အားကစား

သမိုင်းဝင် အောင်ဆန်းအားကစား ပြိုင်ဝင်း

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၁၉၅၃ ခုနှစ် ဒုတိယအကြိမ်မြောက် ကျင်းပသည့် တိုင်းနှင့်ပြည်နယ် ဘောလုံးပွဲမှာ မြန်မာအားကစား လော ကတွင် သမိုင်းသစ် စတင်ရေးထိုးခဲ့သည့် ဘောလုံးပြိုင်ပွဲ တပွဲပင် ဖြစ်သည်။

၁၉၅၂ ခုနှစ်တွင် ကျင်းပသည့် တိုင်းနှင့် ပြည်နယ် ဘောလုံးပြိုင်ပွဲ၊ နောက်ဆုံးဗိုလ်လုပွဲကို ၁၉၅၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်နေ့တွင် ကျင်းပခဲ့သည်။

ဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်ခဲ့ကြသည့် တနင်္သာရီတိုင်း နှင့် ကရင်ပြည်နယ် အသင်းတို့ မကစားမီတွင်၊ ထိုစဉ်က နိုင်ငံတော်သမ္မတကြီး ဒေါက်တာဘဦးက “ယခုအချိန်မှ စ၍ BAA ဟူသော အမည်ကို ပယ်ဖျက်ကာ အောင်ဆန်းအားကစား ပြိုင်ဝင်း အမည်သို့ ပြောင်းလဲသတ်မှတ် လိုက်သည်” ဟူ၍ ကြေညာ ခဲ့သည်။

သို့ဖြစ်ရာ အောင်ဆန်းအားကစားပြိုင်ဝင်း၏ သက်တမ်းပင်လျင် ၆၁ နှစ် (၁၉၅၃-၂၀၁၄) ရှိခဲ့ပြီဖြစ်ပြီး ယခင် BAA ကွင်း (Burma Athletic Association Ground – BAA) သက်တမ်းနှင့် ဆိုလျှင် အောင်ဆန်း အား ကစားပြိုင်ဝင်း၏ သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်ခဲ့ပြီ ဖြစ်သည်။

ဘောလုံးပွဲအစ

မြန်မာနိုင်ငံတွင် ဘောလုံးပြိုင်ပွဲများ ၁၈၉၆ ခုနှစ်တွင် ရှုံးထွက်ပြိုင်ပွဲများဖြင့် စတင်ခဲ့သည်ဟု မှတ်တမ်းများက ဆိုသည်။

ဘောလုံးပွဲများ စတင်ကျင်းပချိန်တွင် ကိုယ်ပိုင်ဘောလုံးကွင်း မရှိသေးပါ၊ ထိုစဉ်က မြင်းပွဲများ ပြုလုပ်သည့် မိုင်ဒါကွင်း (မြို့မကျောင်း၊ အထက ၂ ရှေ့ရှိကွင်း) ၌ မြင်းပွဲများ မရှိသည့် ရက်များတွင် ဘောလုံးပွဲများ ကျင်းပခဲ့ကြသည်မှာ ၁၈၉၈ ခုနှစ် အထိပင်ဖြစ်သည်။

ဘောလုံးပွဲများ အောင်မြင်လာသည်နှင့် အမျှ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက ကိုယ်ပိုင် ဘောလုံးကွင်း တကွင်း တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြသည်။

ထိုစဉ်က ယခု ဖဆပလ ရပ်ကွက်မှာ မြေလွတ်ကွင်းပြင်ကြီး မျှသာ ဖြစ်ပြီး၊ ဘောလုံးကွင်း ဆောက်မည့် နေရာတွင် ဒိုလီအဝတ်လျှော် ရေကန်ကြီးမျှသာ ရှိသည်။

ရန်ကုန်ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ထံမှ ရထားကျောက်သယ်တွဲများ အကူအညီ ရယူပြီး အဝတ်လျှော် ရေ ကန်ကြီး ကို စတင်မြေဖို့ ခဲ့ရသည်။

ဘောလုံးကွင်းမြေသားများ မြဲမြံမှု ရှိစေရန် နိုင်ငံခြားမှ သင့်လျှော်သော မြက်အမျိုးအစားကိုပင် ဝယ်ယူ စိုက်ပျိုးခဲ့သည်ဟု ဆိုသည်။

ထိုသို့နိုင်ငံခြား မြက်များ မစိုက်မီ ဘောလုံးကွင်း မြေကြီးများကို လှန်၍ မြေအောက်တွင်ရေခံမြောင်းများ တူးဖောက် ထားခဲ့သည်။

ဘီအေအေ ကွင်း၏ ထူးခြားချက်မှာ ဘောလုံးကွင်း နှစ်ကွင်း ပူးတွဲ ရှိနေခြင်းပင် ဖြစ်သည်။ ယခု အရှေ့ဘက် ပွဲကြည့်စင် ရှိရာ နေရာတွင် ယခင်က ဘောလုံးကွင်းရှိသည်။

ယခင်က ပင်မကွင်းကို အနီးကွင်းဟူ၍ လည်းကောင်း၊ ကွဲလျက် ရှိသော ကွင်းကို အဝေးကွင်း ဟူ၍ လည်း ကောင်း သတ်မှတ်ခဲ့ကြသည်။ ယင်း အဝေးကွင်း တွင် အငယ်တန်း ပြိုင်ပွဲများ ကျင်းပခဲ့သည်။

မြင်းပြိုင်ကွင်းမှ တဆင့် ဘီအေအေ ဘောလုံးကွင်း သို့ ၁၉၁၀ ပြည့်နှစ်တွင် ပြောင်းရွှေ့ခဲ့ပြီး ထိုနှစ်မှာပင် ဘောလုံးပွဲ များ ကျင်းပခဲ့သည်။

သို့ဖြစ်ရာ ဘီအေအေနှင့် နောက်ပိုင်း အောင်ဆန်းအားကစား ပြိုင်ဝင်း၏ သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော် (၁၉၁၀-၂၀၁၄) ခဲ့ပြီ ဖြစ်သည်။

ထိုနှစ်ပေါင်း ၁၀၀ ကျော် အတွင်း ဘီအေအေ သို့မဟုတ် အောင်ဆန်း အားကစား ပြိုင်ဝင်း၌ မြန်မာနိုင်ငံ၏ သမိုင်းတစိတ် တဒေသကို ရေးထိုးနိုင်ခဲ့သည်။

အင်္ဂလိပ် လက်အောက်ခံ နိုင်ငံဘဝတွင် အင်္ဂလိပ် ဘုရင်ခံသည် လည်းကောင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းသည် လည်းကောင်း ဘောလုံးပွဲများသို့ လာရောက်ကြည့်ရှု့ခဲ့ကြသည်။

လွတ်လပ်ရေးခေတ်

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးသည့် ၁၉၄၈ ခုနှစ် နောက်ပိုင်း အထူးသဖြင့် အောင်ဆန်း အားကစား ပြိုင်ဝင်း ခေတ်တွင် ဆိုဗီယက် ပြည်ထောင်စု၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံခေါင်းဆောင်များ အောင်ဆန်းအားကစား ပြိုင်ဝင်းအတွင်း လာရောက် ကြည့်ရှု အားပေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၁၉၆၁ ခုနှစ်တွင် အောင်ဆန်း အားကစားပြိုင်ဝင်းနှင့် ဒုတိယအကြိမ်မြောက် အရှေ့တောင် အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ကျင်းပခဲ့သည်။

ထိုပြိုင်ပွဲ ဖွင့်ပွဲသို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂူရီယံ တက်ရောက် ခဲ့သလို၊  ဆိုဗီယက် ပြည်ထောင်စု ခေါင်း ဆောင် များဖြစ်နှင့် ကူခါနင်တို့လည်း ၁၉၆၀ ပြည့်နှစ်များ အတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်စဉ် အောင်ဆန်းအားကစားပြိုင်ဝင်း၌ လူထုစည်းဝေးပွဲကြီး ကျင်းပခဲ့သည်။

တရုတ် ပြည်သူ့သမ္မတ နိုင်ငံဝန်ကြီးချုပ် ချောင်အင်လေးကလည်း အောင်ဆန်း အားကစား ပြိုင်ပွဲတွင် ကျင်းပခဲ့သည့် မြန်မာတရုတ် ချစ်ကြည်ရေး ဘောလုံးပွဲကို တက်ရောက် ကြည့်ရှု့အားပေးခဲ့သည်။

အမေရိကန် ပြည်ထောင်စု သမ္မတ ဂျွန်အက်(ဖ) ကနေဒီ၏ ယောက်ဖဖြစ်သူ ဆာဂျစ်ရှရီးဗား ကလည်း အောင်ဆန်းကွင်း ထဲမှာပင် ထိုစဉ်က ခေတ်စားခဲ့သော ငြိမ်းချမ်းရေးတပ် အကြောင်းကို ရှင်းလင်းတင်ပြ သွားခဲ့သည်။

ကမ္ဘာ့ချန်ပီယံများ

ထိုကဲ့သို့ နိုင်ငံခေါင်းဆောင်ကြီးများ သာမက အားကစားတွင်လည်း ကမ္ဘာ့အကျော်အမော် အားကစားချန်ပီယံများ သည် အောင်ဆန်း အားကစားပြိုင်ဝင်း အတွင်းတွင် မြန်မာ အားကစားသမားများနှင့် တွေ့ဆုံပြီး အားကစား နည်းပညာများ ဖြန့်ဖြူးခဲ့သည်။

ဗြိတိန်နိုင်ငံမှ ကမ္ဘာ့အိုလံပစ် တန်းကျော်ရွှေတံဆိပ်ရှင် လော့ဒ် ဘာဝလေသည် အောင်ဆန်း အားကစား ပြိုင်ဝင်း ထဲမှာပင် မြန်မာ အားကစား ခေါင်းဆောင်များ၊ မြန်မာအားကစား သမားများနှင့် သတင်းစာ ဆရာ များကို တွေ့ဆုံကာ အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ လှုပ်ရှားမှု အကြောင်းကို ဟောပြောဆွေးနွေး ခဲ့သည်။

ကမ္ဘာ့ အိုလံပစ် ပြိုင်ပွဲများတွင် မီတာ ၈၀၀ ပြေးပွဲ၌ ရွှေတံဆိပ် ၂ ကြိမ် ဆွတ်ခူးခဲ့သူ မားလ်ဝစ်ဖီး (အမေရိကန်) တုတ်ထောက်ခုန် ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ကြိမ် ရသူ ဘော့ရစ်ချဒ် (အမေရိကန်)၊ မီတာ ၁၀၀၊ ၂၀၀၊ ပြေးပွဲတွင် ရွှေတံဆိပ်ဆုရ ဒေးဗစ်ဆိုင်းမ်၊ ၁၉၅၂ ခုနှစ် ဖင်လန်နိုင်ငံ ဟဲလ်စင်ကီး အိုလံပစ်တွင် မီတာ ၅၀၀၀၊ မီတာ ၁၀၀၀၀ နှင့် မာရသွန်ပြိုင်ပွဲ တို့တွင် ပထမဆုရရှိခဲ့သည့် `ချက်´ တာဝေးပြေး သမားကြီး ဇာကို ပင်နှင့် သူ၏ဇနီး၊ ဟဲလ်စင်ကီး အိုလံပစ်မှာပင် အမျိုးသမီးလှှံတံပစ်ပွဲ၌ ရွှေတံဆိပ်ရသည့် အီမဲလ်ဇာ တိုပတ် တို့အပါအဝင် အောင်ဆန်းအားကစား ပြိုင်ကွင်းတွင် အားကစား စွမ်းရည်များ ပြသခဲ့ကြသည်။

ဘောလုံး

အောင်ဆန်းအား ကစားပြိုင်ဝင်းတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကမ္ဘာ့အိုလံပစ် ဘောလုံးခြေစစ်ပွဲများ ကျင်းပခဲ့သည်။
ထိုစဉ်က သံတမန် အဆက်အသွယ် မရှိသေးသည့် တရုတ်နှင့် အင်ဒိုနီးရှား၊ မြောက်ကိုရီးယားနှင့် ထိုင်း အသင်းတို့၏ ခြေစစ်ပွဲများကို FIFA က ကြားနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် ကစားစေခဲ့ရာ၊  မြန်မာနိုင်ငံ ကလည်း အိမ်ရှင်ကောင်း ပီသစွာ လက်ခံကျင်းပ ပေးခဲ့သည်။

မြန်မာနိုင်ငံ ပါဝင်သည့် ၄ နိုင်ငံ ဘောလုံးပြိုင်ပွဲ (မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် သီရိလင်္ကာ)၊ မြန်မာနိုင်ငံ ပါဝင်သည့် ၁၉၆၈ ခုနှစ် အာရှဖလား ခြေစစ်ပွဲ (မြန်မာ၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် ကမ္ဘော ဒီးယား)၊ မြန်မာနိုင်ငံ ပါဝင်သည့် မြူးနစ် ကမ္ဘာ့အိုလံပစ် ဘောလုံး ခြေစစ်ပွဲကို အောင်ဆန်း အားကစား ပြိုင်ဝင်းတွင် ၁၉၇၂ ခုနှစ် မတ် ၂၁ ရက်မှ ဧပြီ ၄ ရက် အထိ ကျင်းပခဲ့သည်။

မြန်မာ လက်ရွေးစင် ဘောလုံးအသင်းနှင့် အတူ အိန္ဒိယ၊ အစ္စရေး၊ အင်ဒိုနီးရှား၊ သီရိလင်္ကာနှင့် ထိုင်း အသင်း တို့ ပါဝင်ယှဉ်ပြိုင် ခဲ့ကြသည်။

မြန်မာလက်ရွေးစင် ဘောလုံးအသင်းက နောက်ဆုံးပွဲတွင် ထိုင်းအသင်းကို ၁း၀ ဂိုးဖြင့်နိုင်ကာ ခြေစစ်ပွဲ အောင်သည်။

ချစ်ကြည်ရေး

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး ချစ်ကြည်ရေး မိတ်ဆက် ဘောလုံးပွဲ လာကစားသည့် နိုင်ငံမှာ အိန္ဒိယနိုင်ငံ ဖြစ်သည်။

လာကစားသည့် ကလပ်အသင်းမှာ အိစ်ဘင်ဂေါလ် ကလပ်အသင်းနှင့် ဂျင်မခါနာ ဘောလုံးအသင်းတို့ ဖြစ်ကြသည်။

ထိုစဉ်က ဘီအေအေ ကွင်းတွင် ၁၉၄၈ ခုနှစ် အောက်တိုဘာလတွင် အိစ်ဘင်ဂေါလ် အသင်းနှင့် မြန်မာ လက်ရွေးစင် ဘောလုံးအသင်းတို့ နှစ်ပွဲကစားသည်။

ဂျင်မခါနာ ကလပ်အသင်းနှင့် ၃ ပွဲကစားပြီး၊  ဘောလုံးပွဲမစမီ ထိုစဉ်က ဝန်ကြီးချုပ် ဦးနု (ကွယ်လွန်သူ) က ဘောလုံးကွင်းထဲဆင်း၍ လက်ဆွဲနှုတ်ဆက်သည်။

အောင်ဆန်း အားကစားပြိုင်ဝင်း

၁၉၅၃ ခုနှစ်တွင် ဘီအေအေမှ အောင်ဆန်း အားကစားပြိုင်ဝင်းဟု ပြောင်းလဲ သတ်မှတ်ပြီးနောက် အောင် ဆန်း အားကစားပြိုင်ဝင်းတွင် ပထမဆုံး ဘောလုံးကစားခဲ့သည့် အသင်းမှာ ဂျပန်လက်ရွေးစင် ဘောလုံး အသင်းပင် ဖြစ်သည်။

၁၉၅၅ ခုနှစ် ဇန်နဝါရီလ အတွင်းတွင် မြန်မာလက်ရွေးစင် ဘောလုံးအသင်းနှင့် ချစ်ကြည်ရေး ဘောလုံးပွဲ ၃ ပွဲ ကစားသွားခဲ့သည်။

အာရှတိုက်မှ နိုင်ငံများ အပြင် ဥရောပတိုက်မှ ဆိုဗီယက် ပြည်ထောင်စု၊ ချက်ကိုစလို ဗေးကီးယား၊ ဟန်ဂေရီ နိုင်ငံတို့မှ ကလပ်အသင်းများ၊ ယူဂိုစလဗ် လက်ရွေးစင်အသင်း၊ အရှေ့ဂျာမနီ (အိုလံပစ်) အသင်း၊ အင်္ဂလန် (အိုလံပစ်) အသင်း၊ အီတလီ ယူ-၂၁ အသင်းတို့သည်လည်း အောင်ဆန်း အားကစားပြိုင်ဝင်းတွင် ချစ်ကြည် ရေး ဘောလုံးပွဲများ ကစားခဲ့ကြသည်။

အမေရိကန် ပြည်ထောင်စုမှ တိုနာနိဒါးလက်(စ) အပျော်တမ်း ဘောလုံးအသင်းပင် ပါဝင်ပြီး၊ အောင်ဆန်း အားကစား ပြိုင်ဝင်းတွင် ပထမဆုံး လာရောက်၍ ချစ်ကြည်ရေး ဘောလုံးကစားသည့် ဥရောပတိုက်မှ အသင်းမှာ ယူဂိုဆလဗ် လက်ရွေးစင် ဘောလုံးအသင်း ဖြစ်သည်။

၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နှင့် ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဒုတိယပွဲ ကစားခဲ့သည်။

ကလပ်အသင်း

အောင်ဆန်း အားကစား ပြိုင်ဝင်းတွင် ဥရောပတိုက်မှ ပထမဆုံး လာရောက်ကစားခဲ့သည့် ကလပ်အသင်းမှာ မော်စကို ရထားအသင်း ဖြစ်ပြီး၊ ၁၉၅၅ ခုနှစ် ဒီဇင်ဘာလတွင် လာရောက်ကစားခဲ့ခြင်း ဖြစ်သည်။

အောင်ဆန်း အားကစား ပြိုဝင်း၌ ကစားခဲ့သော ချစ်ကြည်ရေး ဘောလုံးပွဲသို့ ဝန်ကြီးချုပ် ဦးနု (ကွယ်လွန်)နှင့် အတူ ဆိုဗီယက်ခေါင်းဆောင်ကြီး ခရုရှက်ဖ် နှင့် ဝန်ကြီးချုပ် ကူခါနင်တို့ ကြည့်ရှုအားပေးကြသည်။

အခြား အားကစား

အောင်ဆန်း အားကစား ပြိုင်ဝင်းအတွင်းတွင် ဘောလုံးအားကစားနည်း အပြင် အခြားသော အားကစားနည်းများ ကိုလည်း ကျင်းပခဲ့သည်။

အာရှပစိဖိတ် လက်ဝှေ့ပြိုင်ပွဲ၊ အမေရိကန် ပြည်ထောင်စုမှ Holiday On Ice ရေခဲပြင် အက အဖွဲ့က အောင်ဆန်း အားကစား ပြိုင်ဝင်းအတွင်းမှ ဘောလုံးကွင်းကြီးအား ရေခဲပြင်အဖြစ် ပြောင်းလဲဖန်တီးပြီး ရေခဲပြင် အကများ တင်ဆက်ခဲ့သည်။

မြန်မာဘောလုံးအောင်ပွဲ

၁၉၆၁ ခုနှစ်တွင် အာရှလူငယ် ဘောလုံးပြိုင်ပွဲတွင် ပူးတွဲရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သည့် မြန်မာလူငယ် လက်ရွေးစင် ဘောလုံးအသင်းမှ စကာ ၁၉၇၃ ခုနှစ်အတွင်း အောင်ပွဲအလီလီ ရရှိခဲ့သည့် မြန်မာလက်ရွေးစင် ဘောလုံးအသင်း အားလုံးသည် အောင်ဆန်း အားကစား ပြိုင်ဝင်းအတွင်း နေထိုင်လေ့ကျင့်ခဲ့ကြပြီး
အောင်ပွဲအလီလီ ရရှိခဲ့ကြသည်။

ဤသည်တို့မှာ သမိုင်းဝင် အောင်ဆန်း အားကစား ပြိုင်ဝင်းကြီးအကြောင်း အကျဉ်းခြုံး၍ တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading