အားကစား

အားကစား အဖွဲ့ချုပ်များနှင့် လူထုပါဝင်သည့် အားကစား သို့

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် အားကစားအဖွဲ့ချုပ်များ ပြုပြင်ပြောင်းလဲ၍ ပြန်လည်ဖွဲ့စည်းရေးမှာ အဓိက ဖြစ်သည်။

အားကစားအဖွဲ့ချုပ်များသည် အများ ပြည်သူပါဝင်သည့် အားကစားဖြစ်ရေး ဦးစီး ဆောင်ရွက်ပေးရာတွင် အခြေခံကျသည့် အဖွဲ့အစည်းများ ဖြစ်သည်။

ယခင်က အားကစား အဖွဲ့ချုပ်များ

မြန်မာနိုင်ငံ၏ အားကစားလှုပ်ရှားမှုသည် အင်္ဂလိပ် ကိုလိုနီခေတ် ကတည်းက စတင်ခဲ့ရာ၊ အင်္ဂလိပ်တို့က မြန်မာ နိုင်ငံတွင်းသို့ နိုင်ငံတကာ အားကစားနည်းတချို့ကို တင်သွင်း လာခဲ့သည်။

စစ်ရေး၊ ဘာသာရေးနှင့် စီးပွားရေးများနှင့် အတူ ဘောလုံး၊ ပြေးခုန်ပစ်၊ တင်းနစ်၊ လက်ဝှေ့၊ ဟော်ကီ စသည့် နိုင်ငံနိုင်ငံတကာ အားကစား နည်းများကို မြန်မာ ပြည်တွင်း၌ ဖြန့်ဝေပေးခြင်း ဖြစ်သည်။

ယင်း အားကစားနည်းများကို မျက်နှာဖြူ အရာရှိကြီးများ၊ မျက်နှာဖြူ စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဦးဆောင်သည့် BAA (Burma Athletic Association) အဖွဲ့ကသာ ဦးဆောင် လှုပ်ရှားခဲ့သည်။

ထိုစဉ်က အားကစားနည်း အလိုက် အားကစား အဖွဲ့ချုပ်များ မရှိသလောက်ပင် ဖြစ်ပြီး၊ မြန်မာနိုင်ငံ လွတ်လပ်ရေး အကြိုကာလ ကျမှ အားကစား အဖွဲ့ချုပ်အချို့ကို တရားဝင် ဖွဲ့စည်းနိုင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ဖွဲ့စည်းသည့် အားကစား အဖွဲ့အစည်းသည် မြန်မာနိုင်ငံ အိုလံပစ် ကော်မတီဖြစ်၍ ၁၉၄၆ ခုနှစ် မေလ ၂၆ ရက်တွင် စတင် ဖွဲ့စည်းခဲ့သည်။

မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၏ နာယကကြီး နှစ်ဦးမှာ ဖဆပလ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း၊ ဗြိတိသျှ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်တို့ ဖြစ်သည်။

ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အင်္ဂလိပ်ဘုရင်ခံကိုပါ ပူးတွဲနာယက အဖြစ် ခန့်ထားရန် အကြံပြုခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အိုလံပစ် ကော်မတီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ ကျဆုံးခဲ့ရသည့် မန္တလေးအမျိုးသား ကျောင်းအုပ် ကြီးဟောင်း ဆရာကြီးဦးရာဇတ်က ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပြီး၊ ဥက္ကဋ္ဌမှာ ဆာအမ်အေမောင်ကြီး ဖြစ်သည်။

အတွင်းရေးမှူး အဖြစ် မစ္စတာဟက်စကင်းက တာဝန်ယူခဲ့ပြီး ဦးသော်ဇင် (သီဟဗလ) က တွဲဖက် အတွင်းရေးမှူး၊ အကျိုးဆောင် ငွေထိန်း အဖြစ် ဦးထင်ဘွား၊ အကျိုးဆောင် ဥပဒေအကြံပေး အရာရှိ အဖြစ် ဦးထွန်းတင်၊ အကျိုးဆောင် စာရင်းစစ် အဖြစ် ဦးဘသော် တို့က ဆောင်ရွက်ခဲ့ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အထက်ပါ ပုဂ္ဂိုလ်ကြီးများကို ကြည့်ခြင်းဖြင့်၊ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ အရေး ပါ၊ အရာရောက်ပုံကို သိမြင်နိုင်ကြသည်။

ကမ္ဘာနှင့်ဆက်သွယ်

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကို ၁၉၄၆ ခုနှစ်ထဲတွင် တရားဝင် ဖွဲ့စည်းပြီးနောက် ၁၉၄၇ ခုနှစ် ဇွန်လထဲတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီ(International Olympic Committee – IOC) နှင့် ဆက်သွယ်ခဲ့သလို၊ IOC ကလည်း မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကို အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြု လက်ခံခဲ့သည်။

မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ်နှင့် ပြေးခုန်ပစ် အဖွဲ့ချုပ်တို့ ကိုလည်း ၁၉၄၇ ခုနှစ်ထဲတွင် အသီးသီး ဖွဲ့စည်းခဲ့ကြပြီး၊ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့ချုပ်များနှင့်လည်း တရားဝင် ဆက်သွယ်ခဲ့သည်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံ အပျော်တမ်း အလေးမ အဖွဲ့ချုပ်နှင့် ပြေးခုန်ပစ် အဖွဲ့ချုပ်တို့ တရားဝင် ဖွဲ့စည်းပြီးနောက် အပြည်ပြည်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များက အတည်ပြုခြင်း ခံရသည့် အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့တော်ခန်းမတွင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ဂုဏ်ပြုလက်ဘက်ရည်ပွဲ ကျင်းပခဲ့သည်။

ထို ဂုဏ်ပြုလက်ဘက်ရည်ပွဲကို နာယက ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကိုလည်း ၁၉၄၇ ခုနှစ် မေလထဲတွင် တရားဝင်စတင်ဖွဲ့စည်းခဲ့ရာ၊ မကြာမီပင် အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့်ဆက်သွယ်ခဲ့သည်။

လက်ဝှေ့ အဖွဲ့ချုပ်ကို ကိုလိုနီခေတ်ဖြစ်သည့် ၁၉၂၇ ခုနှစ်ကပင် စတင် ဖွဲ့စည်းခဲ့သော်လည်း၊ အပြည်ပြည်ဆိုင်ရာ လက်ဝှေ့အဖွဲ့ချုပ်နှင့် သော်လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနှင့် သော်လည်းကောင်း ဆက်သွယ်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

မျက်နှာဖြူအများစု ကြီးစိုးထားသည့် မြန်မာအပျော်တမ်း လက်ဝှေ့အဖွဲ့ချုပ်မှာ အင်္ဂလန်အပျော်တမ်း လက်ဝှေ့အဖွဲ့ ချုပ်နှင့်သာ ဆက်သွယ်ခဲ့သည်။

စစ်ပြီးခေတ် ၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံ အပျော်တမ်း လက်ဝှေ့အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး၊ စစ်ပြီးခေတ်တွင် လက်ဝှေ့အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

စစ်ပြီးခေတ်တွင် လက်ဝှေ့အဖွဲ့ချုပ်မှာ မြန်မာနိုင်ငံတွင် ပထမဆုံး ဖွဲ့စည်းသည့် အားကစား အဖွဲ့ချုပ်ပင် ဖြစ်သည်။

စစ်ကြိုခေတ်တွင်လည်းကောင်း၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေး အကြိုခေတ်နှင့် လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ် နောက်ပိုင်း ဖွဲ့စည်းသည့် အားကစား အဖွဲ့ချုပ်မှာ ရွေးချယ်တင်မြှောက်ပွဲ စနစ်ဖြင့် ဖွဲ့စည်းထားကြခြင်း ဖြစ်သည်။

၁၉၆၄ ခုနှစ် နောက်ပိုင်းကျမှ ရွေးချယ်တင်မြှောက်သည့် စနစ်ကွယ်ပျောက်သွားကာ၊ အစိုးရက အားကစား အဖွဲ့ချုပ်များ အတွက် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ကို သတ်မှတ် တာဝန်ပေးသည့် စနစ် ကျင့်သုံး လာခဲ့သည်။

ယင်းသို့ ခန့်အပ် တာဝန်ပေးသည့် စနစ်ကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက လက်မခံပါ။ ထိုနည်းတူစွာ အပြည်ပြည်ဆိုင်ရာ ဘောလုံးအဖွဲ့ကလည်း လက်မခံပါ။

ပြိုင်ပွဲနှင့် အဖွဲ့ချုပ်များ

အပြည်ပြည်ဆိုင်ရာ အားကစားပွဲတော်များ ကျင်းပရာတွင် အားကစားနည်းအလိုက် သက်ဆိုင်ရာ အားကစား အဖွဲ့ချုပ်များ ရှိကြရပါသည်။

၁၉၆၁ ခုနှစ် ဒုတိယ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပါသည်။ (၁) ပြေးခုန်ပစ်၊ (၂) ကြက်တောင်ရိုက်၊ (၃) လက်ဝှေ့၊ (၄) ဘက်စကက်ဘော၊ (၅) စက်ဘီး၊ (၆) ဘောလုံး၊ (၇) သေနတ်ပစ်၊ (၈) ရေကူး၊ (၉) စားပွဲတင် တင်းနစ်၊ (၁၀) တင်းနစ်၊ (၁၁) ဘောလီဘော၊ (၁၂) အလေးမ၊ (၁၃) ရွက်လှေတို့ ဖြစ်ကြသည်။ အထက်ပါ အားကစားနည်းအလိုက် အားကစား အဖွဲ့ချုပ်များ မြန်မာနိုင်ငံတွင် ဖွဲ့စည်းထားရှိပြီး ဖြစ်ပါသည်။

၁၉၆၉ ခုနှစ်တွင် မြန်မာနိုင်ငံတွင် ၅ ကြိမ်မြောက် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံ တွင် ကျင်းပပါသည်။ အားကစားနည်း အသစ်နှစ်မျိုး ဖြစ်သည့် ဂျူဒိုနှင့် ကျွမ်းဘားတို့ကို ထပ်တိုးကာ ယှဉ်ပြိုင် ကြရသည်။

၂၀၁၃

၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့ပြီး၊ အားကစားနည်း ၃၅ မျိုး ထည့်သွင်း ကျင်းပခဲ့သည်။

ယင်း အားကစားနည်း ၃၅ မျိုးထဲမှ (၁) လက်ဝှေ့၊ (၂) နပန်း၊ (၃) မြင်းစီး၊ (၄) ပန်ကျတ်ဆီလပ်၊ (၅) ဝီတန်း၊ (၆) ဗိုဗီနမ်၊ (၇) ကင်ဗို စသည့် အားကစားနည်းမှာ မြင်းစီးမှာလွှဲ၍ ကျန်အားကစားနည်းများမှာ ဆီးဂိမ်းပြိုင်ပွဲနီးမှ အရေး ပေါ် အဖွဲ့ချုပ်များဖွဲ့စည်းပြီး ကျင်းပခြင်း ဖြစ်ပါသည်။

မြင်းစီးအဖွဲ့ချုပ် သည်ပင်လျှင် ရန်ကုန်မြို့ တခုတည်းတွင် သာ ရှိသည့် အဖွဲ့ချုပ်များသာ ဖြစ်သည်။ အမှန်ကတော့ ရန်ကုန်မြင်းစီး ကလပ်အသင်းသာ ဖြစ်သည်။

ဤသည်တို့မှာ ယခင်က မြန်မာ့ အားကစား အကြောင်း ဖော်ပြခြင်း ဖြစ်၏။ လက်ရှိ ဖြစ်ပျက်နေသည့် အနေအထားနှင့် နှိုင်းချင့်နိုင်ရန် ရည်ရွယ်ပါသည်။

အားကစား အဖွဲ့ချုပ်များ တိုးချဲ့ဖွဲ့စည်းရေး

အားကစား အဖွဲ့ချုပ်များ၏ အားကစားဆိုင်ရာ ဆောင်ရွက်ချက်များ၏ အဓိက ဦးတည်ချက်သည် မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးက အားကစား လိုက်စားကြခြင်းဖြင့် ကိုယ်လက်ကြံ့ခိုင် သန်စွမ်းပြီး စိတ်လက်ပျော်ရွှင် နိုင်ကြဖို့ ဖြစ်သည်။

သို့ဖြစ်ရာ အားကစား အားလုံးသည် ပြည်သူများနှင့် ထိတွေ့နီးစပ်နေရမည် ဖြစ်ပြီး၊ နိုင်ငံတကာ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရေးမှာ ဒုတိယ ရည်မှန်းချက် ဖြစ်သင့်သည်။

မြင်းတကောင်လျှင် အမေရိကန်ဒေါ်လာ နှစ်သောင်းတန်သည့် မြင်းများကို ပြည်သူများက မည်သို့မျှ ဝယ်စီးနိုင်ကြမည် မဟုတ်သည်မှာ အများ အသိပင် ဖြစ်သည်။

ထိုနည်းတူစွာ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် ရှိပါလျက်၊ ပန်ကျတ်ဆီလတ်၊ ဗိုဗီနမ်၊ ကင်ပိုစသည့် တိုင်းတပါး၏ ကိုယ်ခံ ပညာ ရပ်များ ဆိုင်ရာ အားကစား အဖွဲ့ချုပ်များ ထပ်မံ ဖွဲ့စည်းရန်သင့် မသင့် စဉ်းစားသင့်သည်။

တလောက ရုပ်သံတွင် အနောက်တိုင်း ဓားသိုင်းကို တရုတ်နည်းပြဆရာနှင့် လေ့ကျင့် နေသည်ဟု ပါရှိရာ၊ နိုင်ငံတကာအဆင့်တွင် မြန်မာ အနောက်တိုင်း ဓားသမားများ ဝင်ဆန့်နိုင်ခြင်း ရှိမရှိကို စဉ်းစားသင့်ကြသည်။

မြန်မာ့ အားကစား တိုးတက်ရေး ဆိုသည်မှာ ဆီးဂိမ်းတွင် ဝင်ပြိုင်နိုင်ရုံသာ အာရုံစူးစိုက်နေမည် ဆိုပါက မြန်မာ့ အားကစား တိုးတက်မှုသည် အရှေ့တောင်အာရှအဆင့်မှာသာ ရှိနေပေလိမ့်မည်။

အရှေ့တောင်အာရှ အားကစား ပွဲများတွင် ဆုတံဆိပ်များ ရရှိရေး အတွက် အိမ်ရှင်နိုင်ငံများက ထည့်သွင်းကျင်းပသည့် အားကစားနည်းတိုင်းတွင် ပါဝင် ယှဉ်ပြိုင်ရန် ကြိုးစားနေကြလျှင်တော့ ငါးပွက်ရာ ငါးစာချသလိုသာ ဖြစ်နေပေလိမ့် မည်။

မြန်မာနိုင်ငံတွင် အားကစား အဖွဲ့ချုပ်များ ဖောင်းပွနေသည်ဟု အားကစားဆိုင်ရာ တာဝန်ရှိသူတဦးက မှတ်ချက်ချ ဖူးသည်။

အားကစား အဖွဲ့ချုပ် အများအပြား ထပ်မံဖွဲ့စည်းခြင်းဖြင့် မြန်မာ့အားကစား တိုးတက်လာမည်ဟု သေအချာ မပြော နိုင်ပါ။

မိမိတို့ အနေဖြင့် အာရှအဆင့်၊ ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးများတွင် ဝင်ဆန့်နိုင်သည့် အားကစားနည်းများကို ရွေးချယ် သတ်မှတ်ပြီး အားကစား အဖွဲ့ချုပ်များ ဖွဲ့စည်း၍ ပြုစု ပျိုးထောင်သင့်သည်။

ပြည်သူ၏အား မပါလျှင် မည်သည့် အားကစားမျှ အောင်မြင်နိုင်မည် မဟုတ်ပါ။

ထို့ကြောင့် မြန်မာနိုင်ငံသူ နိုင်ငံသား ပြည်သူများ အားလုံး လေ့လာလိုက်စားနိုင်သည့် အားကစားနည်းများကိုသာ ရွေးချယ်ပြီး လူတစု အားကစားမှ ပြည်သူလူထု အားကစား အဖြစ်သို့ ရောက်ရှိစေရေး ကြိုးပမ်းသင့်ကြပါသည်။

မည်သည့် အားကစားနည်းသည် ပြည်သူနှင့် နီးစပ်သည်၊ မည်သည့် အားကစားနည်းကတော့ ပြည်သူနှင့် မနီးစပ် ဆိုခြင်းကို လေ့လာသုံးသပ်ပြီး အများ ပြည်သူပါဝင်သည့် အားကစားဖြစ်ရေး အားကစားအဖွဲ့ချုပ်များက ဦးစီး ဆောင်ရွက်ပေးရန် အချိန်တန်ပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading