အားကစား

PR စနစ်ဖြင့် ကျောင်းတွင်း အားကစား လူရွေးခြင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.


ကျောင်းတွင်း အားကစားပြိုင်ပွဲ မြင်ကွင်း တခု (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


စာရေးသူကို အင်္ဂလိပ် ကိုလိုနီခေတ်တွင် မွေးဖွားခဲ့သည်။ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်မှ မလွတ်မြောက်သေး ချိန် ဖြစ်သည်။ ကိုလိုနီခေတ် ရွေးကောက်ပွဲများတွင် မဲပေးခွင့် မရှိသေးသော်လည်း ရွေးကောက်ပွဲအကြောင်း၊ ရွေးကောက်ပွဲဝင်သည့် ပါတီများ အကြောင်း၊ အင်္ဂလိပ်အစိုးရ လက်အောက်ခံ ပါလီမန် အကြောင်းများကို ရေးတေးတေး မှတ်မိနေသေးသည်။

စာရေးသူကို မွေးဖွားရာ ပျဉ်းမနားမြို့ တွင် နိုင်ငံရေးပါတီကြီး ၃ ပါတီသာရှိသည်။ တို့ဗမာ အစည်းအရုံး အရပ်အခေါ် သခင်ပါတီ၊ နောက်ပါတီမှာ ဒေါက်တာ ဘမော်၏ ဆင်းရဲသား ပါတီဖြစ်သည်။ အရပ်အခေါ် ဓါးမ ပါတီဖြစ်၏။ တတိယ ပါတီမှာ ဂဠုန်ဦးစော၏ မျိုးချစ်ပါတီ ဖြစ်သည်။

ပါလီမန် ရွေးကောက်ပွဲတွင် ဒေါက်တာ ဘမော် ပါတီကိုယ်စားလှယ် အဖြစ် အရွေးခံရသည်။ ထိုခေတ်မှ ပါလီမန် ဖွဲ့စည်းပုံ အကြောင်း ယခုခေတ် လူငယ်များ ကြားဖူးကြမည် မထင်ပါ။ ယခုခေတ် ဝန်ကြီးချုပ်ဟူ သော အခေါ်အဝေါ် ကို နန်းရင်းဝန်ဟု သုံးစွဲသည်။ ယခုခေတ် ဝန်ကြီးဟူသည့် အခေါ်အဝေါ်ကို ဝန်ကြီးချုပ်ဟု သုံးနှုန်းသည်။ ဥပမာ သစ်တောရေးရာ ဝန်ကြီးချုပ်၊ ပညာရေး ဝန်ကြီးချုပ် ဟူ၍ဖြစ်သည်။

မြန်မာနိုင်ငံသည် အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည်၊ ထို့နောက် ဂျပန်လက်အောက် ကျရောက်ပြန်သည်။ စစ်အတွင်းမို့ မည်သည့် ရွေးကောက်ပွဲမှ မရှိပါ။ ဒေါက်တာ ဘမော်က အဓိပတိ အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်သည်။

အင်္ဂလိပ်တို့က မြန်မာနိုင်ငံကို ပြန်သိမ်းသည်။ သုံး လေးနှစ် အင်္ဂလိပ်လက်အောက် ကျရောက်ပြန်သည်။ မှတ်မှတ်ရရ ပြောရလျင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီနှင့် ၁၉ မိနစ်အထိ ဖြစ်၏။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကို ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နံနက် မိနစ် ၂၀ ကျမှ လွတ်လပ်ရေး ကြေငြာနိုင်ခဲ့သည်။

လွတ်လပ်ရေး အကြို တိုင်းပြု ပြည်ပြု လွွှတ်တော်ရွေးကောက်ပွဲကို ၁၉၄၇ ခုနှစ်ထဲတွင် ကျင်းပသည်။ အသက် ၁၈ နှစ် မပြည့်သေး၍ မဲမပေးလိုက်ရ သော်လည်း လွတ်လပ်ရေး ရပြီးနောက် ရွေးကောက်ပွဲ များစွာကို ကျော်ဖြတ်ခဲ့ရသည်။ ပထမဆုံး ကျင်းပသည့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင်မူ မဲပေးနိုင်ခဲ့ပြီ ဖြစ်သည်။ ရွေးကောက်ပွဲ ပုံပြင်များစွာ ကိုလည်း ကြားခဲ့ရသည်။ ဆွေငြိမ်းနှင့် ကွဲပြီးနောက် ဗိုလ်ချုပ်ကြီး နေဝင်း၏ အိမ်စောင့်အစိုးရ လက်ထက်တွင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ကျင်းပသည်။

ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့ ဘက်မှ ခေါင်းဆောင်တဦးကို နယ်ခံများက ရွေးကောက်ပွဲ မဲဆွယ်ရေး စေလွှတ်ခြင်း မပြုရန် ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့ထံ တိုင်ကြားကြသည်။ ယင်း ခေါင်းဆောင် မဲဆွယ်တရား ဟောပြီးတိုင်း ဟောပြီး တိုင်း အင်အား လျှော့လျှော့သွား သောကြောင့် ဖြစ်သည်ဟု အကြောင်းပြကြသည်ဟု ဆိုပါသည်။ ဦးဗဆွေနှင့် ဦးကျော်ငြိမ်း တို့က ပါတီစည်းရုံးရေး အဖြစ် အမျိုးသမီးပါတီ ကေဒါများကို ထဘီအနီရောင်များ ဝတ်ဆင်ရန် ဝေငှပေးခဲ့ ကြသည်။

ရွေးကောက်ပွဲ မဲရေသောအခါ ထုတ်ပေးထား ထဘီ အရေအတွက်လောက် မဲမရကြရဟုလည်း ကြားသိရသည်။ လူတည်မြဲ၊ မဲသန့်ရှင်း ဟူသောစကား တွင်ခဲ့ဖူးသည်။

၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် ၁၉၇၄ ခုနှစ်တွင် တပါတီ ရွေးကောက်ပွဲများ ကျင်းပသည်။ မဆလ ပါတီ၏ တဦးတည်း ကိုယ်စားလှယ်က ယှဉ်ပြိုင်ဘက်မရှိ ရွေးကောက်ပွဲဝင်သည်။ ကြိုက်လျင် အဖြူ၊ မကြိုက်လျင် အမည်းပုံး များထဲ တွင် ဆန္ဒမဲပြား ထည့်ရသည်။ တယောက်တည်း ပြိုင်ရာမှာပင် အမည်းက အနိုင်ရသွားသည့် မဆလ ကိုယ်စားလှယ်လောင်းများလည်း ရှိခဲ့ဖူးသည်။

၁၉၈၈ ခုနှစ်ပြီးတော့ ၁၉၉၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသည်။ “ကျနော် ကတိတည်ပါတယ်။ ရွေးကောက်ပွဲပြီးရင် ကျနော်တို့ စစ်တန်းလျားကို ပြန်ကြမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ရွေးကောက်ပွဲမှာ နိုင်တဲ့ ပါတီက ဦးဆောင်ပြီး ဆွဲကြပေါ့။ ကျနော်တို့ တရားခံ အဖြစ်မခံနိုင်ပါဘူး” ဟူသော စကားများ လူကြိုက်များခဲ့သည်။ သို့သော် လေထဲ အရုပ်ရေးပြ သွားခြင်းသာ ဖြစ်သည်။

အတိုချုံးရလျင် ရွေးကောက်ပွဲများစွာကို ဖြတ်ကျော်ခဲ့ရသော်လည်း အချိုးကျ ကိုယ်စားပြု စနစ်ခေါ် (Proportional Representative – PR) ဆိုသည့် စနစ်ကို သုံးစွဲခဲ့ခြင်း မရှိသည်ကို သတိပြုမိစေရန် တင်ပြခြင်း ဖြစ်သည်။ ယခုအချိန် တွင် PR စနစ်ကို ကြိုက်သူက ကြိုက်၊ မလိုလားသူက မလိုလားနှင့် ငြင်းကြ၊ ခုန်ကြ၊ ပြောကြ ဆိုကြ ရှိနေဆဲဖြစ်သည်။

ပီအာစနစ်ဖြင့် ကျောင်းတွင်း အားကစား လူရွေးချယ်ခြင်း

မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများနှင့် အတူ အားကစား လှုပ်ရှားမှုများ ကျယ်ပြန့်လာသည်။ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် အားကစား ပြိုင်ပွဲများ ကျင်းပလာကြသည်။ စာသင်ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များတွင် အားကစား ပြိုင်ပွဲများ ပြန်လည် အသက်ဝင်လာသည်။ ကောင်းသော လှုပ်ရှားမှုများပင် ဖြစ်သည်။ ယင်းသို့ လှုပ်ရှားရာတွင် ရန်ကုန်မြို့မှ ကျောင်းကြီး တကျောင်းတွင် အတန်းလိုက် ဘောလုံးပွဲများ ကျင်းပရန် ပြင်ဆင်ရာတွင် PR ဆန်ဆန် ခွဲတမ်း စံနစ်ဖြင့် ဘောလုံးအသင်းများ ဖွဲ့စည်းလာသည်ဟု ကြားသိရသည်။

ယင်းကျောင်းကြီးတွင် အတန်းခွဲတန်းများ ကလည်း များသည်။ တန်းခွဲ ၁၀ ခွဲ အထိပင် ရှိသည်။ ယခင်နှစ်များက ကျောင်းတွင် အတန်းပေါင်းစုံ ဘောလုံးပွဲများ ကျင်းပခဲ့သည်။ တန်းခွဲ တတန်းလျှင် တသင်းစီ ဖွဲ့စည်းစေကာ
ယှဉ်ပြိုင်ခဲ့သည်။ ကျောင်းသားများက စိတ်ရောကိုယ်ပါ ကစားခဲ့ကြသည်။

အတန်းဖော် ကျောင်းသူလေးများ ကပင် သူတို့အတန်း ဘောလုံးအသင်း ကစားသည့် နေ့တွင် အင်တိုက်အားတိုက် လိုက်ပါ အားပေးကြသည်။  ကျောင်းက ဆင်းလျှင် ကျူရှင် သို့မဟုတ် ဝိုင်းသီးသန့်၊ သို့မဟုတ် အနီးကပ် ကြီးကြပ်ပေး သည့် ဆရာများဖြင့် စာကျွန် ဖြစ်ခဲ့ကြရသည့် ကျောင်းသူ၊ ကျောင်းသားများ အတွက် တဒင်္ဂထွက်ပေါက် ဖြစ်ခဲ့ကြရ သည်။
မိမိတို့ သားသမီးများ 6D ၊ 5D ထက် မလျှော့အောင် စာကျက်စေချင် ကြသော မိဖများကပင်လျှင် ကားကြီး ကားငယ် အသွယ်သွယ်ဖြင့် သူ့သားများ ကစားသည့် ပွဲတိုင်းကို လာရောက်အားပေးကြသည်။

ယင်း အစဉ်အလာကောင်းကို ယခုနှစ်တွင် ကျောင်းအုပ် ဆရာမကြီးက ဖျက်ဆီးပစ်လိုက်သည်။  ဆရာမကြီးက အတန်းလိုက် ဘောလုံးအသင်း ဖွဲ့စည်းရာတွင် အကောင်းဆုံး ဘောလုံးသမားများ ရွေးပြီး မဖွဲ့စည်းရ၊ ကျောင်းသူ၊ ကျောင်းသားများ အတွက် အရောင်အလိုက် ဖွဲ့စည်းပေးထားသည့် အသင်းများမှ တသင်းလျှင် အချိုးကျခွဲတမ်း စံနစ် ဖြင့် ရွေးချယ် ဖွဲ့စည်းရမည်ဟု အမိန့်ထုတ်ထားသည်ဟု ဆိုသည်။

အသင်းလိုက် ခွဲတမ်းစနစ်ဖြင့် တသင်းလျှင် နှစ်ယောက်သာ ရွေးချယ်ရမည် ဆိုလျှင် အတန်းတတန်း၏ အသင်းတွင် ဘောလုံး ကစားတတ်သူ လေးဦး ရှိနေခဲ့လျှင် ကျန်နှစ်ဦးက မကစားရတော့မည့် အခြေအနေ ဖြစ်နေသည်။ ထိုနည်း တူစွာ အရောင်အသင်း တသင်းသင်းထဲတွင် ဘောလုံး မကစားတတ် သူများချည်း ရှိနေပါက ဘောလုံး မကစားတတ် သူ ကလေးနှစ်ဦးက ဘောလုံး မကစားတတ်ဘဲ အချိုးကျ ခွဲတမ်း စံနစ်အရ ဘောလုံး အသင်းထဲတွင် ပါဝင်ရတော့မည့် အနေအထား ရောက်နေသည်။ အတန်း တတန်းလျှင် ယင်းသို့ စိတ်ကြိုက်အသင်း ဖွဲ့စည်းထားကြရာ ဝတ်စုံဖိုး ပင်လျှင် ၂ သိန်း ကျော် ၃ သိန်းဖိုး သုံးစွဲနေပြီဟု ဆို၏။

စာရေးသူသည် အထက်တန်းကျောင်း တကျောင်း၌ PR ခွဲတမ်းစနစ်ဖြင့် ဘောလုံးအသင်းများ ဖွဲ့စည်းရန် ပြင်ဆင်နေခြင်း အပေါ် ရေးကြီးခွင်ကျယ် လုပ်နေရန်ကော ဟု ပြောချင်သူများ ရှိနိုင်သည်။ စာရေးသူ အနေဖြင့် ရန်ကုန်မြို့ ပေါ်မှ ထင်ရှားသည့် အထက်တန်းကျောင်းကြီး တကျောင်းတွင် အားကစား လှုပ်ရှားမှုများ ရှိပင် ရှိငြားသော်လည်း မှန်ကန်သော လှုပ်ရှားမှု မဟုတ်သည့် အကြောင်းကို သာဓက အဖြစ် တင်ပြခြင်း ဖြစ်၏။

မိမိတို့ နိုင်ငံတွင် အားကစား လှုပ်ရှားမှုများ ပြန်လည် ရှင်သန်လာသည်ကို ကြိုဆိုကြရမည် ဖြစ်ပါသည်။ သို့သော် ယင်း အားကစား လှုပ်ရှားမှုများမှာ ကောက်ရိုးမီးလို ဟုန်းကခနဲလောင်၊ ချက်ခြင်း ပြာကျသွားခြင်းမျိုး မဖြစ်သင့်ပါ။ အားကစား ပြိုင်ပွဲများသည်လည်း အားကစား စည်းမျဉ်း စည်းကမ်း၊ ဥပဒေ ပြဋ္ဌာန်းချက်များနှင့် အညီရှိဖို့ လိုသည်။ အားကစား လှုပ်ရှားမှု အားလုံးသည် အပြသဘောသက်သက် မဆောင်စေချင်ပါ။ အပြုသဘော စစ်စစ်မျိုး ဖြစ်စေချင် ပါသည်။

အားကစားနည်း အားလုံး အတွက် မျိုးဆက်သစ် အားကစား လူငယ်မောင်မယ်များကို ရှာဖွေ ပြုစုပျိုးထောင်ရာတွင် လူငယ်အများစု ရှိရာ ကျောင်းများကိုသာ အခြေခံကြရမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျောင်းများ၊ ကောလိပ်၊ တက္ကသိုလ်များ၏ အားကစား လှုပ်ရှားမှုများသည် စနစ်တကျ၊ နည်းလမ်းတကျ အားကစားပွဲများ ပီသစွာ ကျင်းပပေးဖို့ လိုနေသေးကြောင်း တင်ပြလိုက်ပါသည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading