မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများနှင့် အတူ အားကစား လှုပ်ရှားမှု များပြားလာသည်ကို သတိမူမိသည်။ အထူးသဖြင့် တိုင်း ဒေ သကြီး တချို့နှင့် ပြည်နယ် တချို့တွင် အစိုးရအဆင့်မှ အားကစား လှုပ်ရှားမှုများတွင် ပါလာသည်ကို တွေ့မြင် ကြားသိရသည်။
နှစ်ပေါင်း များစွာ အိပ်မောကျနေသော ကောလိပ်နှင့် တက္ကသိုလ်များ၏ အားကစား လူးလွန့်စပြုလာသည်။
သို့ရာတွင် ကောလိပ်နှင့် တက္ကသိုလ်များ ဒေသဆိုင်ရာ အားကစား လှုပ်ရှားမှုများ ပြန်လည် လူးလွန့်လာနေချိန်၌ အားကစားနှင့် ပတ်သက်လျင် အဓိက တာဝန်ရှိသည့် အားကစား အဖွဲ့ချုပ်များ၏ လှုပ်ရှားမှုများမှာ ထူးဆန်းအံ့သြဖွယ် ကောင်းလောက်အောင်ပင် အေးခဲငြိမ်သက် နေသည်။
ယခင်က ဤအချိန်ဆိုလျှင် အားကစားအဖွဲ့ချုပ်တချို့ အာရှအားကစားပွဲတွင် ပါဝင်ယဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်မှုများ လုပ်နေကြပြီ ဖြစ်သည်။ အထူးသဖြင့် နိုင်ငံတကာ သို့မဟုတ် အိုလံပစ် အားကစားနည်းများ ဖြစ်ကြသည့် ပြေးခုန်ပစ်၊ ရေကူး၊ အလေးမ၊ လက်ဝှေ့၊ သေနတ်ပစ်၊ ရွက်လှေ၊ ဘောလုံး စသည့် အားကစားနည်းများနှင့် အရှေ့တောင်အာရှတွင် စတင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ နိုင်ငံကြီးများကပင် စိတ်ဝင်စားလာနေသည့် ပိုက်ကျော်ခြင်း အားကစားနည်းတို့ ဖြစ်သည်။ ယင်း အားကစားနည်းတို့မှာ အာရှအားကစားပွဲတွင် ရွှေ၊ ငွေ၊ ကြေး တံဆိပ်များ ဆွတ်ခူးခဲ့ဖူးသည့် အားကစားနည်းများ ဖြစ်သည်။
အာရှအားကစား ပြိုင်ပွဲ စတင်ကျင်းပရန် ဦးဆောင်သည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည် ဖြစ်ရာ ယခင်က အာရှအားကစားပွဲကို မြန်မာနိုင်ငံက စိတ်ဝင်စားခဲ့သည်။ အာရှ အားကစား ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားအဖွဲ့များကို ပြည်ထောင်စုအလံ အပ်နှင်းပွဲများကိုပင် တခမ်းတနား ကျင်းပလေ့ ရှိခဲ့သည်။
ယခု တောင်ကိုရီးယား နိုင်ငံအင်ချွန်မြို့တွင် ကျင်းပမည့် အာရှအားကစားပွဲမှာ ကျင်းပရန် လပိုင်းမျှသာ လိုတော့သည်။ မြန်မာနိုင်ငံ မှ အင်ချွန် အာရှအားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် ပြင်ဆင်မှုများမှာ ထင်သာမြင်သာ မတွေ့ရှိရသေးပါ။
အတည် မပြုနိုင်သော သတင်းစာနှင့် အားကစားဂျာနယ်များတွင် ပါရှိသည့် သတင်းများအရ အာရှ အားကစားပွဲတွင် မြန်မာအမျိုးသမီး ဘောလုံး ပါဝင်ယှဉ်ပြိုင်တော့မည် မဟုတ်ဟု ကြားသိရသည်။
အာရှအားကစားပွဲ၊ အမျိုးသမီး ဘောလုံးအသင်းများကလွဲ၍ အခြားနိုင်ငံများမှ အမျိုးသမီး ဘောလုံးအသင်းများ ရွှေ၊ ငွေ၊ ကြေး ဆု တံဆိပ်များ မရနိုင်ကြပါ။ သို့သော် စတုတ္ထ၊ ပဉ္စမနှင့်ဆဋ္ဌမအဆင့် ဝင်လျှင်ပင် အောင်မြင်သည်ဟု ဆိုရမည် ဖြစ်ပါသည်။ အမျိုးသမီး ကမ္ဘာ့ဖလား ခြေစစ်ပွဲအဆင့် အာရှအမျိုးသမီး တံခွန်စိုက် ဘောလုံးပွဲမှာပင် ယှဉ်ပြိုင်ပွဲများ ကစားပြီးနောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည့် မြန်မာအမျိုးသမီး ဘောလုံးအသင်း အာရှအားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရသင့်ပါသည်။
အာရှ အားကစား ပွဲတော်တွင် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်ပြီး အတည်မပြုနိုင်သော အခြား သတင်းတပုဒ် က ပို၍ ထူးဆန်းအံ့သြဖွယ်ကောင်းနေပါသည်။ အာရှအားကစားပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရထားကြသည့် အားကစားအသင်း များ၊ အားကစားသမားများ မိမိစရိတ်ဖြင့် မိမိသွားရောက် ယှဉ်ပြိုင်ရမည် ဆိုသည့် သတင်း ဖြစ်သည်။ အားကစား စာစောင်ထဲတွင် ပါလာသည့် သတင်းဖြစ်ပါသည်။ ယင်းသတင်း မှန်သည်ရှိသော် လုပ်ထုံးလုပ်နည်း မှားနေပါသည်။
အာရှအားကစားပွဲ၊ ကမ္ဘာ့အိုလံပစ် အားကစားပွဲတို့မှာ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားအသင်း၊ အားကစား သမားများသည် မိမိတို့၏ ဆိုင်ရာနိုင်ငံများကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြရခြင်း ဖြစ်ပါသည်။ သက်ဆိုင်ရာ နိုင်ငံတော် အလံများကို လွှင့်ထူ ထားစမြဲ ဖြစ်ပါသည်။
ထိုနည်းတူစွာ အာရှအားကစားပွဲဝင် အားကစားအဖွဲ့များသည် ဖွင့်ပွဲ၊ ပိတ်ပွဲများတွင် သက်ဆိုင်ရာ နိုင်ငံတော် အလံများကို ကိုင်စွဲကာ ချီတက်ကြစမြဲလည်း ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အာရှအားကစားပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အားကစားအသင်း၊ အဖွဲ့များကို နိုင်ငံတော်ကသာ တာဝန်ယူရမည် ဖြစ်သည်။ သက်ဆိုင်ရာ နိုင်ငံတို့၏ အိုလံပစ် ကော်မတီများကသာ တာဝန်ယူကြစမြဲ ဖြစ်ပါသည်။
ကမ္ဘာ့ အိုလံပစ်ပွဲတော်ကြီးများတွင် ဘဏ္ဍာရေး အခက်အခဲကြောင့် နိုင်ငံတော်အလံတခု ပြိုင်ပဲဝင် တဦးနှင့် အုပ်ချုပ်နည်းပြ အဖွဲ့ဝင် တစုဖြင့်ပင် ဝင်ပြိုင်ခဲ့ကြသည့် သာဓကများ ရှိခဲ့ဖူးပါသည်။ အားကစား အဖွဲ့ဝင် နည်းသည် ဖြစ်စေ၊ များသည် ဖြစ်စေ၊ အာရှအားကစား ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြသူများကို နိုင်ငံတော်နှင့် သက်ဆိုင်ရာ အမျိုးသား အိုလံပစ် ကော်မတီများကသာ ဝာာဝန် ယူသင့်ပါသည်။ ကိုယ့်စရိတ်နှင့်ကိုယ် သွားပြိုင်ကြ ဆိုသည့် သတင်းကတော့ သတင်းမှားကြီး ဖြစ်ပါစေလို့ပင် ဆုတောင်းနေမိ ပါသည်။
စင်ကာပူဆီးဂိမ်း
မြန်မာနိုင်ငံ၏ အားကစားလှုပ်ရှားမှုများသည် အာရှအားကစား ပွဲတော်ထက် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် စင်ကာပူ ဆီးဂိမ်း အပေါ်သာ အာရုံစူးစိုက်မှု များနေသည်။
၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် မြန်မာနိုင်ငံမှ ဆွတ်ခူး ရရှိခဲ့သည့် ရွှေတံဆိပ် ၈၄ (၈၆-၂) ဆု ပြန်လည် ရရှိပြီး နိုင်ငံအလိုက် ပ၊ ဒု၊ တ စာရင်းဝင်အောင် ကြိုးပမ်းနေကြသည် ကို သတိပြုမိသည်။
နိုင်ငံတကာ အားကစား ပြိုင်ပွဲများတွင် ရွှေတံဆိပ်များများ ရရှိရေး ကြိုးပမ်းကြခြင်းမှာ မှန်ကန်ပါသည်။ သို့သော် ရနိုင်၊ မရနိုင် ဆို သည့် အချက်ကို ပထမဆုံး ထည့်သွင်းစဉ်းစားသင့် ကြပါသည်။ ဦးစွာ စင်ကာပူနိုင်ငံတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများ ကို လေ့လာသင့်ကြပါသည်။
ကနဦး ကြေညာချက်များအရ စင်ကာပူ ဆီးဂိမ်းတွင် ထည့်သွင်း ကျင်းပရန် လျာထားသည့် အားကစားနည်းများမှာ (၁) ရေကန် အတွင်း၌ ကျင်းပမည့် အားကစားနည်း ၄ မျိုး၊ (ရေကူး၊ ဒိုင်ဗင်၊ ဝါတာပိုလိုနှင့် စည်းချက်ညီ ရေကူး အလှပဒေသာ)၊ (၂) မြားပစ်၊ (၃) ပြေးခုန်ပစ်၊ (၄) ကြက်တောင်၊ (၅) ဘတ်စကက်ဘော၊ (၆) ဘိလိယက်၊ (၇) စနူကာ၊ (၈) ဘိုးလင်း၊ (၉) ကနူး/ကယက်၊ (၁၀) စက်ဘီး၊ (၁၁) ဓားသိုင်း၊ (၁၂) ဘောလုံး (အမျိုးသမီး အသင်း ပါမပါ မသေချာပါ)၊ (၁၃) ဂေါက်သီး၊ (၁၄) ကျွမ်းဘား၊ (၁၅) ဟော် ကီ၊ (၁၆) ဂျူဒို၊ (၁၇) Net Ball၊ (၁၈) ရပ်စ်ဘီ၊ (၁၉) ပန်ကျပ်ဆီလတ်၊ (၂၀) ရွက်လှေ၊ (၂၁) ပိုက်ကျော်ခြင်း၊ (၂၂) သေနတ်ပစ်၊ (၂၃) ဆောဖ့်ဘော (Soft Ball)၊ (၂၄) စကွပ်(ရှ်) (Squash)၊ (၂၅) စားပွဲတင် တင်းနစ်၊ (၂၆) တိုက်ကွမ်ဒို၊ (၂၇) တင်းနစ်၊ (၂၈) နဂါးလှေ၊ (၂၉) ထရိုင်သလွန်၊ (၃၀) ရေပြင်လျှောစီး၊ (၃၁) ဝူရှုးတို့ ဖြစ်ကြသည်။
ပြိုင်ပွဲ နီးကပ်လာသည်နှင့် အမျှ အားကစားနည်း တိုးလာဖွယ်သာ ရှိသည်။ နည်းသွားဖွယ် မမြင်ပါ။ လက်ရှိ အားကစားနည်း ၃၁ မျိုးကို မြန်မာနိုင်ငံတွင် ဆီးဂိမ်းကျင်းပခဲ့စဉ်က ထည့်သွင်း ကျင်းပခဲ့သည်။ မွေ လက်ဝှေ့၊ နိုင်ငံတကာ လက်ဝှေ့၊ နိုင်ငံတကာ စစ်တုရင်၊ ဗိုဗီနမ်၊ ကင်ပို၊ ပန်ဘေ့၊ မြင်းအလှစီး၊ အနောက်တိုင်းလှေ၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်း၊ ကရာတေး၊ ကာယဗလ (အမျိုးသား)၊ ဖူဆယ် တို့အပြင် အလေးမနှင့် ဘော်လီဘော ပြိုင်ပွဲ နပန်း ကစားနည်းများ ကနဦး စာရင်းထဲတွင် မပါသေးသည်ကို တွေ့ရသည်။
အသစ်များ
ကနဦး စာရင်းအရ စင်ကာပူတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းတချို့မှာ ဘိုးလင်း၊ အနောက်တိုင်း ဓားသိုင်း၊ ကျွမ်းဘား၊ Net Ball၊ Soft Ball၊ Squash၊ ထရိုင်သလွန်၊ ရေလွှာလျောစီး စသည့် အားကစားနည်းများ ဖြစ်ကြသည်။
ဝင်ပြိုင်မည်
မြန်မာနိုင်ငံကလည်း ပြိုင်ပွဲမှန်သမျှ ဝင်ပြိုင်ကြ မူအရ၊ မြန်မာနိုင်ငံတွင် အများပြည်သူ လေ့လာလိုက်စားခြင်းလည်း မရှိ၊ အားကစား အဖွဲ့ချုပ်များပင် မရှိသေးသည့် အားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားပမ်းစား အားထုတ် နေကြသည်။
မြန်မာနိုင်ငံ အားကစား ဝန်ကြီးဌာန၏ ဦးတည်ချက်မှာ နေပြည်တော် ဆီးဂိမ်းတွင် ရွှေတံဆိပ် ၈၄ (၈၆-၂) ပြန်လည် ရရှိရေး၊ နိုင်ငံ အလိုက် ပ၊ ဒု၊ တ အဆင့်ဝင်ရေး ပင်ဖြစ်သည်။ ဦးတည် ရည်မှန်းချက် ကောင်းပါသည်။ သို့သော် ဖြစ်နိုင်ခြေ ရှိမရှိ စဉ်းစား သုံးသပ် သင့် ကြပါသည်။
၂၀၁၃ နေပြည်တော် ဆီးဂိမ်းတွင် မြန်မာတို့ ရွှေတံဆိပ် ရရှိခဲ့သည့် အားကစားနည်းများ အနက်မှ စင်ကာပူ ဆီးဂိမ်းတွင် ဘယ်နှစ်မျိုး ပြန်လည် ပါ မပါ၊ စင်ကာပူ နိုင်ငံက အသစ်ထည့်သွင်း ကျင်းပသည့် အားကစားနည်း အသစ်များတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် မည် မျှ ရနိုင်၊ မရနိုင် ဆိုသည်ကို အသေးစိတ် ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်ကြည့်ကြမည် ဆိုလျင် စင်ကာပူ ဆီးဂိမ်းတွင် မြန်မာနိုင်ငံက ရွှေတံဆိပ် မည်မျှရရှိနိုင်ခြင်း ရှိ မရှိကို အကြမ်းအားဖြင့် သိနိုင်ကြပါသည်။
စာရေးသူကတော့ မည်သည့် အားကစား ပြိုင်ပွဲများ မဆို၊ မဖြစ်မနေ ထည့်သွင်း ကျင်းပနေကြသည့် နိုင်ငံတကာနှင့် အိုလံပစ် အားကစားနည်းများ ဖြစ်ကြသည့် ရေကူး၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ အလေးမ၊ သေနတ်ပစ်၊ ရွက်လှေ စသည့် တဦးချင်း အားကစား နည်းများ၊ အသင်းလိုက် အားကစားနည်းများဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော အားကစားနည်းများမှ ရွှေတံဆိပ် ဆွတ်ခူးနိုင်ရေး ကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း အကြံပြုလိုပါသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် နီးကပ်နေပြီဖြစ်သော အာရှအားကစားပွဲနှင့် ပတ်သက်၍ ခိုင်မာတိကျသော လုပ်ငန်းစဉ်များ၊ ပြင်ဆင်မှုများ၊ ရည်မှန်းချက်များကို အများပြည်သူ သိရှိပြီး အားပေး ပါဝင်လာရေးအတွက် ပွင့်လင်းမြင်သာ ရှိရှိ ထုတ်ပြန်ရန် အချိန် တန်ပါပြီ။
ပြည်သူတို့၏ အားပေးမှုဖြင့် အားကစားအောင်ပွဲများ ရရှိခဲ့သည်ကို သတိပြုစေလိုပါသည်။ ။