အားကစား

ယူ-၁၉ စိတ်ဓာတ်ဖြင့် ဘောလုံးလောကသစ် ထူထောင်ကြစို့

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဘရူနိုင်း ဘုရင်ဖလား ဘောလုံးပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးခဲ့သည့် မြန်မာ ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းသည် ဩဂုတ်လ ၂၄ ရက်နေ့က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်း နိုင်ငံတကာ ပြိုင်ပွဲကြီးတပွဲမှ ရွှေတံဆိပ် ဆွတ်ခူးခြင်းသည် ၁၉၇၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တတိယအကြိမ်မြောက် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဘောလုံး ရွှေခေတ်

မြန်မာ့ဘောလုံး သမိုင်းတွင် ပထမဆုံး ရွှေတံဆိပ်ကို  ၁၉၆၁  ခုနှစ်တွင်  ကျင်းပသည့်  အာရှလူငယ် ယူ-၂၁ ဘောလုံးပြိုင်ပွဲတွင် စတင်ရရှိခဲ့သည်။ အာရှလူငယ် ဘောလုံးပြိုင်ပွဲကို ၁၉၆၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။ မြန်မာလူငယ် လက်ရွေးစင် ဘောလုံးအသင်းသည် ဖော်မိုဆာ (ယခု ထိုင်ဝမ်) အသင်းကို ၃ း၂၊ ထိုင်းအသင်းကို ၂ း၁၊ သီရိလင်္ကာအသင်းကို ၅ း၂ ဂိုးဖြင့် နိုင်သည်။ မလေးရှားအသင်းနှင့် သုံးဂိုးစီ သရေကျသည်။ တဖက်အုပ်စုမှ ပထမရသည့် အင်ဒိုနီးရှားနှင့် ဗိုလ်လုပွဲ ကစားရသည်။ ၁ ဂိုးစီဖြင့် သရေကျသဖြင့် ၁၉၆၁ ခုနှစ် အာရှလူငယ် ဘောလုံးပြိုင်ပွဲတွင် မြန်မာ လူငယ်အသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ပူးတွဲချန်ပီယံ ဖြစ်ခဲ့ကြသည်။ ယင်းရွှေတံဆိပ်မှာ မြန်မာ ဘောလုံးသမိုင်းတွင် ပထမဆုံးရရှိသည့် ရွှေတံဆိပ်ပင်ဖြစ်သည်။

မြန်မာလက်ရွေးစင် အသင်းကြီးအနေဖြင့် ပထမဆုံး အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစား ပြိုင်ပွဲ ရွှေတံဆိပ်ဆုကို ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ဘောလုံး ပြိုင်ပွဲကျမှ ဗွေဆော်ဦး ဆွတ်ခူးနိုင်ခဲ့သည်။ ကျွန်းဆွယ်ပြိုင်ပွဲ အုပ်စုပွဲတွင် စင်ကာပူအသင်းကို ၃ း ဝ၊ မလေးရှားအသင်းကို ၂ း ဝ ဖြင့်နိုင်သည်။ ဗိုလ်လုပွဲတွင် ထိုင်းနှင့် ၂ ဂိုးစီကျပြီး ပူးတွဲရွှေတံဆိပ် ဆွတ်ခူးခဲ့သည်။ ယင်းနောက် ကျွန်းဆွယ် ဘောလုံးပြိုင်ပွဲတွင် ၁၉၆၇၊ ၁၉၆၉၊ ၁၉၇၁၊ ၁၉၇၃ ဆက်တိုက် လွတ်လွတ်ကျွတ်ကျွတ် ပထမရခဲ့သည်။

မြန်မာလက်ရွေးစင်  ဘောလုံးအသင်းသည် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲ ကျင်းပသည့် ၈ ကြိမ်တွင် ပထမဆု ၅ ကြိမ်၊ ဒုတိယ ဆု ၁ ကြိမ်၊ တတိယဆု ၁ ကြိမ် (၁၉၇၅) ဆု ရရှိခဲ့သည်။ ယင်းခေတ်တွင် မြန်မာအသင်း၏ အောင်မြင်မှုမျိုးကို ထိုစဉ်က မည်သည့် အရှေ့တောင်အာရှ နိုင်ငံများက ရရှိနိုင်ခဲ့ခြင်း မရှိပါ။

အာရှဘောလုံး ပြိုင်ပွဲကို ၁၉၅၆ ခုနှစ်မှာ စတင်ကျင်းပသည်။ မြန်မာလက်ရွေးစင် ဘောလုံးအသင်းက ၁၉၆၈ ခုနှစ် အီရန်တွင် နောက်ဆုံးအဆင့် ကျင်းပသည့် ၄ ကြိမ်မြောက်ကျမှ ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

အာရှဖလား  ဘောလုံးပြိုင်ပွဲဝင်ရန်  မြန်မာ့လက်ရွေးစင် အသင်းသည် ခြေစစ်ပွဲမှ စတင်ယှဉ်ပြိုင်ခဲ့ရသည်။ အာရှဖလား ဘောလုံးခြေစစ်ပွဲကို မြန်မာနိုင်ငံတွင် ၁၉၆၇ ခုနှစ် နိုဝင်ဘာ ၁၂ မှ ၁၉ ရက်အထိ အောင်ဆန်း ကစားပြိုင်ဝင်းတွင် ကျင်းပခဲ့သည်။ ခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင် အသင်းနှင့်အတူ အိန္ဒိယ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့ ပါဝင်ကစားကြသည်။ မြန်မာအသင်းက ပါကစ္စတန်အသင်းကို ၂ း ဝ၊ အိန္ဒိယကို ၂ း ဝ၊ ကမ္ဘောဒီးယားကို ၁ း ဝ ဖြင့်နိုင်ပြီး ခြေစစ်ပွဲအောင်သည်။

မြန်မာလက်ရွေးစင် ဘောလုံးအသင်းသည် အီရန်နိုင်ငံ တီဟီရန်မြို့တွင် ၁၉၆၈ ခုနှစ် မေ ၁၁ မှ ၁၉ ရက်အထိ ကျင်းပသည့် အာရှဖလား ဘောလုံးပွဲတွင် အခြားအုပ်စုများမှ ခြေစစ်ပွဲအောင်ခဲ့ကြသည့် ဟောင်ကောင်၊ ဖော်မိုဆာ (ယခု ထိုင်ဝမ်)၊ အစ္စရေး၊ အိမ်ရှင် အီရန်အသင်းနှင့် အတူ ၅ သင်း အုပ်စုပတ်လည်စနစ်ဖြင့် ကစားခဲ့ရသည်။ ဖော်မိုဆာ အသင်းကို ၁ း ၁၊ အစ္စရေး အသင်းကို ၁ း ဝ၊ ဟောင်ကောင် အသင်းကို ၂ း ၁ ဖြင့် နိုင်သည်။ အိမ်ရှင်အီရန် အသင်းကို ၁ း ၃ ဖြင့်ရှုံးပြီး ဒုတိယဆုသာ ရသည်။ အီရန်အသင်း ပထမရသည်။

၁၉၅၁ ခုနှစ်၊ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပသည့် ပထမအကြိမ်မြောက် အာရှအားကစားပွဲဝင် မြန်မာဘောလုံးအသင်းမှာ အီရန်ကို ၂ း ဝ ဖြင့်ရှုံးသည်။ ၁၉၅၄ မနီလာ အာရှအားကစားပွဲ ဘောလုံးပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ၁၉၆၂ ဂျကာတာ အာရှအားကစားပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပါ။ ဘန်ကောက် အာရှအားကစားပွဲ (၁၉၆၆) ဘောလုံးပွဲတွင် နောက်ဆုံးဗိုလ်လုပွဲ၌ အီရန်အသင်းကို ၁ း ဝ ဖြင့်နိုင်သည်။ အာရှအဆင့်တွင် ပထမဆုံး ရွှေတံဆိပ် ရရှိခြင်းပင်ဖြစ်သည်။

၁၉၇၀ ပြည့်နှစ်တွင် ဘန်ကောက်မှာပင် ကျင်းပသည့် အာရှအားကစားပွဲတွင် ဗိုလ်လုပွဲ၌ တောင်ကိုရီးယား အသင်းနှင့် ဂိုးမရှိ သရေကျပြီး ထပ်ဆင့်ရွှေတံဆိပ်ဆု ဆွတ်ခူးသည်။ ယင်းမှာ မြန်မာလက်ရွေးစင် အသင်း၏ အောင်မြင်မှု မှတ်တိုင်များပင် ဖြစ်သည်။

အရှုံးနှင့် ရုန်းကန်ရင်း

၁၉၇၇ ခုနှစ် ဆီးဂိမ်းစတင် ကျင်းပခဲ့ကတည်းက မြန်မာလက်ရွေးစင် အသင်း၏ အောင်မြင်မှုများမှာ အံ့ဩဖွယ် ကောင်းလောက်အောင်ပင် ပျောက်ကွယ်သွားခဲ့သော်လည်း ဆီးဂိမ်းတွင် ၁၉၉၃ ခုနှစ်က ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ပြီး ဒုတိယ ငွေတံဆိပ် ရရှိခြင်းမှာ အအောင်မြင်ဆုံးဖြစ်တော့သည်။ ယင်းနောက်ပိုင်းတွင် လက်ရွေးစင် ဘောလုံးအသင်းကြီးမှာ ပြိုင်ပွဲတိုင်းတွင် ရှုံးနိမ့်ခဲ့ရသည်။

၁၉၇၇ ခုနှစ် သို့မဟုတ် ၁၉၇၅ ခုနှစ်မှစကာ ၂၀၁၄ ခုနှစ်အထိ နှစ်ကာလများ အတောအတွင်း မြန်မာလက်ရွေးစင် အသင်းတို့ ယခု ဘရူနိုင်းပွဲ အပါအဝင် ရွှေတံဆိပ် ၃ ဆုသာ ဆွတ်ခူးနိုင်ခဲ့သည်။သို့သော် သက်တမ်းအလိုက် ပြိုင်ပွဲများမှသာ ဖြစ်သည်။

ပထမအကြိမ်မြောက် အာဆီယံ ယူ-၁၇ တံခွန် စိုက်ဘောလုံးပြိုင်ပွဲကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလထဲတွင် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့ ပူးတွဲကျင်းပသည်။ မြန်မာ ယူ-၁၇ အသင်းသည် မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ အသင်းတို့နှင့်အတူ ကွာလာလမ်ပူတွင် ယှဉ်ပြိုင်ကစားရသည်။ ၂၀ဝ၂ ခုနှစ် ဖေဖော်ဝါရီ ၁၉ တွင် ဗီယက်နမ်နှင့် ပွဲဦးထွက် ကစားရသည်။ ၆ း၂ ဂိုး။ ၂၁ ရက်နေ့တွင် ဘရူနိုင်းနှင့်ကစားရသည်။ ၁ း ဝ ဂိုး။ တတိယပွဲတွင် စင်ကာပူကို ၄ း ဝ။ စတုတ္ထပွဲတွင် မလေးရှားကို ၇ း ဝ ဖြင့် နိုင်သည်။ အကြိုဗိုလ်လုပွဲတွင် အင်ဒိုနီးရှား ယူ-၁၇ အသင်းကို ၆ း ဝ ဖြင့် နိုင်သည်။ ဗိုလ်လုပွဲတွင် လာအိုအသင်းကို ၄ း ၂ ဖြင့်နိုင်သည်။ ဂိုးကွာသလောက် အသက်လည်း ကွာဟန်တူသည်။

မည်သို့ပင်ရှိစေ မြန်မာလက်ရွေးစင်အသင်း ၁၉၇၃ နှစ် နောက်နှစ်ပေါင်း ၂၉ နှစ်ရှိမှ နိုင်ငံတကာ ပြိုင်ပွဲတွင် ပထမဆုံး ရွှေတံဆိပ်ဆု ရရှိခြင်းပင်ဖြစ်သည်။ ယင်းနောက် ယူ-၁၇ အသင်း သတင်းပျောက်သွားသည်။ သို့သော် ယူ-၁၇ နေရာတွင် ယူ-၁၈ အသင်း ဝင်လာသည်။

ပထမအကြိမ်မြောက် ယူ-၁၈ အာဆီယံ ဘောလုံးပြိုင်ပွဲကို ၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နေ့မှ ၁၈ ရက်အထိ မြန်မာနိုင်ငံ ရန်ကုန်မြို့ သုဝဏ္ဏ အားကစားပြိုင်ဝင်းတွင်  ကျင်းပခဲ့သည်။ မြန်မာ ယူ- ၁၈ အသင်း နောက်ဆုံးဗိုလ်လုပွဲတွင် မလေးရှား ယူ-၁၈ အသင်းကို ၄ း ဝ ဖြင့်နိုင်ပြီး အာဆီယံ ယူ- ၁၈ ဘောလုံးချန်ပီယံ ဖြစ်ခဲ့သည်။

တတိယ အကြိမ်မြောက် အာရှ ယူ-၂၀ ဘောလုံး ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ၂၀ဝ၅ ခုနှစ် ဩဂုတ်လ ၅ ရက်မှ ၁၉ ရက်အထိ ပြုလုပ်ခဲ့သည်။ မြန်မာ ယူ-၂၀ ဘောလုံးအသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အုပ်စုပွဲများတွင် ဘရူနိုင်းကို ၃း၂၊ ထိုင်းကို ၂ း ၁၊ မလေးရှားကို ၂ း ဝ ဖြင့်နိုင်သည်။ အင်ဒိုနီးရှားကို ၄ း ၃ ဖြင့်ရှုံးသည်။ အုပ်စုပထမဖြင့် အကြိုဗိုလ်လုပွဲတက်သည်။ အကြိုဗိုလ်လုပွဲတွင် ဗီယက်နမ်ကို ၅ း ၂ ဖြင့်နိုင်သည်။ ဗိုလ်လုပွဲတွင် မလေးရှားနှင့် ပြန်တွေ့သည်။ ၃ း ၁ ဖြင့်နိုင်သည်။

အာဆီယံ ယူ-၁၇ ဘောလုံးပြိုင်ပွဲကို ၂၀ဝ၅ ခုနှစ် ဩဂုတ်လ ၂၆ ရက် စက်တင်ဘာလ ၄ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသည်။ မြန်မာ ယူ-၁၇ အသင်းက အင်ဒိုနီးရှားအသင်းကို ၆ း ၁၊ ထိုင်းအသင်းကို ၁ း ၂ ဖြင့် ရှုံးသည်။ ဘရူနိုင်း နုတ်ထွက်သွားသည်။ အုပ်စုဒုတိယဖြင့် အကြိုဗိုလ်လုပွဲ ကစားရသည်။ လာအိုအသင်းကို ၂ း ၁ ဖြင့်နိုင် သည်။ ဗိုလ်လုပွဲတွင် ထိုင်းအသင်းနှင့် ပြန်တွေ့သည်။ ပင်နယ်လ်တီ အဆုံးအဖြတ်ဂိုး ၄ း ၃ ဖြင့်နိုင်ပြီး ပထမရသည်။

ယခု ဘရူနိုင်းဘုရင် ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့်  မြန်မာ ယူ-၁၉ အသင်းသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် အမှုဆောင်များ လက်ထက်တွင် တတိယအကြိမ်မြောက် ရွှေတံဆိပ်ရရှိသည့် မြန်မာဘောလုံးအသင်းပင် ဖြစ်သည်။

ဒီမိုကရေစီခေတ် အကူးအပြောင်းကာလ အစတွင် ပထမဆုံး ရွှေတံဆိပ် ဆွတ်ခူးနိုင်သည့် ဘောလုံးအသင်း ဖြစ်သည်။ ယင်းဘောလုံးအသင်းမှာ အလိုအလျောက် ပေါ်ပေါက်လာရသည့် အသင်းမဟုတ်ပါ။ စနစ်တကျ လေ့ကျင့်ပြုစု ပျိုးထောင်ခဲ့ရသည့်အသင်း ဖြစ်သည်။

မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်  ဘောလုံးအကယ်ဒမီ၊ ကြေးတန်းစား ဘောလုံးကလပ် အသင်းများနှင့် အားကစား သိပ္ပံများမှ လူငယ်လေးများကို အသက်မှအစ မှန်မှန်ကန်ကန် စနစ်တကျ ရွေးချယ်ပြီး ၂၀၁၂ ခုနှစ်လောက် ယင်းဘောလုံးသမားလေးများ ၁၇ နှစ်သားအရွယ်မှပင် လေ့ကျင့်ပေးထားခဲ့သည်။ အာရှတိုက်တခွင်သာမက ဥရောပတိုက် ဂျာမနီနိုင်ငံနှင့် ချက်နိုင်ငံတို့အထိ သွားရောက်ပြီး ခြေစမ်းပွဲများ၊ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

ဘောလုံးအဖွဲ့ချုပ်နှင့် သင်ဆိုင်ရာ အသင်းအဖွဲ့များက စနစ်တကျ ပံ့ပိုးကူညီမှုနှင့်အတူ ဘောလုံးသမားလေးများ၏ စည်းကမ်းသေဝပ်မှု၊ ကြိုးစားမှုတို့ကြောင့်သာ ယခုလို အောင်ပွဲရယူနိုင်ဖြစ်သည်။

ဗီယက်နမ်နှင့် နောက်ဆုံးဗိုလ်လုပွဲမှာ မြန်မာ ယူ-၁၉ အသင်း၏ ဇွဲ၊ စိတ်ဓာတ်၊ ကြိုးစားအားထုတ်မှုနှင့်အတူ ဘောလုံးစည်းကမ်း ဥပဒေများကို တိတိကျကျ လိုက်နာကစားသွားခဲ့သည်။ ဗိုလ်လုပွဲတွင် ဖြစ်လင့်ကစား မြန်မာအသင်းရော၊ ဗီယက်နမ်အသင်းပါ အဝါကဒ် တကြိမ်စီသာ အပြခံရခြင်းက နှစ်သင်းစလုံး၏ အားကစား စိတ်ဓာတ်ကို ပြသလိုက်ခြင်းပင် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်း၏ စိတ်ဓာတ်ကို မြန်မာဘောလုံးအသင်း အားလုံးနှင့်အတူ တချို့သော နည်းပြဆရာများ၊ အသင်းအုပ်ချုပ်သူများ အတုယူသင့်ကြသည်။

သွားရမည့် ရှေ့ခရီး

မြန်မာ ယူ-၁၉ အသင်း၏ အောင်မြင်မှုအပေါ်တွင် ကာလရှည်ကြာစွာ ယစ်မူးမနေသင့်ပါ။ မြန်မာဘောလုံး လောက၏ ရှေ့ဆက်လှမ်းရဦးမည့် ခရီးကား မနီးသေးပါ။ ခရီးအဝေးကြီးရှိနေဆဲ ဖြစ်ပါသည်။ ဆီးဂိမ်းတွင် ၁၉၇၇ -၂၀၁၃ အထိ ရွှေတံဆိပ်ရရှိခဲ့ခြင်း မရှိ၊ ယခင်က တိုက်ဂါး၊ ယခု ဆူဇူကီးဖလားတွင်လည်း ရွှေ၊ ငွေတို့နှင့် ဝေးနေဆဲဖြစ်သလို အာရှအားကစားပွဲတွင် ဝင်မပြိုင်ရသည်မှာ ကြာပြီဖြစ်၏။

ကမ္ဘာ့အိုလံပစ် ဝင်ခွင့်ကလည်း ခြေစစ်ပွဲအဆင့်မှာပင် တပ်ပြန်လန်ခဲ့ရသည်။ ကမ္ဘာ့ဖလား ဘောလုံးပွဲ အဝင်ကောင်းသဖြင့် အမေရိကန်ဒေါ်လာ သောင်းချီပြီး ဒဏ်ရိုက်ခံရသည်။ ၂၀၁၈ ကမ္ဘာ့ဖလား ဘောလုံးခြေစစ်ပွဲအတွက် အိမ်ကွင်း အပိတ်ခံထားရသည်။

ယခင် ၁၉၆၅ မှ ၁၉၇၅ ခုနှစ် ဆယ်နှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲကြီး နှစ်ရပ်မှာ ရွှေတံဆိပ် ၇ ဆုရသည်။ လူငယ်နှင့် ဖိတ်ခေါ်ပွဲများ ပေါင်းလျှင် ရွှေတံ ဆိပ် ၂၀ နီးပါးရှိသည်။ ယခု ၂၀ဝ၅ မှ၂၀၁၄ ခုနှစ် ၁၁ နှစ်အတွင်း ရွှေတံဆိပ်တဆုနှုန်း ဖြစ်နေသည်။

ဆက်လက်ယှဉ်ပြိုင်မည့် ဆီးဂိမ်းဂိမ်းပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲ၊ အိုလံပစ် အားကစားပြိုင်ပွဲများတွင် ယူ-၁၉ စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ပြီး ယူ-၁၉ လို အောင်မြင်မှုမျိုးရအောင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့်အတူ တာဝန်ရှိသူအားလုံးက ဘောလုံး ရှေ့ခရီးလမ်းတွင် အထူးကြိုးစားကြဖို့တော့ လိုနေသေးကြောင်းနှင့် အောင်ပွဲရ ဘောလုံးအသင်းကို ပြည်သူများက အားပေးလျက်ရှိပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading