းများကပါ ကူညီဆောင်ရွက်ပေးမှ သာလျင် မြန်မာ့ဘောလုံး အဆင့်အတန်း တိုးတက်နိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ ကြေးစား ကလပ် အသင်းများကလည်း နိုင်ငံတကာမှ ကြေးစားတန်း ကလပ် အသင်းများနှင့် တန်းတူညီတူ အဖြစ်သို့ ရောက်ရှိအောင် အထူးကြိုးစား ပြုပြင်သွားကြဖို့ လိုသည်။
မူလ ကနဦးက မြန်မာနေရှင်နယ်လိဂ်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အသင်းများ အတွက် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများကို ကလပ်အသင်းများက မည်မျှ လိုက်နာကျင့်သုံးနေသည် ကိုလည်း ပြန်လည်သုံးသပ်ကြဖို့ အချိန်တန် နေပြီ ဖြစ်သည်။
တဖန် နိုင်ငံတကာ လိဂ်များတွင် ကျင့်သုံးနေသည့် Pro နည်းစနစ်များ၊ စည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများကို လေ့လာပြီး မိမိတို့၏ မြန်မာအမျိုးသားလိဂ် ပြိုင်ပွဲများတွင် အကျိုးရှိရှိ အသုံးချဖို့လည်း လိုအပ်နေပြီ ဖြစ်သည်။
၅ နှစ်တာ သက်တမ်း အတွင်း ကြုံတွေ့ရသည့် အောင်မြင်မှု၊ ဆုံးရှုံးမှုများကို သုံးသပ်ပြီး နိုင်ငံတကာ အလယ်တွင် ထည်ဝါခန့်ညားသော ဘောလုံး လိဂ်ပြိုင်ပွဲကြီးတခု အဖြစ်သို့ ရောက်အောင် ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်း ရှိသမျှ ဆောင်ရွက်ပေးကြမှသာလျင် မြန်မာဘောလုံး လောက၏ ရှေ့ခရီးလမ်း ဖြောင့်တန်းသာယာ ပေလိမ့်မည်ဟု တင်ပြချင်ကြောင်းပါ ခင်ဗျာ။ ။