မြန်မာနိုင်ငံတွင် ယခင်က အားကစား လှုပ်ရှားမှုများမှာ ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဗဟိုပြု လှုပ်ရှားနေခဲ့ရာမှ ယခုအခါ တိုင်းဒေသကြီး တချို့နှင့် ပြည်နယ် တချို့တွင်ပါ လှုပ်ရှားမှုများ ရှိလာနေသည်။
များမကြာမီ ရက်ပိုင်းအတွင်းကပင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဖလား မီနီမာရသွန် ပြိုင်ပွဲ တောင်ကြီးမြို့တွင် ကျင်းပခဲ့သည်။ တောင်ကြီးနှင့် အနီးတဝိုက်ရှိ အထက်တန်းကျောင်းများမှ ကျောင်းသူ၊ ကျောင်းသားလေးများ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။
ရှေးယခင်မှ မြန်မာအားကစား ထင်ရှားကျော်ကြား ခဲ့စဉ်က ပါဝင်ခဲ့ကြသည့် မြန်မာ့လက်ရွေးစင် အားကစားသမား အများစုမှာ တိုင်းနှင့်ပြည်နယ်များမှ မွေးထုတ်ပေးလိုက်သည့် အားကစားသမားများ ဖြစ်ကြသည်။
ရှမ်းပြည်နယ်မှာ ဆိုလျှင် ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ လက်ဝှေ့၊ ပြေးခုန်ပစ်နှင့် ကြက်တောင်ရိုက် အားကစားနည်း တို့တွင် အဆင့်အတန်းမီသော အားကစားသမားများကို မွေးထုတ် ပေးနိုင်ခဲ့သည်။ ရှမ်းပြည်နယ်မှ မွေးထုတ်ပေးလိုက်သည့် အားကစားသမားများမှာ လက်ရွေးစင် ဖြစ်ရုံသာမက အောင်မြင်မှုများကို ရယူခဲ့ကြသည်။
ရှမ်းပြည်နယ် နည်းတူ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တို့ကလည်း နိုင်ငံတကာ အားကစားနည်းများ အတွက် အောင်မြင်သည့် အားကစားသမား (အမျိုးသမီး အပါအဝင်) များကို မွေးထုတ်ပေးနိုင်ခဲ့သည်မှာ အများအသိပင် ဖြစ်ပါသည်။
စာရေးသူတို့ ငယ်စဉ်က မြန်မာနိုင်ငံ ဘော်လီဘောအဖွဲ့ တချို့က အားကစားဆောင်ပုဒ် တခု ထုတ်ပြန်ခဲ့ပါသည်။ “ကျေးရွာအဆုံး တပြည်လုံး ဆင်းရဲ ချမ်းသာ၊ ကစားပါ” ဟူ၍ ဖြစ်သည်။ ဘော်လီဘော အားကစားနည်းကိုသာ ရည်ညွှန်းခဲ့သော်လည်း အခြားသော အားကစားနည်းတချို့နှင့်လည်း သက်ဆိုင်သည်ဟု စာရေးသူကတော့ ထိုစဉ် ကတည်းက ခံယူထားပါသည်။
ဤနေရာတွင် အားကစားနည်း တချို့ဆိုသည့် အဓိပ္ပာယ်ကို အနည်းငယ် ရှင်းပြလိုပါသည်။ အားကစားနည်းတိုင်း သည် ဆင်းရဲ၊ ချမ်းသာ တူညီစွာ လေ့လာလိုက်စားကြဖို့ မလွယ်ပါ။
ပမာအားဖြင့် တင်းနစ်၊ ဂေါက်သီးရိုက်၊ ရွက်လှေ စသည့် အားကစားနည်း တို့မှာ ဆင်းရဲသား ပြည်သူအများနှင့် ဝင်ဆန့်သည့် အား ကစားနည်းမျိုး မဟုတ်သလို ယခုအခါ မြန်မာနိုင်ငံတွင် အားကစား အဖွဲ့ချုပ်များ ဖွဲ့စည်းထားသည့် မြင်းစီး၊ အနောက်တိုင်းဓား၊ အနောက်တိုင်း နပန်း၊ ခရစ်ကက် စသည့် အားကစားနည်းတို့မှာ တတိုင်းပြည်လုံး အတိုင်းအတာဖြင့် အောင်မြင်ဖြစ်ထွန်းနိုင်သည့် အားကစားနည်းများ မဖြစ်နိုင်ပါ။ နိုင်ငံတိုင်းတွင် ကမ္ဘာပေါ်ရှိ အားကစားနည်း မျိုးစုံ ဖြစ်ထွန်းအောင်မြင်ခြင်း မရှိသည်ကို တွေ့ကြ ရမည် ဖြစ်ပါသည်။
အာရှအဆင့်တွင် ကြည့်လျှင်ပင် တရုတ်နိုင်ငံသည် ဘောလုံးအားကစားနည်းတွင် ကမ္ဘာ့အဆင့်သို့ ဝင်နိုင်ခြင်း မရှိသေးသည်ကို သတိပြုသင့်ပါသည်။ တရုတ်နည်းတူ အမေရိကန် ပြည်ထောင်စုကလည်း ဘောလုံး အားကစား နည်းတွင် ကမ္ဘာ့အဆင့် ရောက်ရှိအောင် ကြိုးစား ရုန်းကန်နေရဆဲ သာဖြစ်သည်။
မြန်မာနိုင်ငံတွင် လက်ရှိ၌ အားကစားအဖွဲ့ချုပ်ပေါင်း ၄၀ ကျော်ရှိသည်။ ယင်းအားကစားနည်း ၄၀ ကျော် စလုံး နိုင်ငံတကာ တန်းဝင် ရန် ကြိုးစားနေကြသည် ဆိုလျှင် စိတ်ကူးယဉ်နေကြခြင်း ဖြစ်ပေလိမ့်မည်။
ယခင်က မြန်မာနိုင်ငံတွင် အားကစား အဖွဲ့ချုပ်ပေါင်း ၂၀ ကျော်သာ ရှိပါသည်။ အဖွဲ့ချုပ်တိုင်း အားလုံး လိုလိုမှာ နိုင်ငံတကာ အား ကစားပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရှိသည့် နိုင်ငံတကာ အားကစားနည်း အလိုက် ဖွဲ့စည်းထားသည့် အားကစားအဖွဲ့ချုပ် များသာ ဖြစ်သည်။ ရိုးရာ အားကစားနည်းဟူ၍ မြန်မာခြင်းလုံး အဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံသိုင်း အဖွဲ့ချုပ်တို့သာ ရှိသည်။
နောက်ပိုင်းတွင် ရိုးရာ အားကစားအဖွဲ့ချုပ် ဟူ၍ ပေါ်လာသည်။ ရိုးရာအားကစား အဖွဲ့ချုပ်က နှစ်စဉ် လွန်ဆွဲပြိုင်ပွဲနှင့် စွန်ဖြတ်ပြိုင်ပွဲသာ မှန်မှန်ကျင်းပလေ့ ရှိသည်ကိုသာ တွေ့နေရသည်။
၂၀၁၃ ဆီးဂိမ်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့ရာ မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲနှင့် ခြင်းလုံးတော့ ပြိုင်ပွဲတို့ကိုသာ ထည့်သွင်း ကျင်းပနိုင်ခဲ့ သည်။ သီးခြားမဟုတ်ဘဲ မြန်မာစစ်တုရင် အားကစားနည်းက နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲ ခေါင်းစဉ်အောက်တွင် လည်းကောင်း၊ ခြင်းလုံးတော့ ပြိုင်ပွဲခေါင်းစဉ် အောက်မှ ကျင်းပသွားသည်။
မြန်မာ့ရိုးရာ အားကစားနည်းများကို ဖော်ဆောင်ပေးခဲ့ခြင်း မရှိသော်လည်း အခြား နိုင်ငံများမှ ရိုးရာ အားကစားနည်းများ ဖြစ်သည့် မွေထိုင်းလက်ဝှေ့ (ယိုးဒယား)၊ ပန်ကျပ်ဆီလတ် (အင်ဒိုနီးရှား)၊ ဗိုဗီနမ် (ဗီယက်နမ်)၊ ကင်ကို (တရုတ်၊ ဂျပန်)၊ ပင်ဘွေ (လာအို) အားကစားနည်းများကိုမူ ထည့်သွင်း ကျင်းပပေးခဲ့သည်။ ပုဂံခေတ်ဦး ကတည်းက ရှိခဲ့ဖူးသည့် မြန်မာ ဗန်တို၊ ဗန်ရှည် (လက်နက်နှင့် လက်နက်မဲ့) ဓားသိုင်း ကစားနည်း၊ မြန်မာ့ရိုးရာ လက်ဝှေ့၊ ထုတ်စည်းတိုး စသည့် အားကစား နည်းတို့မူ စဉ်းစားခဲ့ကြခြင်း ရှိဟန် မတူပါ။
ပန်းတိုင်း မပွင့်နိုင်
ပန်းတိုင်း ပွင့်ရမည် ဆိုသည်မှာ သဘောတရားအရ ကြားလို့ကောင်းသော်လည်း လက်တွေ့ဘဝနှင့်မူ မကိုက်ညီပါ။ ပေါ်ပီပန်းများ များများပွင့်လေ ကမ္ဘာသူ၊ ကမ္ဘာသား အားလုံး ဒုက္ခများလေလေ မဟုတ်ပါလား။
အားကစားနည်း ၅ မျိုး
မြန်မာနိုင်ငံတွင် အားကစား လှုပ်ရှားမှုများ စတင်ခဲ့စဉ်က ဘောလုံး၊ ဘော်လီဘော၊ အလေးမ၊ ပြေးခုန်ပစ်နှင့် လက်ဝှေ့ အားကစား နည်း တို့ကို အထူးဦးစားပေး အားကစားနည်းများ အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာတနိုင်ငံလုံး ယင်း အားကစားနည်း ငါးမျိုး ပြည် သူ များနှင့် ထိတွေ့ နီးစပ်စေရေး အတွက် ဇုန်နယ်များ သတ်မှတ်၍ ဇုန်နယ် နည်းစနစ်မှူးများ စေလွှတ်ပြီး သင်ကြားပြသစေခဲ့ သည်။
ယင်း ဇုန်နယ် နည်းပြသင်တန်းများကြောင့် ပြေးခုန်ပစ်၊ လက်ဝှေ့၊ ဘော်လီဘော၊ ဘတ်စကတ်ဘော လက်ရွေးစင်များ ပေါ်ထွက်ခဲ့ သည်။
မမှားကြစေလို
နှစ်ပေါင်းများစွာ ငြိမ်သက်နေပြီးမှ ယခုအခါတွင် အားကစား လှုပ်ရှားမှုများ ပြန်လည်လူးလွန့်စ ပြုလာသည်။ ရှမ်းပြည်နယ် တောင်ကြီးမှ စတင်တွေ့ရှိ လာရပြီး ကျန် တိုင်းဒေသကြီးများနှင့် ပြည်နယ်အစိုးရများလည်း အားကစား လှုပ်ရှားမှုများ ပြုလုပ်လာကြမည်ဟု မျှော်လင့်ရသည်။
ထိုသို့ လှုပ်ရှားလာကြမည် ဆိုလျှင် ပြည်သူအများနှင့်လည်း နီးစပ်ပြီး မြန်မာအားကစား လောကတွင် နှစ်ရှည်လများ လစ်ဟာနေ သည့် ကွက်လပ်ကြီးကို ဖြည့်ဆည်းပေးနိုင်မည့် အားကစား နည်းများကိုသာ ဦးစားပေး ကျင်းပပေးကြ စေလိုပါသည်။ ပြည်တွင်း၌ အားကစား ပြိုင်ပွဲများမှတဆင့် ရှေ့တဆင့်တက်ကာ နိုင်ငံတကာ ပြိုင်ပွဲကြီးများဖြစ်သည့် အရှေ့တောင်အာရှ အားကစားပွဲ၊ အာရှ အားကစားပွဲ၊ ကမ္ဘာ့အိုလံပစ် အားကစားပြိုင်ပွဲ၊ အားကစား နည်းများအလိုက် ကျင်းပသည့် ကမ္ဘာ့အဆင့် ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် အတွက် ဖြစ်ပါသည်။
ဝင်ဆန့်ခဲ့သည်
မြန်မာနိုင်ငံသည် တခေတ်တခါက နိုင်ငံတကာ အားကစားနည်းများ ဖြစ်ကြသည့် အလေးမ၊ ဘောလုံး၊ ရေကူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ ရွက်လှေ၊ သေနတ်ပစ် စသည့် အားကစားနည်း များတွင် အာရှအဆင့် သာမက ကမ္ဘာ့အိုလံပစ် အဆင့်အထိ ဝင်ဆန့်နိုင်ခဲ့သည်။ အဆင့်မြင့် အားကစား ပြိုင်ပွဲကြီးများတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံတိပ်များ ဆွတ်ခူး နိုင်ခဲ့သည်။ ကမ္ဘာ့ အိုလံပစ် မှတ်တမ်း ဝင်ခဲ့ပါသည်။ ကမ္ဘာ့စံချိန်သစ်များ တင်နိုင်ခဲ့ကြသည်။
ယင်း အားကစားနည်းများ အနက် ရွက်လှေနှင့် သေနတ်ပစ် အာကစားနည်း တို့မှလွဲ၍ ကျန်အားကစား နည်းများမှာ မြန်မာပြည် တဝန်းလုံး လေ့လာလိုက်စား ကြသည့် အားကစားနည်းများ ဖြစ်ကြပါသည်။ ကျေးရွာအဆုံး တပြည်လုံး လေ့လာလိုက်စား ကြသည့် အားကစားနည်းများ ဖြစ်ကြပါသည်။ ယခင် ပြည်နယ်နှင့် တိုင်း အားကစား ပြိုင်ပွဲများ တနစ်တကျ ကျင်းပခဲ့စဉ်က ပြည်နယ်နှင့်တိုင်း အားကစား ပြိုင်ပွဲများမှတဆင့် မြန်မာ့ လက်ရွေးစင် အားကစားသမား မြောက်များစွာ မွေးထုတ်ပေးခဲ့သည်ကို အများအသိပင် ဖြစ် သည်။
ကျဆင်း
ယနေ့ကာလ၌ အထက်ဖော်ပြပါ နိုင်ငံတကာ အားကစားနည်းများတွင် မြန်မာတို့ တဖြည်းဖြည်းနှင့် အဆင့်အတန်း ကျဆင်းလာ သည်ကို ၂၀၁၃ နေပြည်တော် ဆီးဂိမ်းက သက်သေပြခဲ့ပြီး ဖြစ်သည်။ ဆီးဂိမ်းအဆင့်မှာပင် အထက်ပါ အားကစားနည်းများ အောင်မြင်မှု မရရှိခဲ့ပါ။
သို့ဖြစ်ရာ အာရှအားကစားပွဲ၊ အိုလံပစ် အားကစား ပြိုင်ပွဲတို့တွင် အောင်မြင်မှု ထိုက်သင့်သလောက် ရယူလိုလျင် ယင်း အားကစား ပြိုင်ပွဲကြီးများတွင် ထည့်သွင်းကျင်းပပြီး မြန်မာ အားကစားနှင့်လည်း လိုက်လျောညီထွေရှိသည့် အားကစားနည်းများ အဆင့်အတန်း ပြန်လည် မြင့်မားရေးကို အားကစား တာဝန်ရှိသူ အားလုံးက အထူးဂရုပြု ဆောင်ရွက်သင့်သည့် အချိန် ရောက်နေပြီ ဖြစ်ကြောင်း တင် ပြလိုက်ရပါသည်။ ။